Tuesday, September 24, 2013

ဂျောင်းဇာတ်ကား၌ အဓိက ပါဝင်သူများ၏ ဗီဒီယို ဇာတ်ကားများ ပြသခွင့်ကို မင်းပြားမြို့နယ်တွင် ပိတ်ပင်

နိရဉ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ဂျောင်းဇာတ်ကား၌ ပါဝင်သော ဒါရိုက်တာ၊ ဇာတ်ညွှန်းရေး ဆရာ၊ သရုပ်ဆောင်များ၏ ဇာတ်ကားများကို မပြသရန် တားမြစ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

စက်တင်္ဘာလ ၂၁ ရက်နေ့က မင်းပြားမြို့ ဓမ္မာရုံတွင် ပြုလုပ်သော လူမူ အဖွဲ့ပေါင်းစုံမှ ကိုယ်စားလှယ် ၅၈ ဦးတက်ရောက်ခဲ့သည့် အစည်းအဝေးမှ ထိုသို့ ဆုံးဖြတ်ချက်ချကာ တားမြစ်လိုက်ခြင်း ဖြစ်ကြောင်း လူမူ အဖွဲ့အစည်းတစ်ခု၏ တာဝန်ခံ တစ်ဦး ဖြစ်သူ ဦးသင်္ခါကျော်က နိရဉ္စရာသို့ ပြောကြားသည်။

ဂျောင်းဇာတ်ကားကိုသာမက ဂျောင်းဇာတ်ကား ထုတ်လုပ်သည့် ဂျော်လီဆွေနှင့်သားများ ဗွီဒီယိုထုတ်လုပ်ရေး လုပ်ငန်း၊ ဒါရိုက်တာ နေပိုင်၊ ဇာတ်ညွန်းရေးဆရာ သည်ခေတ်နေ၊ သရုပ်ဆောင် မြင့်မြတ်နှင့် အရိုင်း တို့ ပါဝင်သည့် မည်သည့် ဗီဒီယို ဇာတ်ကားကို မဆို မင်းပြားမြို့နယ်တွင် မပြသရန် တားမြစ် ပိတ်ပင် လိုက်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ ကျွန်တော်တို့က စာထုတ်ပြီး ဂျောင်းဇာတ်ကားမှာ အဓိကနေရာက ပါဝင်တဲ့ သရုပ်ဆောင်တွေ အပါအ၀င် ဗီဒီယို ထုတ်လုပ်ရေး၊ ဒါရိုက်တာ၊ ဇာတ်ညွန်းရေးဆရာတွေပါဝင်တဲ့ ဘယ်ဇာတ်ကားကိုမှ မပြသရ၊ ဆိုင်ပေါ် မတင်ရဆိုပြီး တားမြစ်လိုက်တာ ဖြစ်ပါတယ်။ ဒီလ ၂၁ ရက်နေ့က ကျေညာချက် တစ်စောင် ထုတ်ပြန်ပြီး ပိတ်ပင် တားမြစ်လိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ မင်းပြားမြို့နယ်တွင် တားမြစ်ရခြင်းမှာ အဆိုပါ ဇာတ်ကားသည် ရခိုင်အမျိုးသားများ အပေါ် လူမူရေးအရ စော်ကားသည်ဟု ယူဆ၍ ဖြစ်ကြောင်း ဦးသင်္ခါကျော်က ဆက်ပြောသည်။

“ သူတို့က စီးပွားရေး လုပ်တာမှာ လူမျိုးရေး အရ စော်ကားတာမျိုးကိုတော့ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ ကျွန်တော်တို့ လူမျိုးကို သူတို့ စီးပွားရေး လုပ်တဲ့နေရာ စော်ကာထားတာကို ကျွန်တော် အပါအ၀င် ရခိုင်အမျိုးသားတွေက မခံမရပ် နိုင်ဖြစ်နေကြတဲ့ အတွက် ဒီလို အရေးယူဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ် စောစောပိုင်းက ရိုက်ကူးပြီး များမကြာမီက ထုတ်လုပ် ဖြန့်ချီ ပြသခဲ့သော ဂျောင်းဇာတ်ကားတွင် သရုပ်ဆောင် မြင့်မြတ်နှင့် ဦးယဉ်ကျေးအဖြစ် သရုပ်ဆောင်သော အရိုင်းတို့၏ အပြန်အလှန် စကားပြေားရာတွင် ဦးယဉ်ကျေး မိန်းမ ရခိုင်အမျိုးသမီးနဲ့ ဘင်္ဂလီနဲ့ဆော်ကုန်ပြီနဲ့ တူတယ်ဆိုသော စကားကို အနည်းဆုံး နှစ်ကြိမ်ခန့် သုံးနုန်းထားသည်ဟု သိရသည်။

ထိုသို့ သုံးနုန်းထားခြင်းအပေါ် ရခိုင်အမျိုးသားများက မခံရပ်နိုင်ဖြစ်ကာ အဆိုပါ ဇာတ်ကားနှင့် ပတ်သက်ပြီး ကန့်ကွက်ခဲ့ကြသည်။

ထိုသို့ ကန့်ကွက်ပြီးနောက်ပိုင်း ဇာတ်ကား ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ အပါအ၀င် သရုပ်ဆောင်များက အဆိုပါ ဇာတ်ကားနှင့် ပတ်သက်ပြီး တရားဝင် လူသိရှင်ကြား တောင်းပန်ခဲ့ကြသည်။ ထိုသို့ သက်ဆိုင်သူများက တရားဝင် တောင်းပန်ထားပြီး ဖြစ်ပါသဖြင့် ကျေအေးရန် မဖြစ်နိုင်ဘူးလားဟု မေးမြန်းရာ ဦးသင်္ခါကျော်က ယခုလို ပြောကြားသည်။

“ ကျွန်တော်တစ်ယောက်တည်း အနေနဲ့တော့ ကျေအေးလို့ မရဘူး။ ဒါက ရခိုင် တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တယ်။ သူတို့ တောင်းပန်လို့ ရခိုင် တမျိုးသားလုံးခွင့်လွှတ်တယ်ဆိုရင် ကျွန်တော်တို့လည်း ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမယ့် အခု ဘယ်ရခိုင်အဖွဲ့အစည်းကမှ ခွင့်လွှတ်တယ်လို့ ပြောဆိုတာ မရှိသေးတဲ့ အတွက် ကျွန်တော်တို့က ခွင့်လွှတ်တယ်လို့ ပြောလို့ မဖြစ်နိုင်ပါ” ဟု သူက ဆက်ပြောကြားသည်။

မင်းပြားမြို့ လူမှုအဖွဲ့အစည်းများမှ “ ဂျောင်းဗွီဒီယိုဇာတ်ကား” နှင့် ပတ်သက်၍ စက်တင်္ဘာလ ၂၁ ရက်နေ့က သဘောထား ကြေငြာချက် တစ်ခုကို ထုတ်ပြန်ခဲ့သည်။

ကြေငြာချက်ထဲတွင် မင်းပြားမြို့ပေါ်ရှိ ခွေအဌားဆိုင်များ၊ ခွေအရောင်း ဆိုင်များနှင့် ဗွီဒီယိုရုံများ တွင် ဂျော်လီဆွေနှင့်သားများ ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် မည်သည့်ခွေကိုမှ လည်းကောင်း၊ ဒါရိုက်တာနေပိုင် ရိုက်ကူးသည့် အခွေများကို လည်းကောင်း၊ ဇာတ်ညွန်းရေး ဆရာ သည်ခေတ်နေ ရေးသည့် အခွေများကို လည်းကောင်း၊ သရုပ်ဆောင် မြင့်မြတ် ပါဝင်သည့် မည်သည့် ခွေကိုမှ လည်းကောင်း ဌားရမ်းခြင်း၊ ရောင်းချခြင်းနှင့် ပြသခြင်း (လုံးဝ)မပြုလုပ် ကြရန် အသိပေး ထုတ်ပြန် ကြေငြာလိုက်ဟု ပါရှိသည်။

No comments: