Tuesday, September 3, 2013

ကုလအထူးကိုယ်စားလှယ် ရခိုင်ရောက်ရှိစဉ် သိမ်းဆည်းခံ မြေများပြန်ရရှိရေး ငပလီတွင် တစ်ကိုယ်တော်ဆန္ဒပြ

သိန်းလှိုင် | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၃ ရက် ၂၀၁၃

အာဏာပိုင်များနှင့် လုပ်ငန်းရှင်ကြီးများသိမ်းဆည်းထားသောမြေများကို မူလပိုင်ရှင်များ ပြန်လည်ရရှိရေးအတွက် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ငပလီရွာတွင်စက်တင်ဘာ ၂ ရက်က လူတစ်ဦး တစ်ကိုယ်တော် ဆန္ဒပြခဲ့ကြောင်း ရခိုင်လူမှုကွန်ရက်မှ ဦးမြင့်မိုးက ပြောသည်။

ဆန္ဒပြသူမှာ သံတွဲမြို့တွင် ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုဖြင့် နှစ်ကြိမ်တိုင်တိုင် တရားစွဲခံထားရသူ ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုစောဝေဖြစ်ပြီး၊ သူသည် သိမ်းဆည်းခံထားရသည့်မြေများ ပြန်လည်ရရှိရေးအတွက် တတိယအကြိမ်မြောက် တစ်ကိုယ်တော်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ကိုစောဝေဆန္ဒပြသည်မှာ သံတွဲမြို့သို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဗီးယား ရောက်ရှိသည်နှင့် လည်း တိုက်ဆိုင်နေသည်။

ဆန္ဒမပြမီနာရီပိုင်းခန့်အလို၌ ကိုစောဝေကို မဇ္ဈိမကဆက်သွယ်မေးမြန်းခဲ့ရာတွင် “အခုသံတွဲမှာ မစ္စတာနမ်ဗီးယားရောက်နေတယ်။ သူလေဆိပ်ကိုပြန်ဆင်းတဲ့အခါ ဆန္ဒပြဖို့ ကျွန်တော်စောင့်နေတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြောင်းနေတယ် အော်ပေးနေကြတဲ့အချိန်မှာ ပြည်သူတွေပိုင်တဲ့မြေတွေ မတရားသိမ်းထားဆဲ ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂ အကြံပေးကြီး သိသွားစေချင်လို့ပါဗျာ” ဟု ပြောကြားခဲ့သည်။

ကိုစောဝေကို “ရဲက ကားနဲ့ ဖမ်းခေါ်သွားခဲ့တယ်။ လောလောဆယ်တော့ ပြန်လွတ်မလာသေးဘူးဗျ” ဟု လည်း ဦးမြင့်မိုးက ဆိုသည်။

ယခုဆန္ဒပြပွဲမှာလည်း ယခင်အမှု (ပုဒ်မ ၁၈ ဖြင့် စွဲထားသောအမှု) ရုံးချိန်းကို ခွင့်ယူ၍လာခဲ့ခြင်းဖြစ်သည်ဟုလည်း ကိုစောဝေက မဇ္ဈိမကိုပြောခဲ့သည်။

မစ္စတာနမ်ဗီးယားမှာ နံနက် ၉ နာရီတွင် သံတွဲသို့ရောက်ရှိလာပြီး၊ နေ့လယ် ၁၂ နာရီခန့်တွင် ပြန်လည်ထွက်ခွာ သွားခဲ့သည်။ သူသည် သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ ခရိုင်နှင့်မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများ၊ နှစ်ဖက် ဘာသာရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သေးသည်။

ထိုသို့တွေ့ဆုံရာတွင် “မတူကွဲပြားသည့် ဘာသာများအကြားတွင် ငြိမ်းချမ်းစွာ အတူနေနိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုမှာအရှိန် ရနေလောက်ပြီဖြစ်သဖြင့် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက ၀ိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်း လိုကြောင်း” ပြောကြားခဲ့သည်။

No comments: