Sunday, September 22, 2013

ရခိုင် ၁၇ မြို့နယ်မှ ကိုယ်စားလှယ်များကို လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက တွေ့ဆုံရန် ဖိတ်ကြား

နိရဉ္စရာ

ရခိုင်ပြည်နယ် ၁၇ မြို့နယ် မှ လူထု ကိုယ်စားပြု ခေါင်းဆောင်များနှင့် ရန်ကုန် ရခိုင်လူမူ အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ရန်ကုန်တွင် တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း သတင်း ရရှိသည်။

စစ်တွေမြို့နယ် ကိုယ်စားပြု တက်ရောက်မည့် ဦးသန်းထွန်းက တမြို့နယ်ကို သုံးဦးကျစီဖြင့် ဖိတ်ကြားထားခြင်း ဖြစ်ပြီး ဆွေးနွေးပွဲကို ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုခန်းမ ( IBC) တွင် စက်တင်္ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ပြောဆိုသည်။

ယင်းအပြင် တွေ့ဆုံပွဲတွင် ဆွေးနွေးရန် ခေါင်းစဉ်ကြီး (၃) ခု ရှိပြီး ရခိုင်ပြည်နယ် အတွက် အရေးကြီးကြောင်း သူက ယခုလို ပြောဆိုသည်။

“ တွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးမယ့် ခေါင်းစဉ် (၃) ခုပါလာတာကို တွေ့ရပါတယ်။ နံပတ်တစ်ကတော့ ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ ခေါင်းစဉ် တစ်ခု ပါတယ်။ နောက် ဒုတိယ ခေါင်းစဉ်က ရခိုင်ပြည်နယ် လျှပ်စစ်ဓါတ်အားကဏ္ဍနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍဆိုတဲ့ ခေါင်းစဉ် တစ်ခု ပါတယ်” ဟု ၎င်းက ပြောသည်။

တတိယ ခေါင်းစဉ်အောက်တွင် ရခိုင်ပြည်နယ်ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်လူငယ်များ စွမ်းရည်မြင့်တင်ရေးဆိုသော ခေါင်းစဉ်များ ပါဝင်သည်ဟု ဦးသန်းထွန်းက ဆိုသည်။

စစ်တွေကိုယ်စားလှယ်များ အနေဖြင့် ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စကို အလေးပေးတင်ပြမည် ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ကဏ္ဍနှင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး ကဏ္ဍကိုလည်း ဆွေးနွေးမည်ဟု ဆိုသည်။

လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၏ ဖိတ်ကြားပြီးနောက်ပိုင်း ရခိုင်ပြည်နယ် မြို့နယ်များတွင် တက်ရောက်မည့် ကိုယ်စားလှယ်များကို စတင် ရွှေးချယ်နေကြပြီ ဖြစ်သည်။

မြောက်ဦးမြို့နယ် အတွက် ကိုယ်စားလှယ် (၃) ဦးကို ရွှေးချယ်ခဲ့ရာ ထိုအထဲတွင် ဆရာကြီး ဦးဦးမြသာ၊ ဦးဦးမောင်သန်းနှင့် လူငယ် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုနှင်းထွန်းတိုးတို့ ပါဝင်သည်ဟု မြောက်ဦး ဒေသခံ ကိုမင်းဏီက ပြောသည်။

ယင်းပြင် သူရ ဦးရွှေမန်းနှင့် တွေ့ဆုံစဉ် တင်ပြမည့် စာတန်းကိုလည်း မြောက်ဦးဒေသခံတို့ စုပေါင်း ရေးသားနေကြပြီ ဖြစ်သည်ဟု ဆိုသည်။

မြို့နယ် ကိုယ်စားပြု ကိုယ်စားလှယ်များကို ရွှေးချယ်ရာတွင်လည်း အများအကျိုး အတွက် အနစ်နာခံပြီး လူမူရေး အကျိုးပြု လုပ်ငန်းလုပ်နေသူများ၊ မြို့နယ် တစ်ခုလုံးက လေးစားကြည်ညိုသူများကိုသာ အလေးပေးရွှေးချယ်ကြောင်း သိရသည်။

လွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် တွေ့ဆုံရာတွင် ပါဝင်မည့် ရခိုင်သဟာယ အသင်းမှ ခေါင်းဆောင် တစ်ဦးကို ဆက်သွယ်မေးမြန်းရာ သူတို့ အနေဖြင့် တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် စီးပွားရေး၊ လူမူရေး အပါအ၀င် ဘက်ပေါင်းစုံမှ အနိမ့်ဆုံး အဆင့်ရောက်နေသော ရခိုင်ပြည်နယ် ကိစ္စကို ဆွေးနွေး တင်ပြမည်ဟု ဆိုသည်။

“ အဓိကတော့ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲမှာ သဘာဝ သယံဇာတတွေ အထူး ပေါကြွယ်ဝတဲ့ ပြည်နယ် တစ်ခု ဖြစ်ပေမယ့် အဘက်ဘက်မှာ နိမ့်ကျနေတယ်။ အရင်ကတော့ မြန်မာနိုင်ငံမှာ တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်တယ်လို့ သိရတယ်။ အခုတော့ ချင်းပြည်နယ်ထက်တောင် အောက်ကို ရောက်သွားပြီလို့ သိရပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လွှတ်တော် ဥက္ကဌနဲ့ တွေ့တဲ့ အခါ တင်ပြသွားဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

ယခု လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ ရခိုင်ဒေသ ခေါင်းဆောင်များကို တွေ့ဆုံရန် ဖိတ်ကြားမူမှာ ပထမဆုံး အကြိမ် ဖြစ်ပြီး ထူးခြားမူလည်း ရှိနေသဖြင့် ရခိုင် ဒေသ ခေါင်းဆောင်များက အကောင်းဘက်က မျှော်လင့်နေကြသည်ဟု သိရသည်။

လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းမှာ အစိုးရ အဖွဲ့ထဲမှ တာဝန်ရှိသူ တစ်ဦး မဟုတ်သော်လည်း ရခိုင်ပြည်နယ် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လွှတ်တော်၏ လုပ်ပိုင်ခွင့်များကို အသုံးပြုပြီး အစိုးရကို ဖိအားပေး ဆောင်ရွက်နိုင်ကြောင့် နိုင်ငံရေး လေ့လာ အကဲခတ်သူများက ပြောဆိုသည်။

No comments: