နှောင်းလှိုင်
ထိုင်းနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော် သောင်တင်နေသည့် ကရင်နီ တိုင်းရင်းသား စစ်ပြေးဒုက္ခသည် စခန်းတခုကို သွား ရောက်လည်ပတ်ခဲ့ပြီး ဒုက္ခသည်များအတွက် လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့် ပေးရန်နှင့် အခွင့်အရေးများ ရရှိနိုင်ရန် အတွက် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အဲန်ဂျလင်းနာ ဂျိုးလီက ထိုင်းအစိုးရအား တောင်းဆိုထားသည်ဟု UNHCR က သတင်းထုတ်ပြန် ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံ ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ ကုလသမဂ္ဂ အဖွဲ့၏ ချစ်ကြည်ရေး ဂုဏ်ထူးဆောင် ကိုယ်စား လှယ်လည်း ဖြစ်တဲ့ မင်းသမီး အဲန်ဂျလင်းနာ ဂျိုးလီ (Angelina Jolie) နှင့် ခင်ပွန်းသည် ဘရက်ဒ် ပစ်တ် (Brad Pitt) တို့သည် ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လာရောက်လည်ပတ်ခဲ့ကြသည်။
ယနေ့ နံနက် UNHCR ၏ သတင်းထုတ်ပြန် ကြေညာချက်မှာ " ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အစိုးရရဲ့ လက်ခံနိုင်တဲ့ အနေအထား တခုတော့ ပြုလုပ်လာနိုင်မယ်လို့ ကျမမျှော်လင့်ပါတယ်။ အကယ်၍ ဗမာပြည်မှာ လုံခြုံမှုမရှိနေသေး သရွေ့ တော့ ဒုက္ခသည်တွေကို အတင်းမောင်းပြန်နိုင်မှာ မဟုတ်ပါဘူး" ပြောဆိုထားသည်။
ယခု ၂၀၀၉ ခုနှစ်တွင် ထိုင်းနယ်ရှိ တိုင်းရင်းသား ဒုက္ခသည် စခန်း ၉ ခု အနက် ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နယ် အတွင်း ကရင်နီ ဒုက္ခသည် အမှတ် ၁ စခန်းသို့ မင်းသမီး ဂျိုးလီ နှင့် သူမ၏ခင်ပွန်း ဘရက်စ်ပစ်တ်နှင့်အတူ UNHCR အကြီးအကဲများ၊ ဒေသခံအာဏာပိုင်များအပါအ၀င် အခြေအနေများအား သွားရောက်လေ့လာပြီးနောက် ယခုလို ထုတ်ပြန် ပြောဆိုခြင်းဖြစ်သည်။
ဂျိုးလီသည် မြန်မာစစ်အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် သူပုန်များအကြား ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် ဒုက္ခများစွာ ရင်ဆိုင်နေရသော ကရင်နီဒုက္ခသည် အခြေအနေမှန်များကို သိရှိရန်အတွက် ဒုက္ခသည် အမျိုးသမီးများ၊ မိဘမဲ့ ကလေးသူငယ်များနှင့် မသန်မစွမ်း ဒုက္ခသည်များ၏ စားဝတ်နေရေးနှင့် လှုပ်ရှားသွားလာမှု အခက်အခဲများကို တွေ့ဆုံ မေးမြန်းခဲ့ပြီး အတတ်နိုင်ဆုံး သူမအနေဖြင့် ကူညီသွားမည်ဟုလည်း ဆိုပါသည်။
ဂျိုးလီတွေ့ဆုံမေးမြန်းခဲ့သည့် ဒုက္ခသည် အမျိုးသမီး မပိုင်က " နင်ဗမာပြည်ကနေ ဘာဖြစ်လို့ လာတယ်လို့ သူ (ဂျိုးလီ) ပြောတယ်။ အဲဒီ ဗမာပြည်မှာ အခက်အခဲလဲ တအားရှိတယ်။ ဘာဖြစ်လဲဆိုတော့ ကျမနေတဲ့ အချိန်ဆိုရင် အစိုးရက လုပ်အားပေးလဲ သူလုပ်ခိုင်းတယ်၊ နောက်ပြီးတော့ ပေါ်တာတွေဆွဲတယ်၊ ကျမတို့ လယ်ကျတော့ ၂ ဧကပဲ ရှိတယ်။ လယ် ၂ဧက က ကျမ အဖေလုပ်တယ်။ ရတဲ့ဆန်စပါးတွေက အစိုးရတစ်ဝက်ပေးလိုက်တယ်။ ကိုယ်တ၀က်ပဲပြန်ရတယ်။ ကျမအဖေ မလုပ်နိုင် တော့လို့ သူလယ်ယာပြန်သိမ်းလိုက်တယ်။ ကျမသူ့(ဂျိုးလီ)ကို ပြောတယ်" ဟု ကန္တာရ၀တီတိုင်း(မ်) အား ပြန်လည်ပြောပြသွားပါသည်။
မြန်မာပြည်တွင် လုံခြုံစိတ်ချစွာ ပြန်လည်၍ နေထိုင်နိုင်ခြင်း မရှိသေးသ၍ ဒုက္ခသည်များအနေဖြင့် မိမိကိုယ်ကိုယ် လုပ်ကိုင် စားသောက်နိုင်သည့် နည်းလမ်းအချို့ကို ရှာဖွေပေးသင့်သည်ဟု ဂျိုးလီက ပြောသည်။
မြန်မာနိုင်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာစစ်အစိုးရ တပ်များအကြား တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပေါ်နေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထိုင်းနိုင်ငံတွင် တိုင်းရင်းသား ဒုက္ခသည် တစ်သိန်းကျော်ခန့် အနက် အများစုမှာ ကရင်ဒုက္ခသည် နှင့် ကရင်နီဒုက္ခသည်များသာ ဖြစ်ကြသည်။
ပထမနိုင်ငံဖြစ်သော မြန်မာပြည်သို့ ပြန်လည်နေထိုင်လိုခြင်း မရှိသည့် ထိုဒုက္ခသည်များအတွက် လွတ်လပ်စွာ တတိယ နိုင်ငံ တနိုင်ငံကို ရွှေ့ပြောင်းနေထိုင်နိုင်ရန်နှင့် အဆင့်မြင့်သော ပညာရပ်များကို သင်ကြားနိုင်ရန် အဲန်ဂျလင်းနာ ဂျိုးလီက ထိုင်းအာဏာပိုင်များကို တောင်းဆိုထားခဲ့ကြောင်း ကြေညာချက်က ဆိုပါသည်။
No comments:
Post a Comment