Tuesday, September 17, 2013

နိုင်/ကျဉ်းစာရင်းတွင် မတရားသင်းဖြင့် အကျဉ်းကျသူ အယောက် ၅၀ ထပ်မံထည့်သွင်း

နန်းလွင်နှင်းပွင့် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၃

မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ပုဒ်မဖြင့် အကျဉ်းကျခံနေရသူ အယောက် ၅၀အား နိုင်ငံအရေးအကျဉ်းသား စာရင်းတွင် ထည့်သွင်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အကြောင်းကြားလာသဖြင့် စက်တင်ဘာလတွင် ထပ်မံထည့်သွင်းလိုက်ကြောင်း နိုင်/ကျဉ်းစိစစ်ရေးကော်မတီမှ ဦးရဲအောင်က မဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ စိစစ်ရေးကော်မတီကတော့ ရလာတဲ့နောက်ထပ်လူဦးရေ ၅၀ ၀န်းကျင်ကို စိစစ်ပြီးစာရင်းတွေ ထပ်ဖြည့်ထားပါပြီ။ ဒီထဲမှာ အကုန်လုံးက ပုဒ်မ ၁၇/၁ နဲ့ကျတဲ့သူတွေချည်းပဲဆိုသလို အခြားပုဒ်မတွဲတွေလည်း ပါပါတယ်။ သူတို့တွေက အဖွဲ့အစည်းတွေထဲက မဟုတ်ဘူး။ အဖွဲ့နဲ့ဆက်သွယ်လို့ မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ အကျဉ်းကျခံရသူတွေပါ” ဟု နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် ဦးရဲအောင်ကပြောသည်။

နိုင်/ကျဉ်းစိစစ်ရေးကော်မတီက အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားအားလုံး ၁၂၂ ဦးရှိသည်ဟု ဆိုကာ သြဂုတ်လ ၃၀ ရက်ကစာရင်းပိတ်ခဲ့သည်။ ယခုထပ်မံထည့်သွင်းသော အယောက် ၅၀ သည် ထို ၁၂၂ ဦးနှင့် သက်ဆိုင်ခြင်းမရှိဘဲ တိုးချဲ့စာရင်းများသာ ဖြစ်သည်ဟုလည်း ဦးရဲအောင်က ဆိုသည်။

ထိုအယောက် ၅၀ သည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှ လားရှိုး၊ သီပေါ၊ ကျိုင်းတုံနှင့် ဗန်းမော်အကျဉ်းထောင် များတွင် အကျဉ်းကျနေပြီး အများစုမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရှမ်းပြည် လွတ်မြောက်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)- RCSS/SSA နှင့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSA-N တို့နှင့် ဆက်သွယ်သည်ဟုဆိုကာ အကျဉ်းချခံရသူများဖြစ်သည်ဟု ဆိုသည်။

နိုင်/ကျဉ်းစိစစ်ရေးကော်မတီ၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၃၀ ရက်ကပြုလုပ်ခဲ့သော အစည်းအဝေးတွင် အာဏာပိုင်များဘက်မှ ပုဒ်မ ၁၇/၁ နှင့် အကျဉ်းကျနေသူများကိုဦးစွာ ပြန်လွှတ်ပေးရန် စီစဉ်နေ သည်ဟု ပြောဆိုထားပြီးဖြစ်သည်။ နိုင်ကျဉ်းစိစစ်ရေးကော်မတီသည် ၀န်ကြီးဦးစိုးသိန်း ခေါင်းဆောင်ကာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ ပုဂ်္ဂိုလ်များပါ ၀င်ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်။

နိုင်/ကျဉ်းစိစစ်ရေးကော်မတီ၏စာရင်းတွင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပါဝင်ရန်နှင့် ထိုသူများအားလုံး လွတ်မြောက်လာစေရန် စိစစ်လျက်ရှိသော်လည်း အစိုးရဘက်မှ နိုင်/ကျဉ်းစာရင်းများ စိစစ်ရာတွင်ကူညီမှု နည်းနေခြင်း၊ နိုင်ငံရေးအကျဉ်းသားများအား တစ်ဖွဲ့ချင်းစီသာ လွှတ်ပေးလိုခြင်းကြောင့် ယခုနှစ်ကုန်တွင်နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်နိုင်ဦးမည်မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်မှ ဦးသက်ဦးက သုံးသပ်ပြောကြားသည်။

နိုင်/ကျဉ်းစိစစ်ရေးကော်မတီ၏ ယနေ့အထိ ကောက်ယူရရှိထားသည့် စာရင်းများမှာ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော်ရှိပြီး နိုင်ကျဉ်းများထပ်မံလွတ်မြောက်လာစေရန် အစိုးရသို့ စာရင်းတင်ပြရန် စက်တင်ဘာလကုန်ပိုင်းတွင် သတ္တမအကြိမ် ထပ်မံတွေ့ဆုံဦးမည် ဖြစ်သည်။

No comments: