Tuesday, September 10, 2013

လယ်သိမ်းခံရမှု ပုသိမ်ကြီးတောင်သူများ လေးကြိမ်တိုင်အသနားခံစာတင်သော်လည်း အကြောင်းမပြန်

နေမျိုး

သိမ်းဆည်းခံထားရသည့် လယ်မြေများကို ပြန်လည်ရရှိရေးအတွက် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ လယ်သမားများက ၀န်ကြီးဌာန၁၁ခုထံ အသနားခံစာတင်သည်မှာ လေးကြိမ်တိုင်ရှိပြီဖြစ်သော်လည်း တစုံတရာ အကြောင်းမပြန်ကြောင်း ကာယကံရှင်များကဆိုသည်။

အဆိုပါလယ်မြေများကို သိမ်းဆည်းထားသည်မှာ နှစ် ၅၀ နီးပါးပင်ရှိပြီဖြစ်ပြီး စုစုပေါင်း ၂၀၄ ဧကကျော်ရှိကြောင်း လယ်သမားများတင်ပြထားသည့် အသနားခံစာတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။ လယ်သမားများသည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီက ပထမဆုံးအသနားခံစာကို တင်ပြခဲ့ခြင်းဖြစ်သည်။

လယ်မြေများသည် “ပြေစာမထွက်ဘူး။ ခုတ်ထွင်ရှင်းလင်းပြီး တည်တဲ့လယ်မြေပါ။ တိုင်းမွေးမြူရေးခြံက သိမ်းတယ် ဆိုပြီး သိမ်းတာလေ” ဟု အသနားခံစာတင်ခဲ့သည့် လယ်သမားကိုဇော်မြင့်ကဆိုသည်။

ပုသိမ်ကြီးမြို့နယ်၊ ဆယ့်နှစ်ကုန်းရွာ အုပ်စုအနီးရှိ ထိုလယ်မြေများအချို့ပေါ်တွင် လက်ရှိအချိန်၌ အစိုးရ၏ စိုက်ပျိုးမွေးမြူရေးခြံအဖြစ် လုပ်ကိုင်လျှက်ရှိပြီး ပိုလျှံနေသော လယ်မြေ ၁၅၀ ဧကခန့်ကိုလည်းအခကြေး ငွေဖြင့် သီးစားချ ထားကြောင်း ဒေသခံလယ်သမားများက ပြောသည်။

ထိုလယ်မြေများကို မူလကပိုင်ဆိုင်ခဲ့သည့် တောင်သူလယ်သမား ၂၃ ဦးရှိပြီး ၎င်းတို့ကို မှီခိုနေသူ ၁၁၀ ဦးလည်းရှိကာ လက်ရှိတွင် သူတို့သည် စားဝတ်နေရေးအ ခက်အခဲရှိနေသည်ဟု ၀န်ကြီးဌာနကို တင်ပြသည့် အသနားခံစာတွင် ပါရှိသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ မန္တလေးတိုင်းစည်းရုံးရေးမှူး ဦးမြင့်ဦးက ထိုလယ်သမားများကို ကူညီဆောင်ရွက်ပေးနေသည်။

ထိုလယ်မြေများအရေးကိစ္စကို “အခုမန္တလေးတိုင်းမှာ လယ်ယာမြေစုံစမ်းစစ်ဆေး ရေးကော်မရှင် ဦးအောင်သိန်းထွန်း၊ ဦးအောင်ခိုင်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ရယ် သုံးပွင့်ဆိုင်ဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်ပေးမယ် လို့ ပြောတယ်” ဟု သူကရှင်းပြသည်။

No comments: