မောင်ရမ္မာ(နိရဉ္စရာ) အိန္ဒိယ စစ်တပ်၏ လုပ်ကြံ သတ်ဖြတ်ခံခဲ့ကြရသော ရခိုင်ပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ခိုင်ရာဇာ အပါအ၀င် ခေါင်းဆောင် ၆ ဦးတို့၏ ကျဆုံးသည့်နေ့ ၁၁ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားတရပ်ကို ဒက္ကားမြို့တွင် ယနေ့ကျင်းပခဲ့သည်။အခမ်းအနားကို ဒက္ကားမြို့ပေါ်တွင် အခြေစိုက်ေ နထိုင် ကြသော ပါတီအဖွဲ့အစည်း အသီးသီးမှ ကိုယ်စား လှယ်များ၊ ကျောင်းသား လူငယ်များနှင့် အမျိုးသမီးများ စုစုပေါင်း ၃၀ ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနားကို နေ့လည် ၁၂ နာရီခွဲတွင် ကျဆုံးသွားခဲ့ကြသော ဗိုလ်ရာဇာနှင့် ခေါင်းဆောင်များကို တမိနစ် ငြိမ်သက် အလေးပြုပြီး ဖွင့်လှစ်ခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနား ဖြစ်မြှောက်ရေးအတွက် ကမကထ ပြုလုပ်သူ နိရဉ္စရာတင်းဌာန အယ်ဒီတာ ဦးခိုင်မြတ်ကျော်က အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ယခုကဲ့သို့ ပြောသည်။
“ဘာဘဲ ပြောပြော ဗိုလ်ရာဇာနဲ့ တခြား ခေါင်းဆောင် ၅ ဦးတို့ဟာ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုး အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တယ်။ ကျဆုံးသွားတာကလည်း လုပ်ကြံခံရပြီး ကျဆုံးသွားတယ်ဆိုတော့ သူတို့ကို ကျနော်တို့ မေ့ပျောက်ပစ်လို့ မရဘူး။ သူတို့လို ကျဆုံးသွားခဲ့ကြတဲ့ ရခိုင်အမျိုးသား ခေါင်းဆောင်တွေ အားလုံးကို ကျနော်တို့ လေးစားဂုဏ်ပြုဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နောင်လာမယ့် မျိုးဆက်တွေ ခေတ်အဆက်ဆက် အမျိုးသားရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ရခိုင်ခေါင်းဆောင်တွေ အားလုံးကို သိရှိနိုင်ပါလိမ့်မယ်။ လေးစား ဂုဏ်ယူ တတ်လာပါလိမ့်မယ်။ ဒါကြောင့် အခု အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) အထွေထွေ အတွင်းရေးမှူး ဦးခိုင်စံလင်းကလည်း “ဗိုလ်ရာဇာဟာ အမျိုးသား ရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တဦး ဖြစ်သလို အမျိုးသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်ခဲ့တဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်ပါတယ်။ အခုလို အိန္ဒိယ စစ်တပ်ရဲ့ လုပ်ကြံ သတ်ဖြတ်မှုကြောင့် သူတို့ ကျဆုံး သွားတာဟာ သူတို့ အတွက်သာ မဟုတ်ဘူး ရခိုင်တမျိုးသားလုံးရဲ့ ဆုံးရှုံး နစ်နာမူ ဖြစ်ပါတယ်။ ဒီလို ဆုံးရှုံးမှုမျိုးတွေ နောက်ထပ် မပေါ်ပေါက်အောင် တော်လှန်ရေး မျိုးဆက်သစ်တွေ အနေနဲ့ သင်ခန်းစာတွေ ယူပြီး ခေါင်းဆောင်ကောင်းတွေ ဖြစ်လာအောင် ကြိုး စားသင့်ပါတယ်”ဟု ပြောကြားသည်။
၎င်းအပြင် ၀ါရင့် နိုင်ငံရေးသမား တဦးဖြစ်သူ ဦးကျော်မြသန်းကလည်း ဗိုလ်ရာဇာနှင့် အပေါင်းအပါ ခေါင်းဆောင် ၆ဦး ရက်စက်စွာ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။
“ဗိုလ်ရာဇာနဲ့အပေါင်းအပါ ခေါင်းဆောင်တွေ ကျဆုံး ရခြင်းဟာ အိန္ဒိယအစိုးရကို ယုံကြည်အားကြီးလို့ အသက် ဆုံးရှုံး ရတာဖြစ်တယ်။ အိန္ဒိယအစိုးရဟာ ကျနော်တို့ ရခိုင် တော်လှန်ရေး သမားတွေကို နည်းလမ်း အမျိုးမျိုးနဲ့ အကောက်ကြံ သတ်ဖြတ်ခဲ့တဲ့ သာဓက တွေလည်း အများကြီးရှိခဲ့တယ်။ အခုလဲ ဗိုလ်ရာဇာတို့ ခေါင်းဆောင် ၆ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ဒါ့အပြင် ရခိုင်နဲ့ ကရင် ရဲဘော် ၃၄ ဦးကိုလည်း ဒီနေ့အထိ မတရား ဖမ်းဆီး ချုပ်နှောင်ထားတယ်။ ဒါတွေကို ကြည့်ရင် အိန္ဒိယကို ယုံကြည်လို့ မရဘူးဆိုတာကို ဖေါ်ပြနေတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
တခြား အခမ်းအနားကို တက်ရောက်လာသူ လူငယ်များထဲမှ ကိုခိုင်ထွန်းလင်း၊ ကိုဇော်လင်း၊ ကိုစိမ်းလန်းအောင်၊ မ၀ါဝါနှင့် ကိုဝင်းကိုနိုင်တို့မှလည်း လူငယ်များ၏ အမြင်နှင့် ခံစားချက်များကို ပြောကြားသွားခဲ့သည်။
အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ကိုတူးတူးက ဆောင်ရွက်ပြီး မွန်းတည့် မွန်းလွဲ၂ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ပြီး တက်ရောက်လာသူများကို ရခိုင်မုန့်တီဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
No comments:
Post a Comment