Saturday, September 7, 2013

ဘူးသီးတောင်မြို့ပေါ်တွင် လူငယ်တချို့ မူးယစ်ဆေးများဖြင့် ဘ၀ပျက်စီးနေ

မိုးဇော်

မြန်မာအနောက်ဘက် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်တွင် တက္ကသိုလ်ဝင် ကျောင်းသားတချို့နှင့် ပြင်ပနေ လူငယ်တချို့တို့မှာ စိတ်ကြွဆေးများ၊ ဆေးခြောက်များ သုံးစွဲနေကြသောကြောင့် အကျင့်စာရိတ္တပျက်ပြားပြီး ဘ၀ပါပျက်စီးနေကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ကိုသန်းလှိုင်အား လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိမရှိမေးမြန်းရာ သူက ယခုလိုဖြေကြားသည်။

" မူးယစ်ဆေးဝါး သုံးစွဲတာကတော့ ဟုတ်ပါတယ်။ အဲဒါက တကယ်မှန်ပါတယ်။ ကျနော်တို့ဆီမှာ မူးယစ်ဆေးဝါး နည်းနည်းဖောင်း ပွပြီးတော့ သုံးစွဲနေကြပါတယ်။ " ဟု ပြောသည်။

အဆိုပါ စိတ်ကြွဆေးပြားများမှာ အခြားနေရာက ရယူသုံးစွဲသည်မက ယခု ဘူးသီးတောင် မြို့ပေါ်မှာပါ အလွယ်တကူ ၀ယ်ယူ၍ ရနေကြကြောင်း သူကဆိုသည်။

လူငယ်များ ယခုလို မူးယစ်ဆေးဝါးသုံးစွဲပြီး ဘ၀ပျက်စီးနေသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ သုံးစွဲသူများပါ ရောင်းချပေးနေသူများပါ ယခုအချိန်ထိ တစ်စုံတရာ အရေးမယူသည့်အပြင် စုံစမ်းထောက်လှမ်းမှုလည်း အားနည်းနေကြောင်း သိရသည်။

ဤအတိုင်းသာ ရှေ့ဆက်၍သွားနေမည်ဆိုလျှင် လူငယ်များအတွက် အနာဂတ်မှာ ပိုမိုဆိုရွားစေနိုင်ကြောင်း ကိုသန်းလှိုင်က ဆက်ပြောသည်။

" ဒီလိုအမျိုးသာ လူငယ်တွေ ရှေ့ဆက်သွားနေအုံးမည် ဆိုရင်တော့ နောင်အနာဂတ်မှာနေပြီးတော့ အားလုံး စာမတတ်ပေမတတ်နဲ့ စာရိတ္တတွေပျက်ပြား၊ ဘ၀တွေပျက်စီးပြီးတော့ မိဘမှာရှိတာတွေကို ခိုးယူလုယက်၊ ဓါးမြတိုက်တဲ့အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ အဲဒီတော့ မိဘ၀တွေကလည်း စိတ်ဆင်းရဲရမယ်။ အခုသုံးစွဲသူတွေနည်းပေမယ့် နောက်ဆိုရင် များလာနိုင်ပါတယ်။ ဒါကြောင့် အခုအချိန်ကနေ မထိန်းသိမ်းဘူးဆိုရင်တော့ အနာဂတ်မှာ ပိုမိုဆိုးရွားစေနိုင်ပါတယ်။ " ဟု ပြောသည်။

ဘူးသီးတောင်မြို့ပေါ်တွင် လမ်းဘေး၌ရောင်းချနေကြသည့် တရားမ၀င်အရက်ဆိုင် အများကြီးရှိနေသောကြောင့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးအပြင် အရက်ကိုပါ အလွယ်တကူဝယ်ယူ၍ သောက်သုံးနေကြောင်း သိရသည်။

ဤကိစ္စနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များမှ အရေးယူမှုမရှိဘဲ လစ်လျူရှုထားကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

No comments: