Tuesday, September 10, 2013

ချုပ်ချယ်မှုများသည်ဟု ဆိုကာ အသင်းအဖွဲ့ ဥပဒေကြမ်းကို လူမှုအသင်းအဖွဲ့ ၅၀၀ ကျော် ကန့်ကွက်

နန်းလွင်နှင်းပွင့်

ပြည်တွင်းမှ လူမှုရေးအသင်း ၅၀၀ ကျော်က အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းပါ ပုဒ်မများသည် ချုပ်ချယ်မှုများသည် ဟု ဆိုကာ အသိပေးကန့်ကွက်စာများကို လွှတ်တော်နှင့် သံရုံးများထံ စက်တင်ဘာလ ၈ ရက်မှ စတင်ပေးပို့ သွားမည်ဟု နာရေးကူညီမှုအသင်း စီမံဌာနအုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်က ပြောသည်။

ထိုသို့ကန့်ကွက်ရခြင်းသည် “ဒီဥပဒေကို မဖြစ်မနေ ထုတ်ပြန်မယ်ဆိုရင်လည်း လက်ရှိလုပ်ဆောင်နေတဲ့ ပရဟိတ အဖွဲ့တွေ အကုန်လုံးက ဘယ်လိုသဘောရှိတယ်ဆိုတာကို တင်ပြချင်တယ်” ဟု ဒေါ်ဧရာမောင် မောင်ကရှင်းပြသည်။

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပြဌာန်းလျှင် လူမှုရေးအသင်းအဖွဲ့များကို ချုပ်ချယ်သည့် အချက်များ မပါရှိဘဲ အထောက် အကူ ဖြစ်စေမည့် အချက်များသာပါရှိစေလိုကြောင်း လူမှုအသင်းအဖွဲ့ ၅၀၀ ကျော်ကစက်တင်ဘာ ၈ ရက်တွင် သဘောထား ထုတ်ပြန်ချက် ၂၂ စောင်ထုတ်ပြန်သည်။

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း၏ပုဒ်မ ၁၅ တွင် “မည်သူမျှ ဖွဲ့စည်းခွင့် လက်မှတ်မပါရှိသည့် အသင်းအ ဖွဲ့တစ်ခု၏ အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားဆောင်ရွက်ခြင်း မပြုစေရ” ဟူ၍ပါရှိသည်။ ထိုပုဒ်မကို ဖောက်ဖျက်ပါက ပြစ်ဒဏ်ထောင်ခြောက်လထက် မနည်းကျခံရမည်၊ သို့မဟုတ်လျှင် ဒဏ်ငွေကျပ်တစ်သိန်းပေး ဆောင်ရမည်ဟုလည်း ဥပဒေကြမ်းတွင် ဆက်လက်ဖော်ပြထားသည်။

“သြဂုတ်လ ၂၇ ရက်နေ့ သတင်းစာမှာ ဒီဥပဒေကြမ်း (သတင်းစာတွင်) ပါပြီးကတည်းက ကျွန်တော်တို့ ဆီမှာ လာပြီးမေတ္တာနဲ့အားတဲ့ အချိန်လာကူတဲ့ လူငယ်တွေတောင် မလာကြတော့ဘူး။ အဲ့ဒီမှာ ပါတဲ့ တားမြစ်ချက်တွေ၊ပြစ်ဒဏ်တွေကြောင့်၊ နောက်ဆိုရင် ဒီလိုတားမြစ်ချက်တွေကြောင့် စေတနာနဲ့လာပြီးကူပေးတဲ့ ပရဟိတ လူငယ်တွေတောင် မရှိတော့မှာစိုးရိမ်ရတယ်။ တကယ်ကို သိသိသာသာပဲ” ဟု ဧရာဝတီတိုင်းရှိ နာရေးကူညီအသင်းမှ ဦးမျိုးမြင့် က ဆိုသည်။

မန္တလေးတိုင်း နာရေးကူညီမှုအသင်းမှ ဦးဇော်သန်းကလည်း “ပရဟိတလုပ်နေတဲ့ အဖွဲ့တွေအတွက်ကို သီးသန့် (ဥပဒေ) လုပ်စရာ မလိုဘူးလို့မြင်တယ်” ဟုပင်သုံးသပ်သည်။

ထို့အပြင် ဥပဒေကြမ်းအရ ပရဟိတအဖွဲ့အဖြစ် လုပ်ဆောင်မည်ဆိုလျှင် မှတ်ပုံတင်ကြေးအဖြစ် ကျပ်ငါးသိန်းပေးဆောင်ရမည်ကိုလည်း လူမှုရေးအသင်းများက မတတ်နိုင်ကြောင်း၊ ထိုဥပဒေအားမဖြစ်မနေ ထုတ်ပြန်မည်ဆိုလျှင် လည်း အသင်းအဖွဲ့တိုင်း မှတ်ပုံတင်ရမည်ဟူသည့် အချက်အား ပယ်ဖျက်ပေးစေလို ကြောင်းဆိုကြသည်။

ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်းအသင်း၏ အဖွဲ့ခွဲများဖြစ်သည့် လူမှုရေးအသင်း ၅၀၀ ကျော်တို့၏ ကိုယ်စားလှယ် များသည် စက်တင်ဘာလ ၁ ရက်က ရန်ကုန်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုကိုယ်စားလှယ်များက သက်ဆိုင်ရာဒေသ အသီးသီးတွင် စက်တင်ဘာ ၅ ရက်က အစည်းအဝေးများပြန်လည်ပြုလုပ်ကာ အစည်းအဝေးရလဒ်များကို စက်တင်ဘာ ၈ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ပြီး ယခုလိုအကြောင်း စာများပေးပို့လိုက်ခြင်းဖြစ်သည်။

ယခုအသင်းအဖွဲ့ ၅၀၀ သည် နာရေးကူညီမှု၊ ပညာရေး၊ ကျန်းမာရေး၊ ဘုန်းတော် ကြီးသင်ပညာရေး ကျောင်းစသည့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ကြသည့် အဖွဲ့အစည်းများ ဖြစ်ကြသည်။

No comments: