Sunday, February 23, 2014

လမ်းပြောင်းပြန်ဝင်သည့် ယာဉ် ၅၀၀ ခန့် သုံးပတ်အတွင်း ဖမ်းဆီးမိ

ဖြိုး

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စည်းကမ်းလိုက်နာစေရေးအတွက် တစ်လမ်းမောင်းသတ်မှတ်ထား သော မန္တလေးမြို့တွင်း မီးရထားလမ်းကူးများတွင် လမ်းပြောင်းပြန်ဝင်သည့်ယာဉ်များကို ဖေဖော်ဝါရီလ ဆန်းမှ စတင်စစ်ဆေး အရေးယူလျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်အထိ အစီးရေ ၅၀၀ ခန့် ဖမ်းဆီးမိသည် ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ဦးစီးအရာရှိ ဦးကျော်ဆွေက ပြော သည်။

လမ်း ၈၀ မှ ၇၈ လမ်းအထိ ၃၆ လမ်း၊ ၃၇ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ နေရာတို့သည် မီးရထား ဖြတ် သန်းသွားသည့် မီးရထားလမ်းကူးများဖြစ်ပြီး ယာဉ်အသွားအလာများသည့် မြို့တွင်းလမ်းမများဖြစ်သဖြင့် တစ်လမ်းမောင်းစနစ်ကို ၂၀၁၃ ခုနှစ်က စတင် သတ်မှတ်ထားသော်လည်း လိုက်နာမှု အားနည်းသော ကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“တစ်လမ်းမောင်းလမ်းတွေကို လိုက်စစ်ဆေးကြည့်တော့ ၃၆ လမ်းဘက်ကို လမ်းပြောင်းပြန်ဝင်တဲ့ စည်း ကမ်းပျက်ယာဉ်တွေများလို့ ဒီနေရာမှာ နေရာချပြီး စစ်ဆေးမှု ဆောင်ရွက်တာဖြစ်ပါတယ်။ စစစ်ဆေးတဲ့ နေ့ကဆို လမ်းပြောင်းပြန်ဝင်တဲ့ ယာဉ်တွေ အများကြီးပဲ၊ ဆိုင်ကယ်တွေများတယ်။ တစ်ခါတလေကျ ကားတွေကလည်း လမ်းပြောင်းပြန်ဝင်လာသေးတယ်။ အခုတော့ စစ်နေတာလည်းသိတော့ သိပ်ဝင်မ လာတော့ပါဘူး”ဟု စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးသည့် ပူးပေါင်းအဖွဲ့မှ စည်ပင်ရဲတစ်ဦးက ပြောသည်။

စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးသည့်နေရာတွင် ဒဏ်မရိုက်ဘဲ ယာဉ်၏ သက်သေခံလက်မှတ် (ဒစ်စ ၀ိုင်း) နှင့် ယာဉ်မောင်း၏လိုင်စင်တို့ကို သိမ်းကာ ပြေစာဖြတ်ပိုင်းပေး၍ စည်ပင်တရားရုံးတွင် တရားစွဲဆို၊ အမှုပြုကာ တရားသူကြီး၏ ဥပဒေဆုံးဖြတ်ချက်အရ ဒဏ်ငွေပေးဆောင်စေရန် စီစဉ်ထားသည်။

မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်း တစ်လမ်းမောင်းသတ်မှတ်ထားသည့် လမ်းများတွင် စည်းကမ်းမဲ့ လမ်းပြောင်းပြန်မောင်း၍ ဖမ်းဆီးထားသည့် ယာဉ်အစီးရေ ၅၀၀ ခန့် စည်ပင်သာယာ(အထူး) တရားရုံး သို့ တင်ပို့တရားစွဲဆိုရန် စီစဉ်ထားကြောင်း အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် တစ်လမ်းမောင်း သတ်မှတ်ထားသည့် ၂၆ လမ်းမှ ၃၅ လမ်းကြား ၈၁ လမ်း၊ ၈၂လမ်း၊ ၈၃လမ်း တို့တွင်လည်း လမ်းပြောင်းပြန်ဝင်သည့်ယာဉ်များကို ရှောင်တခင်စစ်ဆေးပြီး ဖမ်းဆီးအရေးယူသွားမည် ဖြစ် သည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ထိန်းရဲ၊ စည်ပင်အခွန်ဌာနနှင့် စည်ပင်ရဲတို့ ပူးပေါင်းဆောင် ရွက်လျက်ရှိရာတွင် ယာဉ်ထိန်းရဲအင်အား မလုံလောက်သဖြင့် တစ်လမ်းမောင်းဖမ်းဆီးရာတွင် ယာဉ် ထိန်းရဲမပါဘဲ စည်ပင်သာယာက ဆောင်ရွက်ခြင်းဖြစ်သည်။

No comments: