Thursday, September 5, 2013

နိုင်ငံရေးဆွေးနွေးမှုမှာ ၀ အဖွဲ့ ပါဝင်ဖို့ UNFC လိုလား

ABC

မြန်မာနိုင်ငံက ​တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ ​နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ​ဖယ်ဒရယ် ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​တွေရေးဆွဲနိုင်ဖို့ ​ကိစ္စတွေမှာ ​၀ ​ပြည်သွေးစည်းညီညွတ်ရေး ​တပ်မတော် ​UWSA ​အဖွဲ့အနေနဲ့ ​ညီညွတ်သောတိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​UNFC ​အဖွဲ့နဲ့အတူ ​ပူးပေါင်းပါဝင်ဖို့အတွက် ​UNFC ​ဥက္ကဌက ​UWSA ​စခန်းကို ​ရောက်ရှိနေတယ်လို့ ​သိရပါတယ်။

UNFC ​ဥက္ကဌ ​အဖြစ်တာဝန်ယူထားတဲ့ ​ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ​KIO ​က ​ဒုတိယ ​ဗိုလ်ချူပ်ကြီး ​အင်ဘန်လ ​ဦးဆောင်တဲ့အဖွဲ့ဟာ ​UWSA ​ပန်ဆန်းဌာနချူပ်ကို ​ရောက်ရှိနေတယ်လို့ ​သိရပါတယ်။

အခုသွားရောက် ​တွေ့ဆုံ့မှုနဲ့ပတ်သက်ပြီး ​UNFC ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​ဖယ်ဒရယ်ကောင်စီ ​က ​တွဲဖက် ​အထွေထွေအတွင်းရေးမှူး ​၂ ​ဦးခွန်ဥက္ကာ ​က ​အခုလို ​ပြောပြပါတယ်။

“UNFC ​က ​ကျနော်တို့ ​ဥက္ကဌ ​ကိုယ်တိုင် ​သွားတာပါ။ ​ကျနော်တို့က ​ဒီ ​နိုင်ငံရေးအရ ​တွေ့ဆုံဆွေးနွေးပွဲလုပ်ရင် ​UNFC ​ကိုယ်စားလှယ်အဖွဲ့နဲ့ ​ပူးတွဲပြီးတော့ ​တွေ့ဆုံဆွေးနွေးပွဲဝင်ဖို့ဆိုပြီးတော့ ​၀ ​ကို ​ဖိတ်ထားတာရှိတယ်လေ ​အဲ့ဒီ ​ဖိတ်ကြားထားတဲ့ ​ကိစ္စကို ​ထပ်လောင်းပြီးတော့ ​ဖိတ်နိုင်တယ် ​ဒါတစ်ချက်ပေါ့။ ​ဒုတိယအချက်ကတော့ ​အခု ​ဖယ်ဒရယ် ​ဖွဲ့စည်းပုံအခြေခံဥပဒေ ​ရေးမည့်ကိစ္စမှာလည်း ​ကျနော်တို့က ​အနည်းဆုံးတော့ ​၀ ​၊ ​မိန်းလား၊ ​ကိုးကန့် ​ကနေပြီးတော့ ​ကိုယ်စားလှယ် ​တစ်ယောက်လောက်ပေးဖို့ ​ကျနော်တို့ ​ပြောထားတော့ ​အဲ့ဒါကိုလည်းပဲ ​သူတို့ ​ထပ်လောင်းပြီးတော့ ​နိုးဆော်တဲ့သဘောလည်း ​ဖြစ်နိုင်တာပေါ့ဗျား။ ​ကျနော်တော့ ​သိသလောက်တော့ ​အဲ့သလောက်ပါပဲ။ ​ကျနော်တို့ ​ပြောထားတာကတော့ ​ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ။ ​အဲ့ဒီ ​နိုင်ငံရေးအရ ​တွေ့ဆုံဆွေးနွေးပွဲမှာ ​အတူတူ ​ဆွေးနွေးကြမယ်၊ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေအသစ် ​ရေးတဲ့ထဲမှာ ​အတူတူပါကြမယ် ​အဲ့သလို ​ဖိတ်ခေါ်ထားတာပါပဲ။”


UWSA ​အဖွဲ့နဲ့ ​တွေ့ဆုံဆွေးနွေးမှုရလာဒ်ကိုတော့ ​ဒုတိယ ​ဗိုလ်ချူပ်ကြီး ​အင်ဘန်လ ​ခေါင်းဆောင်တဲ့ ​အဖွဲ့ ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့ကို ​ပြန်ရောက်မှပဲ ​အသေးစိတ်သိရှိနိုင်မှာဖြစ်တယ်လို့ ​ဦးခွန်ဥက္ကာက ​ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ​ဇူလိုင်လ ​၃၁ ​ရက်နေ့က ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ ​တိုင်းရင်းသားလူမျိုးများ ​ညီလာခံကနေ ​ဖယ်ဒရယ်ပြည်တောင်စု ​မူအပေါ်အခြေခံပြီး ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေသစ် ​မူကြမ်းရေးဆွဲရေးကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့သလို ​အချက် ​၁၀ ​ချက်ကိုလည်း ​သဘောတူ ​ဆုံးဖြတ်ထားခဲ့ကြတယ်လို့ ​သိရပါတယ်။

တဆက်တည်းမှာပဲ ​UNFC ​အဖွဲ့အနေနဲ့ ​အခုလ ​စက်တင်ဘာ ​၈ ​ရက်နေ့မှာ ​ပြည်တောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီ ​ဒု ​ဥက္ကဌ ​၀န်ကြီး ​ဦးအောင်မင်း ​ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ​ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​ပထမဆုံးအကြိမ် ​နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ ​ရှိနေကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ ​ထားပါတယ်။

No comments: