Tuesday, September 17, 2013

လုပ်သက်ရင့် ပြည်သူ့ဝန်ထမ်းများကို မြေကွက်ပေးရန် မေးခွန်းထုတ်မှုဝန်ကြီး အဖြေမပေး

မင်းမင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၇ ရက် ၂၀၁၃

အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သက် ၂၅ နှစ်နှင့်အထက် ၀န်ထမ်းများသို့ အစိုးရကမြေကွက်များပေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင်မေးမြန်းရာ တိုင်းဆောက်လုပ်ရေးဝန်ကြီးက ယ ခင်အစိုးရကပေးခဲ့သည်များကိုသာ ဖြေကြားခဲ့ပြီး လက်ရှိတွင်လုပ်ဆောင်ပေးမည်၊ မပေးမည်ကိုဖြေဆိုသွားခြင်း မရှိပေ။

မေးခွန်းထုတ်သည့် ကမာရွတ်မြို့နယ်မှ တိုင်းအမတ်ဦးမြငွေက “လုပ်သက်ရင့်ဝန်ထမ်းတွေ အငြိမ်းစားသွားတဲ့အခါ ဘ၀နေ၀င်ချိန်လေးမှာ ရင်အေးစေဖို့အတွက် ပေ ၄၀ x ပေ ၆၀ မြေကွက်တွေ ဖော်ထုတ်ပေးရန်” ဟု စက်တင်ဘာ ၁၆ ရက်က တိုင်းလွှတ်တော်တွင်ဆိုသွားခဲ့သည်။

အိမ်စောင့်အစိုးရလက်ထက်မှ စစ်အစိုးရလက်ထက်အထိ ပြည်သူ့ဝန်ထမ်းများကို မြေကွက်များပေးသည့် အစဉ်အလာများရှိခဲ့သဖြင့် လက်ရှိအစိုးရလက်ထက်တွင်လည်း ပြန်လုပ်ပေးရန် ဦးမြငွေကလွှတ်တော်တွင်မေးခွန်းထုတ်ကာ အရေးဆိုရခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ဦးမြငွေ၏မေးခွန်းကို တိုင်းဆောက်လုပ်ရေးဝန်ကြီးဦးကျော်စိုးက ယခင်အစိုးရလက်ထက်တွင် မြေကွက်ပေါင်း ၉၈,၀၀၀ ကျော်ကို ချထားပေးခဲ့သည်ဟုသာ ဖြေကြားခဲ့ပြီး ယခုအစိုးရ လက်ထက်တွင် မြေကွက်များ ထပ်မံချပေးမည်၊ မပေးမည်ကိုမူ ဖြေကြားသွားခြင်း မရှိပေ။

ဝန်ကြီးဖြေကြားမှုကို ဦးမြငွေက ထပ်ဆင့်မေးခွန်းထုတ်ရာ “ကျွန်တော်မေးတဲ့ မေးခွန်းမှာယခင်အစိုးရတွေ ချပေးတဲ့မြေကွက်တွေ ဘယ်လောက်များလဲလို့မပါပါဘူး။ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ လက်ထက်မှာ ဘယ်လို လုပ်ပေးမလဲ။ ပြည်သူတွေက လိုလားတောင့်တနေတယ်” ဟု ထပ်မံဆိုခဲ့သော်လည်း ပြန်လည်မဖြေကြားခင်နေ့လည် ထမင်းစာချိန်ရောက်သဖြင့် မေးခွန်းမှာအဆုံးသတ်သွားခဲ့သည်။

ဦးမြငွေဆိုခဲ့သကဲ့သို့ လုပ်သက်ရင့် ၀န်ထမ်းများကလည်း အစိုးရ၏ မြေကွက်ချထားပေးမှုကို မျှော်လင့်လျက်ရှိသည် ဟု ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့တွင် နှစ် ၃၀ ကျော်ကြာ တာဝန်ထမ်းဆောင်နေသည့် မီးသတ်ဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဒီလိုသာ မြေကွက်လုပ်ပေးရင်တော့ ကောင်းတာပေါ့။ ၀န်ထမ်းလုပ်စားရတာ မြေကွက်လည်းဝယ်ဖို့မ လွယ်ဘူးလေ” ဟု အဆိုပါဝန်ထမ်းကပြောသည်။

ရန်ကုန်မြို့၏ မြေဈေးနှုန်းမှာ အမေရိကန်နိုင်ငံမှ အကွက်အကွင်းကျသည့် မက်ဟက်တန်မြို့မှ မြေဈေးထက်ပင်ဈေးကြီးနေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် ဘလွန်ဘာ့ဂ်ျသတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

အလားတူပင် အေအက်ဖ်ပီသတင်းဌာနကလည်း စက်တင်ဘာ ဒုတိယပတ်က ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ ပြုံတိုးလာပြီးနောက် မြေဈေးများအဆမတန် တက်လာသဖြင့် နွမ်းပါးသူများ အိုးမဲ့အိမ်မဲ့ဖြစ်လာကြကြောင်းဖော်ပြခဲ့သည်။

No comments: