Tuesday, September 3, 2013

(၃)လပါတ် အစည်းအဝေးတွင် KNU နှင့် BGF တို့ ပြသနာ ဖြေရှင်းရန်ရှိ

ဖြူဖြူကို

KNU မှ BGF အား တိုက်ခဲ့သည့် ပြသနာကို နက်ဖြန် စက်တင်ဘာလ (၃) ရက်နေ့တွင် ကရင်ပြည်နယ် မြ၀တီ ခရိုင် ရွှေကုက္ကိုမြိုင် ကျေးရွာ၌ ကျင်းပရန် ရှိသည့် ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မတီ ပုံမှန်(၃) လ တကြိမ် အစည်းအဝေးတွင် ဖြေရှင်းရန် ရှိသည်ဟု ကရင် အမျိုးသား အစည်းအရုံးမှ ဗိုလ်မှူးကြီး ပဒို ဖောဒို့ကဆိုပါ သည်။

“ ပြသနာတစ်ခုခု ဖြစ်လာရင် ဖြေရှင်းဖို့ အတွက်ရယ်၊ ပြီးတော့ တူညီတာတွေကို ပူးပေါင်း ဆောင်ရွက်ကြဖို့ဆိုပြီး ဒီ အဖွဲ့ကို ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒီတော့ နောက်ဆို စုပေါင်းရုံး တစ်ခု ထားဖို့တောင် စဉ်းစားကြရမဲ့ အနေအထားကို ဖြစ်လာတယ်လေ” ဟု ဆိုပါသည်။

ဤသို့သော် အခြေခံ သဘော တူညီမှုဖြင့် သြဂုတ်လ (၁၆) ရက်နေ့၌ဖာပွန် ခရိုင် တပ်မဟာ (၅) နယ်မြေတွင် ဖြစ်ပွားခဲ့ သောဝဲကြီး စခန်း တိုက်ခိုက်မှုကို ဖြေရှင်းကြမည် ဖြစ်ပါသည်။ ယင်းပြသနာ၌ KNU တပ်မဟာ(၅) နယ်မြေမှ အဖွဲ့ဝင် (၅) ဦး တို့သည် ၄င်းတို့ ကိုင်ဆောင်သည့် လက်နက် များနှင့် အတူ BGF ထံသို့ လာရောက် ပူးပေါင်း ခဲ့ရာမှ ပြသနာ စတင် ခဲ့ပါသည်။ KNU တပ်မဟာ (၅) အဖွဲ့သည် ၄င်းတို့၏ လူနှင့် လက်နက်များ ပြန်ပေးရန် တောင်းဆိုခဲ့ပြီး BGF သည် အဆင့်ဆင့် အမိန့်များ တောင်းဆိုမှု ကြန့်ကြာ နေသဖြင့် KNU တပ်ဖက်မှ စတင် ခဲ့သည့် ပြသနာပင် ဖြစ်သည်ဟု BGF တပ်မှူး တဦး ဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူက ဆိုပါသည်။

၎င်းပြသနာအား ယခု အစည်းအဝေး၌ ဆွေးနွေး သွားမည် ဖြစ်ကာ အဖွဲ့ အားလုံး၏ ဆုံးဖြတ်ချက် အပါ် နှစ်ဖက် စလုံးက လိုက်နာ သွားကြရန် ဖြစ်ပါသည်။ အောက်ခြေ ၌ ဖြစ်ပွားသော ပြသနာများကို လက်နက်ဖြင့် ဖြေရှင်းခြင်း မပြုကြရန်နှင့် ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ဖြေရှင်းကြရန် အတွက် ထပ်မံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း ဆိုပါသည်။

ဤကဲ့သို့ ပြသနာ ဖြစ်ခဲ့ကြ သော်လည်း ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီသည် ပြီးခဲ့သည့် မေလ (၂၈) ရက်နေ့တွင် ၄င်းတို့ သဘော တူခဲ့သော အချက် (၇) ချက်ကို ဆက်လက် အကောင်အထည် ဖေါ်နိုင်ရန် သုံး သပ်ကြမည်ဟု ဗိုလ်မှူးကြီး ပဒို ဖောဒို့က ဆိုပါသည်။

အထူးသဖြင့် ကရင် လက်နက်ကိုင် အဖွဲ့များ ကြားရှိ လက်နက်ကိုင် ပဋိပက္ခ ပြသနာများ၊ ကရင် ပြည်နယ် တွင်းရှိ မူးယစ်ဆေးဝါး ပြသနာများကို ကိုင်တွယ်ရန်နှင့် အဖွဲ့စုံ ပါဝင်သော စုပေါင်းရုံး တရပ် ထားရှိရေး ကိစ္စများကို ဆွေးနွေး ကြမည် ဖြစ်ကြောင်း ဆိုပါသည်။ ဤအထဲတွင် မူးယစ် ဆေးဝါး ပြသနာ များအား ကိုင်တွယ် ဖြေရှင်းနိုင်ရန် အတွက် သီးသန့် ဆပ်ကော်မတီ တခုကိုလည်း ယခု ဆွေးနွေး ပွဲတွင်ပင် ဖွဲ့စည်းသွားနိုင်ရန် ရှိပါသည်။

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA ) ကမူ ယခင် ဆုံးဖြတ် ထားသည့် အချက် (၇) ချက် အပြင် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို ပိုမို အလေးထား သွားရန် တင်ပြ သွားမည်ဟု ကလိုးထူးဝါး ကွပ်ကဲရေး တပ်ဖွဲ့မှ ဗိုလ်မှူးဝေ့လေက ဆိုပါသည်။ ထို့ပြင် မယ့်တဝေါ့ ဘက်တွင် နေရာယူ ထားကြသည့် DKBA နှင့် BGF အဖွဲ့တို့၏ နယ်မြေ သတ်မှတ်မှုကိုလည်း တင်ပြရန် ရှိပါသည်။ 


အဆိုပါ (၃) လပါတ် အစည်း ဝေးသို့ တက်ရောက်သော KNU ကိုယ်စားလှယ်များမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ ဦးဆောင်သည့် ကိုယ်စားလှယ် (၆) ဦးနှင့် BGF မှ ဗိုလ်မှူးကြီး ချစ်သူ ဦးဆောင်သည့် တပ်နယ်မှူးနှင့် တပ်နယ် အကြံပေး အရာရှိများ အပါအ၀င် ကိုယ်စားလှယ် (၁၀) ဦးခန့် တက်ရောက် ကြမည် ဖြစ်သည်။

အလားတူ DKBA ကလို့ထူးဝါး စစ်ဗျူဟာ ကွပ်ကဲရေး တပ်ဖွဲ့မှ ဗိုလ်မှူး ဝေ့လေနှင့်ဗိုလ်မှူး သရီးထူး၊ ကရင် ငြိမ်း ချမ်းရေး ကောင်စီ (KNU/KNLA-PC) မှ ဖိုးရင်နု ဦးဆောင်သည့် အဖွဲ့၊ ဘုရားကုန်း အဖွဲ့မှ ဦးမြင့်သန်းနှင့် ကရင် ငြိမ်း ချမ်းရေးတပ်ဖွဲ့ (KPF) မှကွပ်ကဲရေး တာဝန်ခံ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သည်။

ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ညီညွတ်ရေး ကော်မတီကို ကရင် လက်နက်ကိုင် အဖွဲ့စုံမှ ကော်မီတီဝင် (၁၇) ဦးဖြင့် ဖွဲ့စည်း ထားသည်။

အဖွဲ့ခေါင်းဆောင်မှာ KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျောနီ ဖြစ်ကာ ကျန်အဖွဲ့ဝင် များမှာ ပဒိုဖောဒို့ (KNU ) ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU) ၊ဗိုလ်မှူး ချစ်သူ(BGF) ၊ ဗိုလ်မှူး စောကြာအဲ (BGF) ၊ ဒေါက်တာ စောဌေးမြင့် (BGF) ၊ ဖိုးရင်နု (KNU/KNLA-Peace Council) ၊ ဗိုလ်မှူးကြီး စောယိုရှူး၊ ဦးမြင့်သန်း၊ ဦးကျော်မြင့် (ဘုရားကုန်း အဖွဲ့) ၊ ဗိုလ်ချုပ် မိုရှေး (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်သက် (DKBA) ၊ ဗိုလ်မှူးကြီး စောသန်းအောင် ၊ ဗိုလ်မှူး စတီဗာ (KPF) ၊ စောနေ၀င်း (KPF) ၊ စောအယ်မိုး (KPF) တို့ဖြစ်ပါသည်။

No comments: