ကေဇင်ဦး
တရုတ်အစိုးရက သံထည်ဖြင့် ပြုလုပ်ထားသည့် အဆောက်အအုံများကို ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် လှူဒါန်းထားသော်လည်း ထိုအိမ်များကို ဒုက္ခသည်စခန်းများအတွက် အသုံးပြုမည်မဟုတ်ကြောင်း ပြည်နယ်အစိုးရ ၏ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က စက်တင်ဘာ ၅ ရက်တွင် ပြောသည်။
“အဆောက်အအုံတွေကကြီးလည်း ကြီးတယ်။ သံထည်တွေနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် ရခိုင်တစ်ပြည်နယ်လုံး က လိုအပ်တဲ့ အများပြည်သူနဲ့ဆိုင်တဲ့ အဆောက်အအုံတွေအတွက် အသုံးပြုသွားဖို့ ပြည်နယ်အစိုးရက ဆုံးဖြတ်ထား ပါတယ်” ဟု ဦးဝင်းမြိုင်က ဆိုသည်။
ထိုသံအိမ်များကို ဒုက္ခသည်စခန်းများအတွက် အသုံးမပြုဘဲ စာသင်ကျောင်းများ၊ ဆေးပေးခန်းများ၊ သဘာဝဘေး အန္တရာယ် ကာကွယ်သည့် အဆောက်အအုံများအတွက် အသုံးပြုသွားမည်ဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြသည်။
တရုတ်အစိုးရက သံထည်အိမ် ၁၅၀ လုံး လှူဒါန်းထားခြင်းဖြစ်ပြီး စက်တင်ဘာ ၄ ရက်တွင် ရခိုင်ပြည်နယ်သို့ အလုံး ၆၀ ရောက်ရှိခဲ့သည်။ ယင်းသံထည် အိမ်များမှာ အလျား ၂၅ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၁၈ ပေ နှစ် ထပ်အိမ်ဖြစ်သည်။
ထိုအိမ်များသည် သံမဏိ၊ သံထည်များဖြင့် တည်ဆောက်ထားပြီး ယခင်က ဒုက္ခသည်များနေထိုင်ရန် ရည်ရွယ်ဆောက် လုပ်မည်ဖြစ်ပြီး ထိုသို့ပေးအပ်သည့်အနက် ဘင်္ဂါလီဒုက္ခသည်များကို ဦးစားပေးမည်ဟု ဒေသခံ လူထုအကြားကောလာဟလများ ထွက်ပေါ်နေသည်ကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက ငြင်းဆိုသည်။
“ဒုက္ခသည်တွေအတွက် လှူတယ်ဆိုရင် လူမျိုးစုတစ်ခုနဲ့ တစ်ခုအမြဲအငြင်းပွားကြတယ်” ဟု သူက မှတ်ချက်ပြုသည်။
တရုတ်မှ လှူဒါန်းထားသောအိမ်များသည် တစ်လုံးလျှင် ရန်ကုန်မှစစ်တွေမြို့သို့ သယ်ယူစရိတ် ကျပ် ၃၂ သိန်းခန့် ကုန်ကျသည်ဟုလည်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်မှ ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအားလုံး ယခုနှစ်မိုးရာသီမကုန်မီ အမိုးအကာအောက် ရောက်ရှိ ရန် ရခိုင်ပြည်နယ်အစိုးရနှင့် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) တို့ ပူးပေါင်း၍ အိမ်ထောင်စုဆယ်စုနေထိုင်နိုင်သည့် တန်းလျား ၁၅၀၀ ကျော် တည်ဆောက်မည်ဟု ပြည်နယ် အစိုးရအဖွဲ့က သြဂုတ်လဆန်းက ပြောကြားထားသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများကြောင့် အိုးအိမ်မဲ့သွားသည့် ဒုက္ခသည်တစ်သိန်းကျော်ရှိပြီး ၎င်းတို့အနက် လူဦးရေ ရှစ်သောင်းကျော်မှာ ဘင်္ဂလီဒုက္ခသည်များဖြစ်ပြီး သုံးသောင်းကျော်မှာ ရခိုင်တိုင်ရင်းသားဒုက္ခ သည်များဖြစ်သည်။နေအိမ်ပျက်စီးဆုံးရှုံးမှု မရှိသော်လည်း ပဋိပက္ခများကြောင့် အလုပ်အကိုင်မဲ့သွားသည့် ဘင်္ဂါလီခုနစ်သောင်းခန့်ကို လည်း ပြည်နယ်အစိုးရက တာဝန်ယူထားသည်။
ထိုဒုက္ခသည်များအတွက် နိုင်ငံတကာအဖွဲ့အစည်းများက လှူဒါန်းငွေနှင့် ဗဟိုအစိုးရက ပြည်နယ်အစိုးရထံ ခွဲဝေပေးသည့် ငွေကျပ်သိန်းပေါင်း ငါးသောင်းရှိပြီး ထိုငွေအများစုကို ဒုက္ခသည်စခန်း ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုထားကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ရှင်းလင်းထားသည်။
No comments:
Post a Comment