Thursday, September 26, 2013

အခမဲ့ မဲဖောက်ပေးခဲ့သည့် မြေကွက်များ ပိုင်ရှင်ရှိသည်ဟု အိုးအိမ်ဦးစီးဌာနမှ စာပို့

ကြယ်ပြာ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ ဝါးတရာကျေးရွာတွင် အမှန်တကယ် ချို့တဲ့သူများကို အခမဲ့ ကံစမ်းမဲဖောက်ပေးခဲ့သော မြေကွက်များသည် ပိုင်ရှင်ရှိနေသည်ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ
မြေကွက်ရရှိခဲ့သူများထံသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း ယင်းမြေကွက်များ မဲဖောက်ပေးခဲ့သော ယဉ်သူကုမ္ပဏီမှ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက စက်တင်ဘာ၂၄တွင် မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ပေ၂၀-၄၀ ပတ်လည် မြေကွက် ၅၀ ကို လူ ၁၅၀ ကို စက်တင်ဘာ ၂၂ ရက်က ကံစမ်းမဲဖောက်ပြီးပေးခဲ့ခြင်းဖြစ်ပြီး ကံစမ်းမဲဖောက်ပြီး နောက်ရက်တွင်ပင် ပိုင်ရှင်ရှိသည်ဟု ကြောင်းကြားလာခြင်းဖြစ်သည်။

ထိုမြေများသည် လယ်သမားများထံမှ အိုးအိမ်ဦးစီးဌာနက သိမ်းယူထားခဲ့ခြင်း ဖြစ်ပြီး၊ ၂၀၁၁ခုနှစ်တွင် လယ်မြေ အချို့ကို တစ်ဆင့်ပြန်လည် ရောင်ချခဲ့ခြင်းကြောင့် ပိုင်ရှင်များရှိနေသော်လည်း အဆိုပါ မြေများပေါ်တွင် ပိုင်ရှင်များ ဘက်မှလုပ်ငန်း လုပ်ဆောင်ထားခြင်း မရှိသည့်အတွက် လယ်သမားများမှ ဝင်ရောက်နေထိုင်ခြင်းဖြစ်သည်။

ဦးခင်မောင်ဝင်းက “ကျွန်တော်တို့က လယ်သမားတွေဆီက တစ်ဧကကို ၁၃၅ သိန်းနဲ့ ပြန်ဝယ်လိုက်တာ ကံစမ်းမဲဖောက်ပေးခဲ့တဲ့ မြေကွက်တွေကိုလည်း ကျွန်တော်တို့ ကုမ္ပဏီက လတ်မှတ်ထိုးပြီးပေးတာ၊
ဖြစ်လာသမျှနောက်ဆက်တွဲတွေကို ကျွန်တော်တို့ တာဝန်ယူပြီး ရှင်းပေးမှာပါ” ဟု ပြောသည်။

အိုးအိမ်ဦးစီးဌာနမှ သိမ်းယူထားသော လယ်ယာမြေများထဲမှ သုံးဧကခွဲအား လယ်သမားထံမှ ယဉ်သူကုမ္ပဏီက ဝယ်ယူခဲ့ပြီး ယင်းမြေများမှ မြေကွက် ၅၀စာကို အကွက်ရိုက်၍ လယ်သမား ၁၅၀ဦးကို မဲဖောက်ပေးခဲ့ခြင်းဖြစ်သည်။

ကံစမ်းမဲဖောက် ပေးသောနေ့က အိုးအိမ်ဦးစီးဌာနအနေဖြင့် လာရောက်ကန်ကွက်ခြင်း မရှိခဲ့သော်လည်း ထိုမြေများသည် ပိုင်ရှင်ရှိသည့် အကြောင်းကြားစာကို စက်တင်ဘာ ၂၃ ရက်က မြေကွက်ရရှိခဲ့သူများထံ
ပေးပို့ခဲ့ခြင်းဖြစ်သည်။

တစ်ဆင့်ပြန်လည်ဝယ်ယူထားသော မြေကွက်များမှာ ပိုင်ရှင်အချို့က လယ်သမားများအား တစ်ဧကလျှင် ကျပ် တစ်သောင်းမှစပြီး သုံးသောင်းဝန်းကျင်ကြား ဈေးဖြတ်၍ မြေယာလျော်ကြေးများ ပေးခြင်းရှိသော်လည်း လက်ရှိ ထိုမြေများပေါက်ဈေးမှာ တစ်ဧကလျှင် အနည်းဆုံး ကျပ်သိန်း ၆၀ ကျော် တန်ကြေးရှိသည်ဟုဦးခင်မောင်ဝင်းက ဆိုသည်။

ကံစမ်းမဲဖောက်ပေးမည့်သူများကို ယဉ်သူကုမ္ပဏီမှ ၎င်းတို့ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများဖြင့်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရွေးချယ်ရာတွင် မဲဖောက်ပေးမည့် သူများသည် အမှန်တကယ်ဆင်းရဲပြီး အိမ်ငှားမြေငှား နေသောသူများဖြစ်ရန်၊ မဲ ပေါက်ပြီးနေထိုင်နိုင်သူဖြစ်ရန်၊ မြေကွက်များကို ပေါင်နှံရောင်းချခြင်း မပြုလုပ်ရန်နှင့် မဲပေါက်ပြီး ရက် ၃၀ အတွင်း ထိုမြေကွက်များတွင် အိမ်ဆောက်နေထိုင်းခြင်းမပြုပါက ကုမ္ပဏီမှ ထိုမြေများကို ပြန်လည်သိမ်းယူမည်ဟု သတ်မှတ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းအချို့ မြို့နယ်များတွင်လည်း အိုးအိမ်ဦးစီးဌာနမှ သိမ်းယူထားသော မြေယာများ အများအပြားရှိပြီး ထိုသို့ အသိမ်းခံထားရသောကြောင့် အိုးအိမ်ဦးစီးဌာနရှေ့တွင် ဆန္ဒထုတ်ဖော်မှုများလည်း ရှိခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော် လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မတီနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် အဖြစ်များနေသော မြေယာသိမ်းမှုများတွင် အမှန်တကယ်သိမ်းယူခဲ့သည့် အိုးအိမ်ဦးစီးဌာနအနေဖြင့် ၎င်းတို့သိမ်းယူ ခဲ့ကြောင်းအား ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အတွက် ၎င်းတို့မှ တစ်ဆင့်ပြန်လည် လုပ်ပိုင်ခွင့်ပေးထားသော လုပ်ငန်းများပေါ် ပြည်သူများမှ အထင်လွဲမှုများဖြစ်နေကြောင်း အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေက ပြောကြားခဲ့ဖူးသည်။

မြေကွက်များကို အခမဲ့ဖောက်ပေးသည့် အစီအစဉ်ကို လှိုင်သာယာဘက်တွင်လည်း ကုမ္ပဏီအနေဖြင့် ထပ်မံ လုပ်ဆောင်သွားရန်ရှိသည်ဟု ဆိုသည်။

No comments: