Tuesday, February 25, 2014

ဖွဲ့စည်းပုံပြင်ရန် ဟန့်တားပါက ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်လာနိုင်

အေးမြင့်စန်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဟန့်အတားများဖြစ်လာပါက ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ကာ တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပြုံးချိုက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောဆိုလိုက်သည်။

ပြည်သူလိုလားသည့် နိုင်ငံ့ခေါင်းဆောင် တင်မြှောက်နိုင်ရန်နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်တွင် အာရုံစိုက်ကာ ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်လာစေရန် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက လူထုနှင့်ပူးပေါင်း ပါဝင်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

“ဖွဲ့စည်းပုံက ရှေ့မှာ အဟန့်အတားဖြစ်မယ်ဆိုရင် ပြည်သူလူထုသည် လမ်းမပေါ် ထွက်ကောင်း ထွက်ရ ပါလိမ့်မယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကောင်း ဖော်ထုတ်ရပါလိမ့်မယ်။ မြို့နယ်အသီးသီးမှာ ဆန္ဒဖော် ထုတ်ပွဲ ဖြစ်လာမယ်။ နောက် တိုင်းခရိုင်ကနေ တစ်ပြည်လုံးမှာ ဆန္ဒဖော်ထုတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ် လာနိုင်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဖော်ထုတ်မှုကို လက်ရှိ တာဝန်ရှိသူတွေက နားလည်ဖို့လိုအပ်သလို လေးလေးနက်နက် တန်ဖိုးထားဖို့ လိုအပ်ပါတယ်”ဟု ကိုပြုံးချိုက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကွန်ရက်က ဦးဆောင်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ များပြင်ပေးရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ဆန္ဒပြတောင်းဆိုစဉ် ကိုပြုံး ချိုက ထုတ်ဖော် ပြောကြားသွားခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ရေးဆွဲချိန်မှစ၍ လက်ရှိအချိန်အထိ တိုင်းရင်းသား အင်အားစု များ၊ နိုင်ငံရေးအင်အားစုများ၊ ဒီမိုကရေစီအင်အားစု လိုလားသူအဖွဲ့အစည်းများ၊ ပြည်သူများက သဘော တူလက်ခံခြင်းမရှိဘဲ ပြောင်းလဲပြင်ဆင်မှုများ မဖြစ်မနေ ပြုလုပ်ပေးရန်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကွန်ရက်က ဖေဖော်ဝါရီ ၂၃ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သည့် ဒီမိုကရေစီငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်အဖွဲ့ဝင် ဒေါ်လေးလေး က “၂၀၀၈ အခြေခံဥပဒေသည် ပြည်သူ့ဆန္ဒကိုရယူပြီး ရေးဆွဲထားတဲ့ဥပဒေ မဟုတ်တဲ့အတွက် လုံးဝ ဖျက်သိမ်းပေးဖို့ တောင်းဆိုနေတာပါ”ဟု ပြောသည်။

ဒီမိုကရေစီအင်အားစုအဖွဲ့ဝင် ဦးဇော်ဝင်းကလည်း “ပြည်သူပြည်သားတွေ အခြေခံဖွဲ့စည်းပုံကို ထောက် ခံလား။ မထောက်ခံလားဆိုတာ အခု လမ်းပေါ်ထွက်ပြီး ဆန္ဒတွေပြနေတာကြည့်ရင် သိနိုင်ပါတယ်။ သမ္မတကြီးကို ပြောလိုပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးပါလို့ လူထုကိုယ်စား တောင်းဆိုလိုက်ပါတယ်” ဟု ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုမှုများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဉဏ်ဝင်းကမူ “အခြေခံဥပဒေအပေါ် အစိုးရတစ်ရပ်နဲ့ အခြေခံဥပဒေ ပြင်ဆင် ရေး ပူးပေါင်းကော်မတီက ရှင်းရှင်းလင်းလင်း သဘောထားမပေးလို့ရှိရင် ဆန့်ကျင်ဘက်သဘောထား တွေက ထွန်းကားလာမယ်။ ကျွန်တော်တို့က လုပ်စရာရှိတာ ဆက်ပြီးတော့ ပြည်သူလူထုကို ဒီအသိ ပညာတွေ ပေးမှာပါ”ဟု ပြောသည်။

တောင်းဆိုမှုများတွင် NLD အဖွဲ့ဝင်များ ပါဝင်ခြင်းနှင့်ပတ်သက်၍လည်း မဇ္ဈိမက ပါတီ၏ သဘောထား ကို မေးမြန်းရာ ပါဝင်သည်၊ မပါဝင်သည်ကို သေချာမသိကြောင်း၊ အဖွဲ့ဝင်များသည်လည်း ပြည်သူများ ဖြစ်သည့်အတွက် တောင်းဆိုခွင့်ရှိကြောင်း ဦးဉဏ်ဝင်းက ပြောသည်။

ဖေဖော်ဝါရီ၂၃ ရက် တာမွေမြို့နယ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုရာတွင် ၈၈ မျိုးဆက် အဖွဲ့ဝင်များ၊ ၁၉၇၄-၇၅ ခုနှစ် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ Generation Wave နှင့် ဒီမိုကရေစီ အင်အားစုအဖွဲ့ဝင်များ၊ ဒီမိုကရေစီ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးကွန်ရက်၊ အခြားအဖွဲ့အစည်းများ အပါအ ၀င် ပြည်သူ ၁,၀၀၀ ကျော် ပူပေါင်း ပါဝင်ခဲ့သည်။

No comments: