Saturday, September 14, 2013

အခြေခံအဆောက်အအုံ ၀ယ်ယူမှု ဘဏ်ချေးငွေရရှိရေး သတ်မှတ်ချက် SMEs ဖွံ့ဖြိုးရေးစံနှုန်းနှင့် ကင်းကွာ

ထင်လင်းအောင်

အစိုးရမှထုခွဲရောင်းချပေးသည့် မြေ နှင့်အဆောက်အအုံများကို ကျပ်သန်းပေါင်းတစ်ထောင်နှင့်အထက် ၀ယ်ယူသူများ အား ၇၀ ရာခိုင်နှုန်း ဘဏ်ချေးငွေထုတ်ပေးမည့် စီမံချက်မှာအသေးစားနှင့်အလတ်စား လုပ်ငန်း SMEs ဖွံ့ဖြိုးရေးနှင့် ကိုက်ညီမှုမရှိပဲ စဉ်းစားဖွယ်ဖြစ်နေကြောင်း စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များက ပြောသည်။

အသေးစားနှင့် အလတ်စားလုပ်ငန်း (SMEs) များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးဝန်ကြီး ဌာန၏ဆောင်ရွက်ထားမှုများအား ပြည်သူများသိရှိစေရန် ထုတ်ပြန်ကြေညာချက်ဟုဆိုကာ သြဂုတ်လ ၁၂ ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားခြင်းအား ထောက်ပြခြင်းဖြစ်သည်။

ထုတ်ပြန်ကြေညာချက်တွင်မှု နိုင်ငံတော်မှ ထုခွဲရောင်းချသည့် မြေနှင့်အဆောက်အအုံများ၊ စက်ရုံ၊ အလုပ် ရုံများကို ၀ယ်ယူသူတိုင်းရင်းသား လုပ်ငန်းရှင်များသည် ၀ယ်ယူမည့်ကျသင့်ငွေ၏ ၃၀ရာခိုင်နှုန်းအား တစ်လုံးတစ်ခဲပေးသွင်းပြီး ပါက ကျန် ၇၀ ရာခိုင်နှုန်းအား ဘဏ်တိုးနှုန်း ၁၆ ရာခိုင်နှုန်းဖြင့် ၅ နှစ် သက်တမ်းအထိ ထုတ်ချေးပေးရန်ဘဏ်များသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်းပါဝင်သည်။

ချေးငွေရရှိနိုင်သူများမှာလည်း နိုင်ငံတော်မှ ထုခွဲရောင်းချသည်များကို ကျပ်သန်းပေါင်းတစ်ထောင် (သိန်းပေါင်း တစ်သောင်း) နှင့် အထက်ဝယ်ယူသည့် လုပ်ငန်းရှင်များကိုသာ ထုတ်ချေးပေးရန်နှင့် ဘဏ်အတိုးနှုန်းမှအပ အခြား မည်သည့် ၀န်ဆောင်ခနှုန်းထားကိုမှ ကောက်ခံခြင်းမရှိရန် အချက်လည်း ပါဝင်သည်။

စီးပွားရေးပညာရှင် ဦးလှမောင်က“ ကမ္ဘာ့ဘဏ်က စံနှုန်းအရ SMEs ဆိုတာ ကျပ်သန်း ၅၀ လောက်နဲ့ လုပ်တဲ့လုပ်ငန်းတွေ လို့ အဓိပ္ပာယ်သတ်မှတ်ထားတယ်။ သန်းတစ်ထောင်ဆိုတဲ့ ပမာဏက ကာလပေါက်ဈေးကို ရည်ညွှန်းထားတာ။ ဘယ်လိုလုပ် SMEs ဖွံ့ဖြိုးရေးဖြစ်နိုင်တော့မလဲ။ တကယ်ဖွံ့ဖြိုးစေချင်တဲ့ ဆန္ဒသာရှိရင် ကျပ်သန်း ၅၀ လောက်နဲ့ လုပ်နေတဲ့သူတွေကို ၇၀ ရာခိုင်နှုန်း ငွေချေးပေးတာမျိုးပဲ ဖြစ်သင့်တယ်” ဟုပြောသည်။

ကျပ်သန်းတစ်ထောာင်နှင့် အထက်ဆိုသည့် သတ်မှတ်ချက်မှာလည်း SMEs လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်သော ပမာဏ မဟုတ်ဘဲ လုပ်ငန်းကြီးလုပ်ကိုင်သူများအတွက် ဖန်တီးပေးနေသည့်သဘော သက်ရောက်နေကြောင်း ယင်းကဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သူ ဦးမြတ်သင်းအောင်က“ SMEs တွေအတွက်ဆိုရင် သတ်မှတ်ပမာဏတွေလျှော့ဖို့လိုတယ်။ အခုအတိုင်းဆိုရင်တော့ လုပ်ငန်းရှင်အကြီးစားတွေကို SMEs ခေါင်းစဉ် အောက်ထဲ ဆွဲသွင်းတာ လား ဆိုတာ စဉ်းစားစရာဖြစ်နေတယ်”ဟု ပြောသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် အမှန်တကယ် လုပ်ငန်းဆောင်ရွက်လိုသူများထက် မြေအရောင်းအ၀ယ် ကစားခြင်းနှင့် အိမ်ရာဆောက်လုပ်ရောင်းချလိုသူများကို တွန်းအားပေးသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ယင်းကထောက်ပြပြောသည်။

ဦးမြတ်သင်းအောင်က“ ဒီလိုမျိုးလုပ်တဲ့ နေရာမှာလည်း တကယ်လုပ်ငန်းလည်ပတ်နေတဲ့သူတွေကို ချေးပေးတာ ပိုကောင်းတယ်။ မဟုတ်ရင် ချေးငွေသက်တမ်း ငါးနှစ်ဆိုတာ တကယ်လုပ်ငန်းမလုပ်ဘဲ ခုနက ဘဏ်ချေးငွေနဲ့ ၀ယ်ထားတဲ့ မြေပေါ်မှာ အဆောက်အအုံဆောက်ပြီး ရောင်းဖို့လုံလောက်တဲ့ အချိန်တစ်ခုပဲလေ။ ဒါတွေကိုများ ဦးစားပေးသလို ဖြစ်နေမလားပေါ့”ဟုပြောသည်။

လက်ရှိအချိန်တွင် အစိုးရအနေဖြင့် SMEs လုပ်ငန်းတိုးတက်ရေးအတွက် လုပ်ငန်းစတင်သူများအတွက် သုံးနှစ် အခွန်ကင်း လွတ်ခွင့်များကို ဆောင်ရွက်နေခြင်းဖြစ်သော်လည်း လက်တွေ့တွင်မှု အသေးစားနှင့် အလတ်စားလုပ်ငန်း ဥပဒေ SMEs Law ထွက်ပေါ်လာမှု မရှိသေးခြင်ကြောင့် ယင်းခံစားချက်များ မရရှိ ဘဲဖြစ်နေရာ လက်တွေ့ အကျိုးခံစားများ ရရှိရန် အမြန်ဆောင်ရွက်ပေးသင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ဆိုသည်။

SMEs လုပ်ငန်း အမှန်တကယ်ဖွံ့ဖြိုးစေရန် ဆောင်ရွက်မည်ဆိုပါက အစိုးရမြေများကို ဈေးနှုန်းလျှော့ရောင်းပေးခြင်းနှင့် နှစ် ၃၀ မှ နှစ်၆၀ အထိ နှစ်ရှည် အရစ်ကျ ဘဏ်ချေးငွေများ ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသင့်ကြောင်း ဦးလှမောင်က ပြောသည်။

“မြေဆိုတာ အစိုးရပိုင်ပဲလေ။ တကယ်လုပ်မယ့်သူတွေကိုပဲ စစ်ထုတ်ပြီး မြို့ထဲမှာဆိုရင် တစ်ပေ ပတ်လည်ကို ခုနစ်ဒေါ်လာ၊ မြို့စွန်မှာဆို လေးဒေါ်လာဒီလိုတွေသတ်မှတ်ရောင်းပေးလို့ရတာပဲ။ဒါတွေကိုလည်း တကယ် လုပ်နိုင်မယ့်သူစိစစ်ပြီး နှစ်ရှည်ချေးငွေတွေ ဖြစ်မယ်ဆိုရင် SMEs က မတိုးတက် စရာမရှိပါဘူး” ဟုဆက်ပြောသည်။

No comments: