KNG
ကချင်ပြည်နယ်၏ပထမဆုံးသော လူငယ်ဖိုရမ်ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့နှစ်ခြင်းဇုံနယ်ခမ်းမဆောင်တွင် ကချင်ပြည်နယ်လူငယ်ကွန်ယက်မှ ဦးဆောင်၍ ၃ ရက်ကြာကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ လူငယ်ဖိုရမ်ဆွေးနွေးပွဲကို ၂၁-၂၃ ထိ ကျင်းပဆောင်ရွက်သွားခြင်းဖြစ်ပြီး လက်ရှိ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခက်ခဲပြဿနာများကို ရှုထောင့်အသီးသီးမှဆွေးနွေးကာ အမြင်သဘောထားများစုစည်းခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်လူငယ်ကွန်ယက်ဥက္ကဌ ကိုဂျာရုံက ပြောသည်။
“ကချင်ပြည်နယ်မှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက လူငယ်တွေ အချင်းအချင်းချစ်ခင်ရင်းနှီးမှု တည်ဆောက်ပြီး တူညီတဲ့လူငယ်အသံတစ်သံထွက်အောင်နဲ့ ပြည်နယ်မှာရှိတဲ့လူငယ်တွေရဲ့အမြင်သဘော ထားဆန္ဒတွေဘယ်လိုရှိတယ်ဆိုတာကို စုစည်းနိုင်အောင်၊ မိမိဒေသမှာဖြစ်ပျက်နေတဲ့ အခက်အခဲ ပြဿနာများကို ၀ိုင်းအဖြေရှာတတ်အောင်ဆိုပြီးဖြစ်တယ်” ဟု ပြောသည်။
လူငယ်များဆွေးနွေးသွားသည့်အခေါင်းစဉ်များမှာ လက်ရှိကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့်လူ့အခွင့်အရေး၊ ညလူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး စသည့် Topic များဖြင့် ဆွေးနွေးသွားခြင်းဖြစ်ကြောင်းသိရသည်။
ထိုဆွေးနွေးပွဲ ပထမရက်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ဆက်သွယ်ရေးဝန်ကြီး၊ လယ်ယာနှင့်စိုက်ပျိုးရေးဝန်ကြီးအဖွဲ့တို့လည်းတက်ရောက်ကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်းမှလည်း လူငယ်ဖိုရမ် အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်ရှိ ခရိုင် (၄)ခုနှင့်မြို့နယ် (၁၈)မြို့နယ်မှ ကိုယ်စားပြုလူငယ်များ ပါဝင်ခဲ့ကြကြောင်း သိရသည်။
ပါဝင်ဆွေးနွေးသွားခဲ့ကြသော ကချင်ပြည်နယ်လူငယ်ဖိုရမ်ဆွေးနွေးပွဲတွင် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်နှင့် ပူတာအို ခရိုင်မှ လူငယ်များ (၆၀)ကျော် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
No comments:
Post a Comment