Wednesday, September 18, 2013

လိုင်ဇာရှိ စစ်ပြေးဒုက္ခသည် ၄,၀၀၀ ကျော်အတွက် ကုလသမဂ္ဂ ထပ်မံကူညီ

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၈ ရက် ၂၀၁၃

ကုလသမဂ္ဂ အဖွဲ့အစည်းများက ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းသုံးခုအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများကို စက်တင်ဘာလ ၁၇ ရက်တွင် ထပ်မံရရှိသည် ဟု KIO စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီတာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

ကုလအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စက်တင်ဘာ ၁၆ ရက်က ရိက္ခာနှင့် ပစ္စည်းတင်ကား ၁၇ စီးဖြင့်ရောက်ရှိလာပြီး လိုင်ဇာဈေး ဒုက္ခသည်စခန်း၊ ဖုန်လုန်ယန်စခန်းနှင့် အလန်းဘွမ် စာသင်ကျောင်းစသည့် နေရာ သုံးခုမှ ဒုက္ခသည်ပေါင်း ၄,၀၀၀ ကျော်အတွက် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

“ဒီတစ်ခေါက်တော့ အရင်တစ်ခေါက်ထက် ပိုများတယ်။ စခန်းသုံးခုမှာ ထောက်ပံ့ဖို့ ဖြစ်တယ်။ အစုံဘဲ မီးဖိုချောင် သုံးပစ္စည်းတွေ။ လူသုံးကုန်ပစ္စည်းတွေကအစ ပါတယ်”ဟု ဦးဒွဲပီဆားက ပြောသည်။ ထို့ပြင် စစ်ပြေးဒုက္ခသည် ၈,၀၀၀ ကျော် ခိုလှုံနေသော ဂျယ်ယန်းဒုက္ခသည်စခန်းအတွက်မူ ပဲနှင့်ဆီများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သူက ဆိုသည်။

ကုလအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် စက်တင်ဘာလ ၁၇ ရက်တွင် အလန်းဘွမ်ရှိ စာသင်ကျောင်း များသို့ သွားရောက်၍ ကူညီထောက်ပံ့မှုများ ပေးသွားမည်ဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်တွင် တခြားဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ကာ စက်တင်ဘာလ ၁၉ ရက် မှာ လိုင်ဇာမြို့မှ ထွက်ခွာ မည် ဖြစ်သည်။

ယခုလအတွင်း ဒုတိယအကြိမ်မြောက် ထောက်ပံ့မှု ရရှိခြင်းဖြစ်ပြီး ယခုလ ၇ ရက်ကလည်း လိုင်ဇာ ၀ိုင်ကျိုင် ဒုက္ခသည် စခန်းရှိ လူဦးရေ ၃,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာများ တစ်လစာ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။

အလားတူ KIO အရှေ့ပိုင်းတိုင်း တရုတ်နယ်စပ် မိုင်ဂျာယန်အတွင်းရှိ ပါကထောင်၊ လခေါင်းပါ စသည့် ဒုက္ခသည် စခန်းများသို့လည်း ကုလသမဂ္ဂအကူအညီများ သွားရောက် ထောက်ပံ့ပေးနေသည်ဟု ဦးဒွဲပီ ဆားက ပြောသည်

ကုလသမဂ္ဂ အကူအညီများကို လိုင်ဇာမြို့ အနီးတစ်ဝိုက်ရှိ စစ်ပြေးဒုက္ခသည်များ အတွက် ထောက်ပံ့မှု ရရှိသော် လည်း အခြား လိုင်ဇာမြို့၏ အထက်ပိုင်းရှိ မဂါးယန်၊ ဇိုင်းအောင်၊ နယ်စပ်မှတ်တိုင် ၆၊ ဂ၊ ၁၂ များတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည်အနည်းဆုံး ၆၀၀၀ခန့်အတွက်မူ ထောက်ပံ့နိုင်ခြင်းမရှိသေးကြောင်း ဦးဒွဲပီဆားက မဇိ္ဈမကိုပြောသည်။

ဒုက္ခသည်စခန်းများအတွက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC နှင့် ကက်သလစ်အသင်းတော်မှ ကရုဏာ အဖွဲ့များမှ ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP၊ ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ ကုလလူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး UNOCHA၊ ကုလ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ UNICEF နှင့် နယ်စည်း မခြား ဆရာဝန်များအဖွဲ့ MSF စသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ သွားရောက် ထောက်ပံ့ခဲ့သည်။

ကုလသမဂ္ဂ၏ အဖွဲ့များက ယခုလ ၇ ရက်က ဒုက္ခသည် ၃,၀၀၀ ကျော်အတွက် ကူညီထောက်ပံ့ပေးခဲ့သလို၊ ယခုတစ်ကြိမ်မှာလည်း ဒုက္ခသည် ၄,၀၀၀ကျော်အတွက် ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်သော်လည်း လိုင်ဇာအနီး တစ်ဝိုက် စစ်ပြေးဒုက္ခသည် ၂၀,၀၀၀ ကျော်ရှိသည်။ KIO ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည် ပေါင်း ၇၀,၀၀၀ကျော်ရှိသည်ဟု KIO မှ ဗိုလ်မှူးကြီး ဇော်ရော်က မကြာမီက မဇိ္ဈမကို ပြောဆိုခဲ့သည်။

ဒုက္ခသည် ၃၀၀၀အတွက် ကူညီထောက်ပံ့မှုများ ပေးခဲ့သော်လည်း KIO ထိန်းချုပ်နယ်မြေ အတွင်း၌ ဒုက္ခသည်ပေါင်း ခုနစ်သောင်းခန့် ရှိနေပြီး ဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းတွင်ပင် ဒုက္ခသည် နှစ်သောင်းကျော် ရှိသည်ဟု KIO မှ ဗိုလ်မှူးကြီးဇော်ရော်က ပြောခဲ့သည်။

လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကုလသမဂ္ဂ အကူအညီများ ယခုလအတွင်း သုံးကြိမ် သွားရောက်ထောက်ပံ့ရန် ရှိသော်လည်း စက်တင်ဘာ ၁၇ ရက် သွားရောက်လှူဒါန်းမှု အခြေအနေ အသေးစိတ် မသိရသေးဟု ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောသည်။

“ကျွန်တော်တို့က အစိုးရ ထိန်းချုပ်မှုမရှိတဲ့ ဒေသတွေကို သွားဖို့ ကြိုးစားတာ ကြာပြီဆိုတော့ အခုလည်း ရတဲ့ အခွင့်အရေးကို ရအောင်ပို့တာပါ”ဟု သူက မဇိ္ဈမကို ပြောသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု အား သတင်းထုတ်ပြန် ကြေညာသွားမည်ဖြစ်သည်။

အစိုးရတပ်နှင့် KIO တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံးအကြိမ် အကူအညီပေးခဲ့ပြီးနောက် အစိုးရဘက်မှ တားမြစ်ခဲ့သဖြင့် တစ်နှစ်ခွဲကျော်အကြာ ယခု ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာပြန်လည် အကူအညီများ ပေးနိုင်ခြင်း ဖြစ်သည်။

No comments: