Friday, September 6, 2013

မလေးရှား၌ ပြန်တော် ပြန်မည့် သူများအား မြန်မာသံရုံး၌ CI ကာဒ် ဆက်ထုတ် ပေးနေ

ရွှေဟင်္သာ

မလေးရှား အာဏာပိုင် များမှ တရားမဝင် မြန်မာ နိုင်ငံ သားများ အပါအဝင် နိုင်ငံ ခြားသား များအား ဆက်တိုက် လိုက်လံ ဖမ်းဆီး နေခြင်း ရှိနေပြီး မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံရုံး မှလည်း ၄င်း တရားမဝင် မြန်မာ နိုင်ငံ သားများ မြန်မာ ပြည်သို့ ပြန်နိုင်ရန် အတွက် CI ခေါ် နိုင်ငံသား စိစစ်ကဒ်များ ဆက်လက် ထုတ်ပေး နေကြောင်းလည်း အလုပ်သမား သံအရာရှိ ဦးစိုးဝင်းမှ ပြောသည်။

“တရားမဝင် သော်ငြားလည်း ၊ မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အထောက် အထား ပြနိုင်ရင် သူတို့ကို စီအိုင် ကဒ်လေးတွေ ထုတ်ပေး နေတယ်၊ နောက် မလေးရှား လဝကမှာ လက်ဗွေနှိပ် ဒဏ်ကြေးဆောင် ၊ အဲနောက် အထူး ခွင့်ပြုချက် လက်မှတ် ရပြီးရင် လေယာဉ်နဲ့ မြန်မာ နိုင်ငံ ပြန်လို့ ရပါတယ်” ဟု ဦးစိုးဝင်း က ပြောသည်။

မြန်မာ နိုင်ငံသား ဖြစ်ကြောင်း စိစစ်ရာ၌ နိုင်ငံသား စိစစ်ရေး ကဒ်ပြား၊ အိမ်ထောင်စု စာရင်း၊ မြန်မာ နိုင်ငံ၌ နေထိုင်သည့် ဒေသ၏ ရပ်ကွက် ထောက်ခံစာ စသည့် သုံးမျိုး ထဲမှ တမျိုးမျိုး တင်ပြ နိုင်လျှင် မြန်မာ နိုင်ငံသား ဖြစ်ကြောင်း အတည်ပြု နိုင်ကာ ထို့နောက်တွင် နိုင်ငံသား စိစစ်ရေး ကဒ်ဟု ခေါ်သည့် CI ကဒ်ပြား ထုတ်ပေးလျက် ရှိသည်ဟု ဆိုပါသည်။

မလေးရှား လဝက မှ ဒဏ်ရိုက်သည့် နှုန်းထား များမှာ Overstay နေထိုင်သူ များအား တစ်ရက်လျှင် မလေးရှား ရင်းဂစ် (၃၀) ဒဏ်ရိုက်ကာ ၊ ၆ လ အောက် ကျော်လျှင် ဒဏ်ကြေး ၁၀၀၀ နှင့် Special Pass ၁၀၀ ၊ ၆ လ အထက်မှ ၃ နှစ်အောက်အား ဒဏ်ကြေး ၂၀၀၀ နှင့် Special Pass ၁၀၀ ၊ ၃ နှစ်နှင့် အထက် အား ဒဏ်ကြေး ၃၀၀၀ နှင့် Special Pass ၁၀၀ တို့အား ဒဏ်ကြေး ပေးရကြောင်း သိရှိ ရသည်။

သို့သော်လည်း ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်နေ့တွင် သီတဂူ ဆရာတော် အရှင် ဉာဏိဿရ၏ သီတဂူ ဖောင်ဒေးရှင်းမှ အလှူငွေ အမေရိကန် ဒေါ်လာ ၁၀၃,၃၄၀ ကို ထိုဒဏ် ကြေးများ ပေးဆောင်ရန် လှူဒါန်း ထားခဲ့သည်။

ထို့ပြင် ဧရာဝတီ ဖောင်ဒေးရှင်းမှ အခမဲ့ လေယာဉ် လက်မှတ် ၁၀၀၀ စောင်နှင့် ပရီမီးယား ကော်ဖီမစ်နှင့် ကပုန်း (၇) ရက်နာရေး ကူညီမှု အသင်း တို့မှ စုပေါင်း၍ အခမဲ့ လေယာဉ် လက်မှတ် (၅၀၀) စုစုပေါင်း အခမဲ့ လေယာဉ် လက်မှတ် (၁၅၀၀) တို့ ကိုလည်း လှူဒါန်း ထားပါသည်။

ထိုအလှူငွေ၊ လေယာဉ် လက်မှတ် များထဲမှ အကုန်အစင် အသုံးမပြု ရသေးပဲ ကျန်ရှိ နေသေးကြောင်းနှင့် ၄င်းကျန်ရှိသည့် အလှူငွေ လေယာဉ် လက်မှတ် များအား မြန်မာ နိုင်ငံသားများ ပြည်တော် ပြန်နိုင်ရန်၌ ဆက်လက် အသုံးပြု သွားမည် ဖြစ်ကြောင်း ဦးစိုးဝင်းက ပြောသည်။

ထိုကိစ္စ ဆောင်ရွက် နေမှုကို မေးမြန်း နိုင်ရန် အတွက် ဦးဆောင် ဆောင်ရွက် နေသည့် ကိုသီဟ မောင်မောင်အား ရွှေဟင်္သာ သတင်း ဌာနမှ ဆက်သွယ် မေးမြန်း ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

ထိုလုပ်ဆောင် ချက်ကို မလေးရှား နိုင်ငံ ကွာလလမ်ပူ မြို့တော်ရှိ မြန်မာ သံရုံး၌သာ လုပ်ဆောင် နိုင်ပြီး အခြား မြို့များ၌ နေထိုင်သည့် မြန်မာ နိုင်ငံသားများ အတွက်မူ ကွာလလမ်ပူသို့ ရောက်ရှိရန် ခက်ခဲ ကြောင်းနှင့် လမ်းခရီး၌ အဖမ်းအဆီး တင်းကျပ် နေသည့် ကာလ၌ လုံခြုံမှု မရှိကြောင်း မလေးရှားရောက် မြန်မာ အလုပ်သမား တဦးက ပြောသည်။

ထိုအဖမ်း အဆီး တင်းကြပ် မှုနှင့် လုံခြုံမှု မရှိသည့် အခြေအနေ၊ မြန်မာ သံရုံး ၊ မလေးရှား လဝက တို့၌ ကြန့်ကြာ နေမှု များကြောင့် အောက်လမ်းခေါ် နယ်စပ် ဖြတ်ကျော် လမ်းမှ ပြန်နေသည့် လူများ တဖြည်းဖြည်း တိုးလာက တစ်ရက်လျှင် ၂၀၀ ဦး ဝန်းကျင်ခန့် မြင့်တက် လာကြောင်းလည်း ပွဲစား တဦး ဖြစ်သူ ကိုမုတ်ဆိတ်က ယမာန်နေ့က ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ထားပါသည်။

စက်တင်ဘာလ (၁) ရက်နေ့မှ စတင် ခဲ့သည့် မလေးရှား အာဏာပိုင် များမှ တရားမဝင် နိုင်ငံခြားသား များအား လိုက်လံ ဖမ်းဆီး ခဲ့ရာ မလေးရှား နိုင်ငံ၌ တရားမဝင် နေထိုင်သည့် တရားမဝင် နိုင်ငံခြားသား ၂၄၀၀ ဦးအား ဖမ်းဆီး ခဲ့ပြီး ထိုထဲတွင် မြန်မာ နိုင်ငံသား ၅၅၅ ဦး ပါဝင်ကြောင်း စက်တင်ဘာ (၄) ရက်နေ့ထုတ် မြန်မာ အစိုးရ သတင်းစာ များ၌ ဖော်ပြ ထားပါသည်။

ဆက်လက်၍ မလေးရှား အစိုးရ၏ တရားမဝင် နိုင်ငံ ခြားသားများ ဖမ်းဆီးမှု စစ်ဆင်ရေးသည် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ (၃) လ ကြာမြင့်မည် ဖြစ်ကာ အဖမ်းဆီး ခံရသည့် မြန်မာ နိုင်ငံသား အရေအတွက်လည်း ထပ်မံ၍ တိုးလာနိုင်ဖွယ် ရှိနေပါသည်။

လာမည့် တနင်္လာ နေ့၌ အလုပ်သမားအလုပ် အကိုင်နှင့် လူမှု ဖူလုံရေး ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ဦးဆောင်ကာ နိုင်ငံ ခြားရေး ဝန်ကြီး ဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ တာဝန် ရှိသူများ သမ္မတ၏ညွှန်ကြား ထားချက်ဖြင့် မလေးရှား နိုင်ငံသို့ သွားရောက် ညှိနှိုင်းရန် ရှိသည်ဟု ဦးစိုးဝင်းက ပြောသည်။

သို့သော်လည်း ဆွေးနွေး ကြမည့် ကိစ္စ အသေးစိတ် ကိုမူ မိမိ အနေဖြင့် ကြိုတင် ထုတ်ဖော် ပြောကြား နိုင်သေးခြင်း မရှိကြောင်း ၄င်းမှ ဆက်ပြောသည်။


တရားမဝင်နိုင်ငံခြားသား ဖမ်းဆီးခြင်း စီမံချက်၌ လူဝင်မှု ကြီးကြပ်ရေး၊ ရဲ၊ စပ်တပ်၊ပြည်သူ့စစ် အင်အား စုစုပေါင်း (၁၃၅၀၀၀) ခန့် အသုံး ပြုမည် ဖြစ်ကြောင်းလည်းအစောပိုင်းက မလေးရှား သတင်းစာ၌ ထုတ်ဖော် ရေးသား ထားကြသည်။

မလေးရှား နိုင်ငံ တရားမဝင် နိုင်ငံ ခြားသားများ ဖမ်းဆီး နှိမ်နှင်းမှု သမိုင်း၌ အင်အား အများဆုံး အသုံးပြုကာ ပြုလုပ်သည့် စီမံချက် တစ်ခုလည်း ဖြစ်ကြောင်း မလေးရှား နိုင်ငံရောက် မြန်မာ နိုင်ငံသား များက ဆိုကြပါသည်။

No comments: