Saturday, September 14, 2013

ကျောက်ဖြူဆန္ဒပြခေါင်းဆောင် ၁၀ ဦးစီရင်ချက်ချမည့်နေ့ရွှေ့ဆိုင်း

ကေဇင်ဦး

မြန်မာ-တရုတ်သဘာဝဓာတ်ငွေ့ပိုက် လိုင်းနှင့်ပတ်သက်၍ CNPC ကုမ္ပဏီကို ဆန္ဒပြသည့် ခေါင်းဆောင် ၁၀ ဦးကို စီရင်ချက်ချမည့်နေ့တွင် ဒေသခံ ၄၀၀ ကျော်ကလာရောက်စောင့်ကြည့်နေသော်လည်း တရားသူကြီးက စီရင်ချက်ရေးဆွဲမှု မပြီးပြတ်ဟုဆိုကာ ရွှေ့ဆိုင်းလိုက်သည်ဟု တရားရင်ဆိုင်နေရသူ ဦးထွန်းကြည်က စက်တင်ဘာ ၁၂ ရက် တွင် မဇ္ဈိမကိုပြောသည်။

အဆိုပါ ခေါင်းဆောင် ၁၀ ဦးကို ယင်းနေ့တွင် စီရင်ချက်ချမှတ်မည်ဟု ပြောကြားထားပြီး ဒေသခံများကလည်း ဆန္ဒဖော်ထုတ်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ရွှေ့ဆိုင်းလိုက်သောကြောင့် ဆန္ဒပြမည့် အစီအစဉ်လည်း ပျက်ပြယ် သွားခဲ့သည်။

ဦးထွန်းကြည်က “ကျွန်တော်တို့ ဆယ်ဦးလုံး တရားရုံးမှာတော့ နာမည်ခေါ်ပြီး မတ်တပ်ရပ်ခိုင်းတယ်။ ပြီးတော့ တရားသူကြီးက စီရင်ချက်ရေးဆွဲလို့ မပြီးသေးတဲ့အတွက် စီရင်ချက်ချမယ့်နေ့ကို ၁၉ ရက်အထိ ရွှေ့ဆိုင်းလိုက်တယ် လို့ ပြောတယ်” ဟုပြောသည်။

အဆိုပါ ဆန္ဒပြခေါင်းဆောင် ၁၀ ဦးမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနှင့်ပတ်သက်ပြီး ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ဧပြီ ၁၈ ရက်က ဆန္ဒ ထုတ်ဖော်ခဲ့သူများဖြစ်ပြီး ၎င်းတို့ကိုပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြသည်။

၎င်းတို့ကို စီရင်ချက်ချမည့်နေ့တွင် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကျေးရွာ၊ ဂုံးချိန်းကျေးရွာ၊ လိပ်ခမော် ကျေးရွာ အပါအ၀င် ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများက လှေ၊ မော်တော်ဘုတ်များဖြင့် တရားစီရင်မှုကို လာရောက်နားထောင်ခဲ့ သည်ဟုလည်း ကျောက်ဖြူဒေသခံများက ပြောသည်။

ဦးထွန်းကြည်က “ကျွန်တော်တို့ဘက်က ဘာမှစီစဉ်ထားတာမရှိဘူး။ ထောင်ကျရင် လည်းထောင်ထဲဝင်ရုံပဲ အမှုက မပြီးနိုင်မပြတ် နိုင်ဖြစ်နေရင်တော့ ရုံးချိန်းတွေ ခဏခဏ လာနေရတာသွားရေးလာရေး ခက်တယ်” ဟု ပြောသည်။

ဒေသခံများသည် ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို အမိန့်ချမည့်နေ့တွင် လာရောက် နားထောင်ကြရန် ကြိုတင် တိုင်ပင် ထားပြီး လာရောက်ခဲ့ခြင်းဖြစ်သည်။ စီရင်ချက်ချ မည့်နေ့တွင် နံနက်ပိုင်းမှစ၍ ဒေသခံများ အသီးသီး ရောက်ရှိခဲ့ပြီးကျောက်ဖြူမြို့နယ် တရားရုံးနှင့် လမ်းဘေးတစ်လျှောက်တွင် စောင့်ဆိုင်းနေကြသည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ် တရားရုံးရှေ့တွင် လုံခြုံရေးအတွက် ရဲအင်အား ၆၀ ခန့်ချထားပြီး၊ စစ်တပ်အင်အား ၁၅ ဦးခန့် ထားရှိသည်ဟုလည်း ကျောက်ဖြူဒေသခံ ဦးထွန်းထွန်းနိုင်က မဇ္ဈိမကိုပြောသည်။

ဦးထွန်းထွန်းနိုင်က “တရားရုံးက ဒီနေ့ဆုံးဖြတ်မယ်လို့ ကြေညာထားပေမယ့် မဆုံးဖြတ်တဲ့အပေါ်မှာ တရားရုံးကို သက်ရောက် မှုတစ်ခုခုရှိနေလား။ ဥပဒေကို အပေါ်မှာ ဘယ်သူရှိနေလဲ ကျွန်တော်တို့အားလုံး သံသယဖြစ်နေ ပါတယ်” ဟု ပြောသည်။

ကျောက်ဖြူ-တရုတ်သို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ပတ်သက်ပြီး ဧပြီ ၁၈ ရက်က ဆန္ဒ ထုတ်ဖော်သည့် ဒေသခံများက ကျောက်ဖြူမြို့နယ်နှင့် မဒေးကျွန်းဒေသတွင် လျှပ်စစ်မီးရရှိရေး အပါအ၀င်၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့ တောင်းဆိုခဲ့စဉ်က ဒေသခံ ငါးရာကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

No comments: