Monday, September 9, 2013

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တိုင်းရင်းသားပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

မိုးဇော်

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့(NLD) ခေါင်းဆောင်များနှင့် တိုင်းရင်းသားပါတီများမှ ခေါင်းဆောင်တို့ ရန်ကုန်မြို့ NLD ၏ ဗဟိုချုပ်ရုံးတွင် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခုလို NLD ပါတီနှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံးဆွေးနွေးပွဲမှာ ပထမအကြိမ်ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ဦးဆောင်ပြီး ဖိတ်ကြားချက်အရ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံကို ပြင်ဆင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်မှာ အဓိက မည်သည့်အကြောင်းအရာများကို ဆွေးနွေးဖြစ်ခဲ့သည်ကို ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) ၏ အဖွဲ့ဝင်ဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ယခုလိုပြောသည်။

" အဓိကတော့ NLD မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သလို့ ကော်မတီတစ်ခုဖွဲ့ထားပါတယ်။ အဲဒီကော်တီမှာ သူတို့ လူ ၇ ယောက်ပါဝင်တယ်။ ဆိုတော့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာက တိုင်းရင်းသားလူမျိုးများနဲ့ ပြည်တွင်းစစ် ရပ်စည်းဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ဆိုတဲ့ ကိစ္စတွေနဲ့ တစ်ဖက်တစ်ဆက်တည်း ပတ်သက်နေတယ်။ ခွဲခြားလို့လည်း မရတဲ့အခါမှာ အဲဒါကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ NLD က တိုင်းရင်းသား ပါတီများမှ ခေါင်းဆောင်များနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ ဒီဖွဲ့စည်းပုံကို ဘယ်လိုပြင်မှာလဲ၊ ဘာအချက်တွေကို ပြင်ရင် ကောင်းမလဲ ဆိုတဲ့ တိုင်ပင်ဆွေးနွေးချင်လို့ တွေ့ဆုံရတာဖြစ်ပါတယ်။ " ဟု ပြောသည်။

ယခုဆွေးနွေးပွဲက စပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးအတွက် NLD မှ ဖွဲ့စည်းထားသော ကော်မတီနှင့် တိုင်းရင်းသားပါတီများမှ ခေါင်းဆောင်တို့ အပတ်စဉ်တိုင်း စနေနေ့ နံနက် ၉ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

" အပတ်တိုင်း စနေနေ့ ၉ နာရီခွဲမှာ ဆွေးနွေးပြီးတော့ တချို့ပြည်သူတွေကို ပြောပြသင့်တဲ့ ကိစ္စတွေကိုလည်း ပြောပြမယ်၊ ချပြမယ်။ အဲဒါကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုတာက နိုင်ငံရေးပါတီ၊ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲ ပြည်သူတွေအနေနဲ့ပါ တိုက်ရိုက် သက်ဆိုင်တဲ့အတွက် ပြည်သူတွေကလည်း သိသင့်သိထိုက်တယ်။ အဲဒါကြောင့် တချို့အချက်အလက်တွေကို ပြည်သူတွေထံ ရှင်းပြပါမယ်။ ပြည်သူတွေရဲ့ သဘောထားက ဘယ်လိုရှိသလဲဆိုတာကို မေးရမယ်။ အဲဒီလိုပဲ တချို့အချက်အလက်တွေကို NLD လွှတ်တော် ကိုယ်စားလှယ်တွေကနေ တစ်ဆင့် လွှတ်တော်ကို တင်ပြသွားမည်ဖြစ်ပါတယ်။ " ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ဖို့ အပတ်စဉ် စနေနေ့တိုင်း ဆွေးနွေးပွဲမှာ NLD လွှတ်တော် ကိုယ်စားလှယ်များအပါအ၀င် တိုင်းရင်းသားပါတီများမှ ခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးရုံသာမက ပြည်သူလူထု၏ သဘောထားများကို မေးမြန်းကာ ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုမှ ရရှိလာသော ဆွေးနွေးချက်များကို လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

" ဒီဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကိစ္စနဲ့ လွှတ်တော်မှာလည်းပဲ ဖွဲ့စည်းပုံဆိုင်ရာ လေ့လာရေး ကော်မတီ ဖွဲ့လိုက်ပါတယ်။ အဲဒီကော်မတီမှာလည်း NLD လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အခါမှာ အဲဒီကော်မတီကို အခုလို NLD က ကော်မတီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပေါင်းပြီးတော့ ဆွေးနွေးဆုံးဖြတ်လို့ ရလာတဲ့အခါမှာ ဘယ်လိုပြင်မှာလဲ၊ ဘာအချက်တွေကို ပြင်မလဲ ဆိုတဲ့ ကိစ္စတွေကို လွှတ်တော် အတွင်းမှာ အခု မကြာခင်က ဖွဲ့စည်းလိုက်တဲ့ ကော်မတီကို ဒီအချက်တွေကို အကြံပြုပြင်ဆင်ဖို့အတွက် အကြံပေးသွားမယ်။ " ဟု ၄င်းကဆိုသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ပါတီများမှာ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကမန်အမျိုးသား တိုးတက်ရေးပါတီတို့ ဖြစ်သည်။

" အဲဒီနေ့က ဆွေးနွေးပွဲမှာ တက်ရောက်တာကတော့ ခြောက်ပါတီလောက်ပဲ တက်ရောက်ပါတယ်။ မတက်ရောက်နိုင်သေးတဲ့ ပါတီတွေကိုလည်း တိုင်းရင်းသား ပါတီတွေကနေတစ်ဆင့် ပြောပြပြီးတော့ လာဖို့ အစည်းအဝေးတွေမှာ တက်ဖို့ တိုက်တွန်းသွားဖို့ အဲဒီသဘောထား ရှိပါတယ်။ " ဟု ဦးအေးသာအောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် NLD နှင့် တိုင်းရင်းသားပါတီများမှ ဆွေးနွေးချက်များကို လွှတ်တော်သို့ တင်ပြသည့်အခါတွင် ဖွဲ့စည်းပုံအတွင်းမှာ တစ်ခုနှင့် တစ်ခု ဆက်စပ်နေသည့်အတွက် တချို့ကိစ္စရပ်များကို ပြင်ဆင်ဖို့ အခက်အခဲရှိနေသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့အစား အသစ်ပြန်လည် ရေးဆွဲသွားဖို့ကို ပိုမိုအားပေးကြောင်း ဦးအေးသာအောင်မှ ပြောကြားသည်။

လွန်ခဲ့သော ဇူလှိုင်လ ၃၁ ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် ဒီမိုကရေစီ အင်အားစုများတွေ့ဆုံ ဆွေးနွေးခဲ့ကြရာ အဆိုပါဆွေးနွေးပွဲတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ကို ပြင်ဆင်ဖို့အစား အသစ်ပြန်လည်ရေးဆွဲဖို့ကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ဖွဲ့စည်းပုံ အသစ်ရေးဆွဲခြင်းကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ (UNFC)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့က ကမကထပြုပြီး ဥပဒေပညာရှင်များ၊ ဒီမိုကရေစီ အင်အားစုများနှင့် အခြားပါဝင်သင့်သော လူမှုအဖွဲ့စည်းများဖြင့် ပူးပေါင်းပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

No comments: