Thursday, September 19, 2013

UNHCR ၏ ခွဲခြားဆက်ဆံမှုကို မလေးရောက် ရခိုင်များ စာပို့ ကန့်ကွက်

မောင်အေး

မလေးရှားရောက် ရခိုင်အမျိုးသားများ အနေဖြင့် ယူအန် ဒုက္ခသည် အဖြစ် လျှောက်ထားရာတွင် ခွဲခြားဆက်ဆံမူများ ရှိနေသဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့ စာရေး ကန့်ကွက်လိုက်သည်ဟု သတင်း ရရှိသည်။

မလေးရှားရှိ UNHCR သည် မြန်မာနိုင်ငံသား ယူအန် လျှောက်ထားသူများကို စစ်ဆေးပြီး ဒုက္ခသည် အဖြစ် အသိအမှတ် ပြုပေးနေသော်လည်း ရခိုင်နှင့် ဗမာ လူမျိုးများကိုမူ ဒုက္ခသည်များ အဖြစ် အသိအမှတ် မပြုဟု သိရသည်။

ယခုလုပ်ရပ်သည် မြန်မာနိုင်ငံသားများ အကြားတွင် ခွဲခြားဆက်ဆံမူ ဖြစ်သဖြင့် အဆိုပါ လုပ်ရပ်ကို ရပ်တန့်ရန် စာရေးတောင်းဆိုခဲ့သည်ဟု ဆိုသည်။ မလေးရှားနိုင်ငံ မာလာကာ၊ ဂျိုးပါရိုး ပီနန်း၊ ချရပ်၊ ချားလန်းစသည့် နယ်မြေ ၁၂ ခုမှ ရခိုင်လူမျိုး လက်မှတ်ပေါင်း ၁၀၀၀ ကျော်နှင့် အတူ ၎င်းစာကို UNHCR ကို သွားပို့ပေးခဲ့သည်ဟု ရခိုင်အဖွဲ့အစည်း တစ်ခုကို ကိုယ်စားပြုသူ ကိုမျိုးရခိုင်မှ ပြောသည်။

“ စာကိုတော့ ယူအန်မှ လက်ခံထားလိုက်ပါတယ်။ ဘယ်လို တုန့်ပြန်မလဲဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

စာထဲတွင် ယူအန်မှ ရခိုင်အမျိုးသားများကို ခွဲခြားမဆက်ဆံဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရခိုင်အမျိုးသားများလည်း တခြားတိုင်းရင်းသားများနှင့်ထပ်တူ ဖိနှိပ်ခံနေရကြောင်း၊ မလေးရှား နိုင်ငံတွင်လည်း တခြားမြန်မာနိုင်ငံသားများနည်းတူ ဒုက္ခရောက်နေကြရကြောင်း၊ သို့အတွက် ရခိုင်အမျိုးသားများကို လူသားချင်း စာနာပြီး ယူအန်မှ ကူညီပေးရန် တောင်းဆိုထားကြောင်း သူက ပြောပါသည်။

ယခုကဲ့သို့ စာရေး မေတ္တာရပ်ခံသည့် အဆင့်နှင့် အောင်မြင်မှုမရရှိလျှင် လူအင်အား ၁၀၀၀၀ ခန့်ဖြင့် ဆန္ဒ ထုတ်ဖော်ပွဲများ ပြုလုပ်ကာ တောင်းဆိုသွားရန် စီစဉ်ထားကြောင်း သူက ဆက်ပြောသည်။

မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်ရန် ရခိုင်အမျိုးသား ၂၆၀၀၀ ခန့် ရောက်ရှိနေပြီး ရခိုင်လူမျိုးများကို ဗမာ လူမျိုးများနည်းတူ အုပ်ချုပ်သူများ၊ ဖိနှိပ်မခံရသူများဟု သတ်မှတ်ပြီး ဒုက္ခသည် အဖြစ် အသိအမှတ်ပြုရန် ယူအန်က ငြင်းပယ်နေသည်ဟု ဆိုသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများကို UNHCR မှ မကြာသေးမီက ဒုက္ခသည်အဖြစ် အသိမှတ်ပြုပေးနေကြောင်း၊ ရခိုင် လူမျိုး ဒုက္ခသည်အဖြစ် လျှောက်ထားသူမှာ အနည်းဆုံး သောင်းဂဏန်း အထက်ရှိနိုင်ကြောင်း၊ သို့သော်လည်း ယခုအချိန်အထိ ရခိုင် တစ်ဦး တစ်ယောက်မှ အသိမှတ်ပြု မခံရသးကြောင်း သူက ပြောသည်။

“ UNHCR ရုံးမှာ ခွဲခြား ဆက်ဆံမှုမရှိရလို့ စာကပ်ထားပေမဲ့ မြန် မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ အထဲက ရခိုင်တွေကို သီးခြား ခွဲထုတ်ပြီး သူတို့က ဆက်ဆံနေတယ်လို့ ကျွန်တော်မြင်တယ်” ဟု ၎င်းက ဆိုသည်။

ယခင်က မလေးရှားနိုင်ငံတွင် ရခိုင်အဖွဲ့အစည်းများမှ ထောက်ခံမှုကတ်ဖြင့် အလုပ် လုပ်ကိုင် နိုင်သော်လည်း ယခုအခါ ရခိုင်အဖွဲ့အစည်းများမှ ထုတ်ပေးသည့် ကတ်များဖြင့် အလုပ် လုပ်ကိုင်၍ မရတော့ဟု သိရသည်။

No comments: