Tuesday, September 10, 2013

MAI ၏ အခမဲ့လေကြောင်းဖြင့် ပြန်လာရန်စာရင်းပေးထားသည့် မလေးရှားမှ မြန်မာလုပ်သား ၁၇၀ ကျော်ရှိ

မင်းမင်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၃

မလေးရှားမှ မြန်မာလုပ်သားများကို လေယာဉ်လက်မှတ်အခမဲ့ဖြင့် ပြန်လည်ခေါ်ဆောင်ရန် MAI လေကြောင်းလိုင်း က စီစဉ်ထားရာ စက်တင်ဘာလ ၁၃ ရက်၌ အပြန်ခရီးအတွက် စာရင်းပေးထားသူ ၁၇၀ ကျော်ရှိကြောင်း ထိုလေကြောင်းလိုင်း၏ ဈေးကွက်နှင့် ပြင်ပဆက်ဆံရေးအရာရှိ ဒေါ်အေးမရသာက ပြောသည်။

“အခုချိန်ထိ ၁၇၃ ယောက် စာရင်းပေးထားပါတယ်။ ဘယ်လို အလုပ်သမားတွေလဲတော့ တပ်အပ်ပြောလို့ မရဘူး။ သေချာတာတော့ ဟိုမှာဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေပဲပေါ့” ဟု ၎င်းကဆိုသည်။

ယင်းလေကြောင်းဖြင့် ပြန်လာမည့် အလုပ်သမားများသည် ယခုလ ၁၃ ရက်မွန်းလွဲသုံးနာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး MAI နှင့် ကမ္ဘောဇလေကြောင်းလိုင်းနှစ်ခု ပူးပေါင်း၍ အခမဲ့ပြန်လည်ခေါ်ဆိုခြင်းဖြစ်သည်။

စက်တင်ဘာ ၁ ရက်မှစတင်၍ မလေးရှားအစိုးရက တရားမ၀င်အလုပ်သမားများကို ဖမ်းဆီးလျက်ရှိနေပြီး လက်ရှိ အချိန်ထိ မြန်မာနိုင်ငံသား ၅၅၀ ထက်မနည်း ဖမ်းဆီးခံထားရသည်ဟု နိုင်ငံပိုင်သတင်းစာများက ဖော်ပြထားသည်။

မြန်မာလုပ်သားများကို မလေးရှားအာဏာပိုင်တို့က ဖမ်းဆီးနေသည့်ကိစ္စနှင့်ပတ်သက်၍ ထိုနိုင်ငံအစိုးရနှင့် ဆွေးနွေး ရန် မြန်မာအစိုးရက ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စက်တင်ဘာ ၉ ရက်က စေလွှတ်လိုက်ပြီးလည်း ဖြစ်သည်။

No comments: