
ထိုင်းအာဏာပိုင်များက ရိုဟင်ဂျာဒုက္ခသည်လှေများကို ပင်လယ်ပြင်သို့ သင်္ဘောဖြင့်ဆွဲထုတ်ခဲ့သည်မှာ မှန်ကန်ကြောင်း စီအန်အန်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုင်းဝန်ကြီးချုပ်က ၀န်ခံပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ပင်လယ်မျော ရိုဟင်ဂျာဒုက္ခသည်လှေများကို ထိုင်းရေတပ်က ပင်လယ်ပြင်သို့ဆွဲပြီး နှင်ထုတ်ခဲ့ကြောင်း နိုင်ငံတကာစာနယ်ဇင်းများမှ စွပ်စွဲခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ် အာဘီဆစ်က ပထမဆုံးအကြိမ် ၀န်ခံပြောဆိုခဲ့ခြင်း ဖြစ်သည်။
ရိုဟင်ဂျာဒုက္ခသည်များကို ပင်လယ်ပြင်သို့နှင်ထုတ်ရေးမှာ ထိုင်းအစိုးရပေါ်လစီမဟုတ်ဟု အာဏာပိုင်များ အားလုံးက ပြောနေသော်လည်း ပင်လယ်ကြောသို့ နှင်ထုတ်ခဲ့ကြောင်း ယုံကြည်လောက်သည့် အထောက် အထားများရှိသည်ဟု အာဘီဆစ်က ပြောသည်။ မည်သူမည်ဝါ လုပ်သည်ဆိုသည့် အထောက်အထား အတိအကျသိရပါက တရားဥပဒေအရ အရေးယူမည်ဟုလည်း ပြောသည်။
ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်များကိစ္စ မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန်အတွက် ထိုင်းစစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာနုပေါင် လာမည့် သတင်းပတ်အတွင်း မြန်မာနိုင်ငံသွားမည်ဖြစ်သည်။ သို့သော် ရိုဟင်ဂျာမွတ်စလင်များသည် မြန်မာတိုင်းရင်းသား (၁၀၀) ကျော်တွင် ပါဝင်ခြင်းမရှိဟု ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွန်ခစ်တိ ဇဂ္ဂဘတ္တရ ကို ပြောခဲ့သည်။
ထို့ကြောင့် မြန်မာစစ်အစိုးရဘက်က ထိုင်းနိုင်ငံတွင် သောင်တင်နေသည့် ရိုဟင်ဂျာဒုက္ခသည်များကိစ္စ မည်သို့ ကူညီဖြေရှင်းမလဲဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။
ထိုအတောအတွင်း ရိုဟင်ဂျာဒုက္ခသည်များသည် မြန်မာနိုင်ငံသားများ မဟုတ်ကြောင်းနှင့် ရိုဟင်ဂျာဆိုသည်မှာ ဘီလူးကဲ့သို့ အရုပ်ဆိုးသူများဖြစ်ကြောင်း ဟောင်ကောင် မြန်မာသံရုံး ကောင်စစ်ဝန်ချုပ် ဦးရဲမြင့်အောင်က ဟောင်ကောင်ရှိ နိုင်ငံခြားသံအမတ်ကြီးများနှင့် သတင်းစာများထံ ပေးပို့သည့်စာတွင် ဖော်ပြခဲ့သည်။
မြန်မာစစ်အစိုးရက ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား တရာကျော်တွင် ပါဝင်သူများမဟုတ်ဟု ပြောသော်လည်း ၀န်ကြီးချုပ် ဦးနုအစိုးရ၀န်ကြီးအဖွဲ့တွင် ရိုဟင်ဂျာကို ၀န်ကြီးခန့်ခဲ့ဖူးသည်။ ဦးနုအစိုးရအဖွဲ့တွင် နိုင်ငံရေးအတွင်းဝန်ရာထူးထမ်းဆောင်ခဲ့သူ ချမ်းသာသော Sultan Mahmood ဆိုသည့် ရိုဟင်ဂျာသည် နောက်ပိုင်း ကျန်းမာရေးဝန်ကြီးဖြစ်လာသည်။ အောက်ဖော်ပြပါ ရိုဟင်ဂျာမွတ်စလင်များသည် ဦးနုအစိုးရလက်ထက်တွင် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည်။
၁။ Abdul Bashar
၂။ Zohora Begum
၃။ Abul Khair
၎။ Abdus Sobhan
၅။ Abdul Bashar
၆။ Rashid Ahmed
၇။ Nasiruddin (ဦးဖိုးခိုင်)
ရိုဟင်ဂျာများကို ဒုက္ခသည်အဖြစ် လက်ခံရန် ထိုင်းနိုင်ငံကို ဖိအားပေးမှုများရှိနေသော်လည်း ထိုင်းနိုင်ငံက ရိုဟင်ဂျာကို ပြဿနာဖြစ်အောင် လုပ်သည့်နိုင်ငံမဟုတ်သည့်အတွက် တာဝန်မယူနိုင်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
No comments:
Post a Comment