Sunday, September 15, 2013

ဖေ့စ်ဘွတ်က သုံးစွဲသူများကို စိတ်ညစ်စေကြောင်း လေ့လာတွေ့ရှိ

အောင်မင်း

“လူတိုင်းသည် ဖေ့စ်ဘွတ်အား အထီးကျန်စေရန်၊ ၀မ်းနည်းစေရန်အတွက် သုံးစွဲခြင်းမဟုတ်ပါ။” သို့သော် ဖေ့စ်ဘွတ် သုံးစွဲသူများမှာ စိတ်ညစ်ရခြင်း အထီးကျန်ခြင်းတို့နှင့် ကြုံတွေ့နေရသည်ဟု မစ်ချီဂန်တက္ကသိုလ်မှ စိတ်ပညာရှင် Ethan Kross က ပြောကြားလိုက်သည်။

လွန်ခဲ့သောသီတင်းပတ် နှစ်ပတ်အတွင်း Kross နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များက Ann Arbor ဒေသခံ ၈၂ ဦးထံသို့ တစ်နေ့လျှင် ငါးကြိမ်ခန့် မက်ဆေ့ခ်ျများပေးပို့ခဲ့သည်။

ယင်းသို့ပေးပို့ရသည့်အကြောင်းအရင်းမှာ ၎င်းတို့မှ ဖေ့စ်ဘွတ်သုံးစွဲသူများအနေဖြင့် မည်သို့ခံစားရသည်၊ မည်မျှ အထီးကျန်သည်၊ စိုးရိမ်သောကရောက်သည်၊ တစ်နေ့လျှင် ဖေ့စ်ဘွတ်အား အချိန်ဘယ်လောက် ကြာကြာ သုံးစွဲသည် ဆိုသည်နှင့် ယခင်မက်ဆေ့ခ်ျများအား လက်ခံရရှိပြီးနောက်ပိုင်းတွင်လူဘယ်လောက် များများနှင့် တွေ့ဆုံခဲ့ရသည် ဆိုသည်တို့အား သိရှိရန်အတွက် ယခုကဲ့သို့ပေးပို့ခဲ့ ခြင်းဖြစ်သည်။

နောက်ဆုံးတွင် မက်ဆေ့ခ်ျနှစ်ခုပေးပို့သည့်အချိန်အတွင်း ဖေ့စ်ဘွတ်သုံးစွဲသူပိုများလာကြောင်း၊ သုံးစွဲလေလေ ပို၍ မပျော်မရွှင် ဖြစ်လာကြောင်းနှင့် အရာရာအား တင်းတိမ်ရောင့်ရဲသည့်စိတ်ဓာတ်များ ပို၍ကျဆင်းလာကြောင်း Kross တွေ့ရှိခဲ့ရသည်။

ထို့အပြင် လေ့လာမှုစတင်သည့်နေ့မှ နောက်ဆုံးအချိန်အတွင်း အခြေအနေအရပ်ရပ်မှာလည်း ပိုဆိုးလာခဲ့သည်။ Kross က ၎င်း၏ တွေ့ရှိချက်များအားလုံးအားချုပ်ကြည့်ပါက ဖေ့စ်ဘွတ်သည် လူများအား မပျော်မရွှင်ဖြစ်စေသည်ကို တွေ့ရှိရသည်ဟု ပြောကြားသည်။

ယခင်ပြုလုပ်ခဲ့သည့် လေ့လာချက်များမှ ရလဒ်များမှာလည်း Kross ၏ အင်တာနက်ကြောင့် လူများ အထီးကျန်ဖြစ်နေ ရသည့် သဘောသဘာဝအား လေ့လာသည့် လေ့လာချက်မှရလဒ်အား ပို၍ခိုင်မာစေခဲ့သည်။ Carnegie Mellon တက္ကသိုလ်မှ Robert Kraut က ၁၉၉၈ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်ချက်တွင်လည်း လူများမှာ ၀က်ဘ်ဆိုဒ်များကို အသုံးပြုလေလေပို၍အထီးကျန်လာလေလေဖြစ်ရသည်ဟု တွေ့ရှိရသည်။ ထို့အတူ စိတ်ဖိစီးမှု ဒဏ်ကိုလည်း ပို၍ခံစားလာရသည်။

လူများအနေဖြင့် အင်တာနက်ပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ကြည့်ရှုပြီးနောက်ပိုင်းတွင် ၎င်းတို့၏ပျော်ရွှင်မှုများ နှင့် လူမှုပတ်ဝန်းကျင်အပေါ် တင်းတိမ်ကျေနပ်မှုများ လျော့ကျသွားရသည်။ ဖေ့စ်ဘွတ်သုံးစွဲ သူများ၏ စရိုက်လက္ခဏာများနှင့် ဖေ့စ်ဘွတ်မသုံးစွဲသူများ၏ စရိုက်လက္ခဏာများမှာလည်း ခြားနားမှုမရှိဟု မကြာသေးခင်ကပြုလုပ်ခဲ့သည့် သုတေသနလေ့လာချက် ၇၅ ခုမှ တွေ့ရှိခဲ့ရသည်။

No comments: