Saturday, September 7, 2013

မီဒီယာဖွံ့ဖြိုးရေး ထိုင်းနှင့် မြန်မာသတင်းစာဆရာများ ပူးပေါင်းလုပ်ဆောင်မည်

ဟင်္သာနီ (မွန်မြေ)

သတင်းမီဒီယာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံမှသတင်းစာဆရာများ ပူးပေါင်း လုပ်ဆောင်ကြရန် နှစ်နိုင်ငံသတင်းစာဆရာများ အသင်းနှစ်ခုကြား နားလည်မှုစာချွန်လွှာတစ်ခု စက်တင် ဘာ ၄ ရက်က လက်မှတ် ရေးထိုးလိုက်ကြသည်။

ထိုနားလည်မှုစာချွန်လွှာတွင် သဘောတူညီချက် ခုနစ်ချက်ပါဝင်ကြောင်း ထိုင်း သတင်းစာဆရာများအသင်း (TJA) ရုံးမှ အရာရှိ မစ္စတာဖိရဖာဒ်က မဇ္ဈိမကိုပြောကြားခဲ့သည်။

“ဒါက သမိုင်းတစ်လျှောက်မှာ ပထဆုံးအကြိမ်ဖွင့်လှစ်နိုင်ခဲ့တဲ့ နှစ်နိုင်ငံသတင်းစာ ဆရာတွေအကြား ကူးလူးဆက်ဆံမှု တစ်ခုလည်း ဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။

မြန်မာသတင်းစာဆရာများအသင်း (MJA) နှင့် ထိုင်းသတင်းစာဆရာများအသင်း (TJA) တို့အကြား သဘောတူ လက်မှတ်ရေးထိုးလိုက်သည့် အချက်များတွင် နှစ်နိုင်ငံမှ သတင်းစာများအချင်းချင်းအတွေးအမြင်၊ ဗဟုသုတ၊ ထင်မြင်ချက်နှင့် အတွေ့အကြုံများ နှစ်စဉ်မျှဝေရန်၊ နှစ်နိုင်ငံလုံးမှ သတင်းစာဆရာများ သတင်းပညာရပ် ပိုမို တတ်ကျွမ်းလာစေရန် သင်ကြားရေးအစီအစဉ်များ ပူးပေါင်းဆောင်ရွက်ရန်လည်း ပါဝင်သည်။

ထိုနားလည်မှုစာချွန်လွှာရေးထိုးရန် မြန်မာသတင်းစာဆရာများအသင်း (MJA) ၏နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဦးအောင်လှထွန်း ခေါင်းဆောင်သောအဖွဲ့ကို ထိုင်းသတင်းစာဆရာများအသင်း (TJA)၏ ဥက္ကဋ္ဌ မစ္စတာပရာဒစ် ဦးဆောင်သော အသင်းအမှုဆောင်အဖွဲ့က ၎င်းတို့နိုင်ငံသို့ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာသတင်းစာဆရာများအသင်းမှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံသို့ရောက်ရှိနေစဉ် ထိုင်းရာဒ်နေ့စဉ် သတင်းစာ၊ ထိုင်းပြည်သူ့ ၀န်ဆောင်မှုရုပ်သံဌာနတို့ကိုလည်း လေ့လာခဲ့ကြသလို ထိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့်လည်းတွေ့ဆုံခဲ့ကြသည်။

၎င်းနားလည်မှု စာချွန်လွှာရေးထိုးပွဲ အားမြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA) မှ တွဲဖက်အတွင်းရေးမှူး ဦးမျိုးမင်းထိုက်၊ ဦးကျော်စွာမင်း၊ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ဦးအောင်လှထွန်း၊ အလုပ်အမှုဆောင်အဖွဲ့များဖြစ်သည့် ဦးဇော်သန်း၊ ဦးရဲမင်းဦးတို့ ငါးဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်ခဲ့ကြသူများသည် စက်တင်ဘာ ၆ ရက်တွင် ပြန်ရောက်မည်ဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ MJA သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မဇ္ဈိမမှ အဆက်အသွယ်မရခဲ့ပေ။

No comments: