Wednesday, September 25, 2013

သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သည့် ဟုန်ရှင်းစက်ရုံ အလုပ်သမားများ လျော်ကြေးငွေ ရပြီ

ဖိုးစိုးသူ | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်သိမ်းမှုကြောင့် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော အလုပ်သမားများကို စက်တင်ဘာလ၂၄ရက်တွင် လျော်ကြေး လစာများပေးခဲ့ကြောင်း ယင်းစက်ရုံ အလုပ်သမားများက ပြောသည်။

လျော်ကြေးငွေများ ပေးရာတွင် လုပ်သက် သုံးနှစ်အထက်ဆိုပါက ငါးလစာ၊ နှစ်နှစ်နှင့် သုံးနှစ်ကြားဆိုပါက သုံးလစာနှင့် ခြောက်လအထက်ဆိုပါက နှစ်လစာပေးသည်ဟုအလုပ်သမားများကဆိုသည်။

ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သူ မသန်းသန်းနွယ်က "လျော်ကြေးက ဥပဒေထဲမှာပါတဲ့အတိုင်း ပေးတာပါ။ လစာကွာခြားချက်တွေရှိတော့ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြဘူး။ ပြေလည်ပါတယ်" ဟု ဆိုသည်။

လျော်ကြေးပေးရာတွင် အလုပ်သမား စုစုပေါင်း၁၀၃ဦးကိုပေးခြင်းဖြစ်ပြီး ယင်း အရေအတွက်မှာ ဆန္ဒပြရာတွင် ပါဝင်သည့်အရေအတွက်ဖြစ်၍ စက်ရုံတွင် စုစုပေါင်း အလုပ်သမားဦးရေ ၂၀ဝ ဝန်းကျင်ရှိသည်။

ဆန္ဒပြရာတွင် ပါဝင်သူအလုပ်သမား ကိုလင်းလင်းက “အခုလို အလုပ်သမားတွေအတွက် နစ်နာမှုတွေပေးတဲ့ အတွက် ကျွန်တော်တို့ အပင်ပန်းခံပြီး တိုက်ပွဲဝင်ရတာကျေနပ်ပါတယ်။ နောက်ကိုလည်း အလုပ်ရှင် အလုပ်သမားကြားမှာ ဒီလိုတွေ ထပ်ြပီး မဖြစ်ဖို့လည်း သင်ခန်းစာရတာပေါ။့ အခုလိုဖြစ်လာတာကိုကျေနပ်ပါတယ်” ဟု ဆိုသည် ။

ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများ ကို လျော်ကြေးငွေပေးခြင်းနှင့် ပတ်သက်ပြီး ဒဂုံဆိပ်ကမ်းရှိ အလုပ်သမား အကူညီပေးရေးအဖွဲ့မှ ကိုမျိုးကြီးက “အလုပ်သမားတွေက သူတို့ သိချင်တာကို သိအောင်လုပ်ပြီး ရပိုင်ခွင့်တွေ နစ်နာကြေးတွေကို ရရှိအောင် တောင်းဆိုသွားတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ အလုပ် သမားဝန်ကြီးတွေက ဝိုင်းဝန်းပြီး ဖြေရှင်းပေးကြတာ ဝမ်းသာစရာပါပဲ။ အလုပ်သမားတွေရဲ့ ပြဿနာပြေလည်သွားကြပြီ။ နောက် ဒီလိုမဖြစ်ဖို့နဲ့ဖြစ်လာရင် ဝိုင်းဝန်း ဖြေရှင်းရင် ပြေလည်တယ် ဆိုတာသင်ခန်းစာ ရတာပေါ့” ဟု ဆိုသည်။

ဟုန်ရှင်း အအေးခန်းစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ရမည် စိုးရိမ်၍ ရန်ကုန်မြို့ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့တွင် စက်တင်ဘာ၂၂ရက်တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ပြီး စက်တင်ဘာ ၂၃ က ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များဝိုင်းဝန်းဖြေရှင်းပေးမှုကြောင့် သပိတ်စခန်းပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

No comments: