ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ပြည်သူများ တပိုင်တနိုင် စိုက်ပျိုးထားသော သစ်မာပင်များကို စစ်တပ်မှ ခုတ်လှဲပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ မှောင်ခို တင်ပို့နေသည်ဟု အရပ် လူကြီး တဦးမှ ပြောသည်။သူက “ကျွန်တော်တို့ မြို့နယ် အတွင်းက ၀က်လက်၊ ညောင်ကန်၊ ၀ကန်၊ ရေတိုး၊ ဒလက်၊ ဒလက် အနောက်ရွာက ကျေးရွာသားတွေ တပိုင် တနိုင်စိုက်ပျိုးထားတဲ့ သစ်မာပင် တွေကို စစ်တပ်က ခုတ်လှဲနေပါတယ်။ ကိုယ်ပိုင်တဲ့ မြေမှာ စိုက်ပျိုးထားပေမယ့် သစ်မာတွေ ဖြစ်တဲ့အတွက် အစိုးရပိုင် ဖြစ်တယ်လို့ပြောပါတယ်။” ဟု ပြောသည်။
ယခု ခုတ်လှဲခံနေရသော သစ်ထဲတွင် ကျွန်းသစ်၊ စကားဝါနှင့် ကညင် စသည့် သစ်အမျိုးအစား ပါဝင်သည်။
အဆိုပါ သစ်ပင်များအား နေပြည်တော်မှ ရောက်ရှိနေသူ အထူးတပ်ဖွဲ့မှ ဗိုလ်မှူး မျိုးသန့် အမိန့်အရ ခုတ်လှဲနေခြင်း ဖြစ်သည်ဟု သိရသည်။
ဗိုလ်မှူး မျိုးသန့်မှာ နေပြည်တော်မှ ရခိုင်ရိုးမမှ သစ်များကို ထုတ်လုပ်ရန် ရောက်ရှိနေသူ ဖြစ်ပြီး ဒေသခံ သစ်မှောင်ခိုသမားများနှင့် ပူးပေါင်းပြီး ခုတ်လှဲပြီး သစ်များကို ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့နေသည်ဟု သိရသည်။
မြန်မာ နအဖ စစ်အစိုးရမှ နိုင်ငံခြားငွေများ အထူးလိုအပ်နေရာ ရခိုင်ရိုးမမှ သစ်များကို ခုတ်လှဲပြီး မှောင်ခိုလမ်းကြောင်းမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ ဒေါ်လာဖြင့် တင်ပို့ ရောင်းချ နေသည်ဟု အမည်မဖေါ်လိုသူ သစ်အရောင်းအ၀ယ် လုပ်သူ တဦးမှ ပြောသည်။
တနေ့ကို တနေ့ကို မှောင်ခိုလမ်းကြောင်းမှ တဆင့် မော်တော်ဘုတ်များဖြင့် ဘင်္ဂလာကို တက်ကနက် ဆိပ်ကမ်းကို အသုံးပြုပြီး သစ်တန်ချိန် မြှောက်မြားစွာကို တင်ပို့နေရာ ထိုအထဲတွင် တောင်ကုတ်မြို့မှ ဦးကျောက်တောင်ပိုင် ဘုတ်မှာ အများဆုံး ဖြစ်သည်ဟု သိရသည်။
ဦးကျောက်တောင်တွင် မော်တော်ဘုတ် ၃၃ စီးရှိပြီး နအဖ စစ်အစိုးရသည် ရခိုင်ပြည်နယ် တောင်ကုတ်နှင့် အမ်းမြို့နယ်မှ ထုတ်လုပ်သော သစ်များကို ဦးကျောက်တောင်ပိုင် မော်တော် ဘုတ်များဖြင့် နေ့စဉ်တင်ပို့ နေခြင်း ဖြစ်သည်။
No comments:
Post a Comment