Saturday, September 14, 2013

ဆန်စပါးထုတ်လုပ်မှု မြှင့်တင်ရန် မြန်မာကို IRRI ကူညီမည်

အောင်မင်း

မြန်မာ့ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများနှင့် အစီအစဉ်များအား အကောင်အထည်ဖော်ရာတွင် အကူအညီပေးရန်အတွက် မြန်မာအစိုးရနှင့် နိုင်ငံတကာဆန်လုပ်ငန်းဆိုင်ရာသုတေသနအဖွဲ့ (IRRI) တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

ယခုကဲ့သို့ လက်မှတ်ရေးထိုးလိုက်ခြင်းမှာ မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုအား မြှင့်တင်ရန်နှင့် ဆန်လုပ်ငန်းနှင့် သက်ဆိုင်သည့်ကဏ္ဍအသီးသီးတွင်လည်း တိုးမြှင့်သွားရန်တို့ အတွက်ဖြစ်သည်။

မြန်မာနိုင်ငံမှာ ၁၉၆၀ ခုနှစ်များတွင် ကမ္ဘာ့ဆန်တင်ပို့မှုတွင် အများဆုံးနိုင်ငံဖြစ်ပြီ ထိုအခြေအနေမျိုးအားပြန်လည်ရရှိခြင်းဖြင့် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ဒေသမှာ ဗီယက်နမ်နိုင်ငံ၏ မဲခေါင်မြစ်ဝှမ်းလွင်ပြင်ထက် ပို၍ ကျယ်ပြန့်သည့်အတွက် ဆန်ထုတ်လုပ်မှုနှင့် နိုင်ငံခြားတင်ပို့မှုတွင် သိသိသာသာတိုးမြင့်လာနိုင်သည်ဟု မြန်မာအစိုးရ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန (MoAI) နှင့် IRRI တို့ ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် MoAI ၀န်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဆားငန်ရည်၊ ရေလွှမ်းမိုးမှု၊ မိုးခေါင်မှုနှင့် အပူချိန်လျော့နည်းမှုတို့အား ခံနိုင်ရည်ရှိသည့် စပါးအမျိုးမျိုးအား လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အရည်အသွေးကောင်းမွန်သည့်မျိုးစေ့များ အသုံးပြုခြင်း၊ ခေတ်မီစိုက်ပျိုးရေးစနစ်များ ထွန်းကားလာခြင်း၊ ရိတ်သိမ်းရာ တွင် လေလွင့်မှုလျော့ကျစေခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းဈေးကွက် များသို့ လက်လှမ်းမီနိုင်ရေးနှင့် စပါး စိုက်ပျိုးရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် သိပ္ပံပညာရှင်များ၏ စွမ်းရည်များအား တိုးမြှင့်ရန်လည်း လိုအပ်သည်ဟု ၀န်ကြီးက ထပ်လောင်းပြောကြားသွားသည်။

မြန်မာအစိုးရနှင့် IRRI တို့သည် ပူးပေါင်းဆောင်ရွက်မှုများအား ၁၉၇၆ ခုနှစ်တွင် စတင်ခဲ့သည်။ ထိုအချိန်မှ စတင်ကာ ယနေ့အချိန်အထိ ပူးပေါင်းဆောင်ရွက်ခဲ့သည့်ရလဒ်အဖြစ် ထွက်နှုန်းကောင်းသည့်စပါးမျိုး ၇၇ မျိုးအား တိုးတက် ထုတ်လုပ်နိုင်ခဲ့သည်။ ထိုစပါးများအား ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာ ဈေးကွက်တို့အတွက် စိုက်ပျိုးနေကြောင်း IRRI အဆိုအရ သိရသည်။

No comments: