Sunday, September 8, 2013

အင်္ဂလန်မှာ ထူးချွန်တဲ့ ရခိုင်သူလေးခိုင်(Kai)

ဇေယျာဦး

လန်ဒန်က မိတ်ဆွေ တစ်ယောက်ရဲ့ ကလေး အကြောင်း အွန်လိုင်းပေါ်မှာ သတင်းတွေ့ရမှ ဒီကလေးမ စာတော်တော် တော်ပါလား ဆိုတာ သိရတယ်။ Preston Manor School ရဲ့ ထိပ်တန်း GCSE အမှတ်ရတဲ့ ကျောင်းသူ၊ ကျောင်းသား စာရင်းမှာ ၅ ဘာသာ A* နဲ့ ၆ ဘာသာ A ရပြီး ပါလာတယ်။ ကောင်မလေးက မြန်မာ (ရခိုင် တိုင်းရင်းသူ) လေးပါ။

နာမည်က Kai တဲ့။ သူက အခုလို အမှတ် ကောင်းကောင်းနဲ့ အောင်ဖို့ ဘာကျူရှင်မှ မယူခဲ့ဘူး။ ကျွန်တော်က သူ့ကို သိတာက လန်ဒန်က ပွဲတွေမှာ သူတို့ မိသားစုနဲ့ စုံရင်းနဲ့သိခဲ့တာ။ သူတို့မိသားစုက အနုပညာလည်း တော်တော် ဝါသနာပါတော့ ကလေးမကို ကျောင်းစာမှာ အဲဒီလောက် တော်နေလိမ့်မယ်လို့မထင်ထားဘူး။ ကောင်မလေးက ကိုယ်တိုင်လည်း မြန်မာရိုးရာ အကတို့၊ ရခိုင် ရိုးရာ အကတို့က တက်တယ်။ အီတလီမှာ လုပ်တဲ့ Oriental Festival မှာလည်း ဟိုက ဖိတ်လို့ ရခိုင် ဆီးမီးခွက် အက သွားကသေးတယ်၊ ပြီးတော့ မြန်မာ ဆိုင်းဝိုင်းတောင် တီးတတ်သေး။ အားကစားမှာလည်း ဘတ်စကက်ဘောရော၊ ဘောလုံးမှာပါ ကျောင်းလက်ရွေးစင်၊ အပြေးပြိုင်ပွဲတွေမှာ ဆုတွေ ဘာတွေလည်း ရတယ်။

ဘက်စုံတော်တဲ့ ကလေးပေါ့ဗျာ။ ဒါပေမဲ့ သူဖြေသွားတဲ့ အင်တာဗျူးမှာ စိတ်ဝင်စားဖို့ ကောင်းတာက သူက ခုချိန်ထိ ဘာလုပ်မယ် ဆိုတာ မသေချာသေးဘူးတဲ့။ ဒီကလေးမ ဘာကြောင့် ဘာလုပ်မယ် ဆိုတာ မသေချာ သေးဘူးလို့ ပြောလဲ ကျွန်တော် မသိဘူး။ ဒါပေမဲ့ အဲဒီလို ဖြေတာကို သဘောကျတယ်။ ကျွန်တော်တို့များ ဆိုရင် ငယ်ငယ်ကထဲက စစ်ဗိုလ်ကြီး လုပ်မယ်၊ ဆရာဝန်ကြီး လုပ်မယ်၊ အင်ဂျင်နီယာကြီး လုပ်မယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သေချာ ခဲ့ကြတယ်။

အမှန်တော့ မိဘက လုပ်စေချင်တဲ့ ဟာတွေထဲက တစ်ခုခုကို ဖက်တွယ် မိသွားတာလား၊ လူအထင်ကြီးနိုင်မဲ့ ကျောင်းကို တက်ချင် ခဲ့မိတာလားတော့ မသိဘူး၊ ကျွန်တော်ကတော့ ဝိုင်အိုင်တီ (Y.I.T) ကို ရောက်သွားခဲ့တယ်။ အဲဒီ အချိန်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် အင်ဂျင်နီယာ ဖြစ်ချင်တယ်လို့ ထင်ခဲ့တာ။ ကျောင်းသွားပြီး သွားတယ်။ ဘဝမှာ တခါမှ အင်ဂျင်နီယာ အလုပ် မလုပ်ခဲ့ရဘူး။ ကျောင်းတက် နေရင်း အင်ဂျင်နီယာ အလုပ်ကို စိတ်မဝင်စားတော့လို့အိုင်တီ (I.T) ပြောင်းလေ့လာတယ်။

ကျောင်းပြီး သွားတော့လည်း အိုင်တီနဲ့ပါတ်သတ်တဲ့ အလုပ်တွေပဲ လုပ်ခဲ့တယ်။ အခုတော့ မလုပ်လည်း မလုပ်ချင်တော့ဘူး။ မလုပ်လည်း ဆက်မလုပ်ဖြစ်တော့ဘူး။ ကိုယ်ဘာဖြစ်ချင်မှန်း၊ ဘာလုပ်ချင်မှန်းကို မသိတော့တာ။ အမှန်တော့ ကျွန်တော်က ဒီကလေးမ အရွယ်မှာ ကထဲက ဒီကလေးမလို ကိုယ်ဘာဖြစ်ချင်မှန်း (ဒါမှမဟုတ်) ကိုယ်ဘာအလုပ်နဲ့ အသက်မွေး ဝမ်းကြောင်း ပြုချင်မှန်း ကိုယ့်ကိုယ်ကိုယ် မသိခဲ့ဘူး ဆိုတာ သိခဲ့ဖို့ ကောင်းတယ်။ ဒါပါပဲကွယ်။


"Kai is unsure about her future occupation but for now she is staying on at school to study A levels in biology, chemistry, further maths and history."

မျိုးဇေယျာဦး

No comments: