Friday, June 19, 2009

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပင့်သံဃာမရ


NEJ / ၁၉ ဇွန် ၂၀၀၉

ယနေ့ ကျရောက် သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ၏ (၆၄) နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ် ဆွမ်းကပ် လှူပွဲ အတွက် ပင့်သံဃာ (၅) ပါး မရ ရှိခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြော သည်။

အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားကို ပါတီဌာနချုပ်ရှိရာ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ပါတီဌာနချုပ်တွင် ကျင်းပမည်ဖြစ်ရာ မဟာစည်ကျောင်းတိုက်မှ သံဃာ (၅) ပါးအား အရုဏ်ဆွမ်းကပ် လှူမှုပြုရန်အတွက် ကြိုတင်ပင့်ဖိတ်ထားသော်လည်း ယနေ့နံနက်တွင် သံဃာတော်များ ကြွရောက်နိုင်ခဲ့ခြင်းမရှိဟု သိရသည်။

“ဒီမနက်သွားကြိုတော့ ဘယ်သူတွေက ဘယ်လိုလာပြောသွားတယ်တော့ မသိဘူး။ သံဃာတော်တွေက သူတို့ မလိုက်နိုင်တဲ့အတွက်ကိုတော့ နားလည်ပေးပါလို့ပြောတယ်။ ဒါနဲ့ တခြားသံဃာတော်တွေကို ပင့်ဖိတ် ကပ်လှူလိုက် ရတယ်။ အဲဒါလည်း အချိန်ကကပ်နေတော့ (၄) ပါးပဲ ပင့်လို့ရလိုက်တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သံဃာတော်များ ထိုသို့ ဆွမ်းစားမကြွရဲခြင်းမှာ အာဏာပိုင်များဘက်မှ တားဆီးခြိမ်းခြောက်မှုကြောင့်ဖြစ်နိုင်ကြောင်း ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောကြသည်။

ယနေ့ ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ နိုင်ငံခြား သံတမန်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ်များနှင့် အဖွဲ့ချုပ်ဝင်များ တက်ရောက်ခဲ့ကြပြီး အန်အယ်လ်ဒီ လူငယ်များက ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ခဲ့သော “IF” ကဗျာကို သံစဉ်ထည့်သွင်း သီဆိုဧည့်ခံခဲ့ကြသည်။

ထို့နောက် ချိုးငှက်နှင့် စာကလေးများကို ဘေးမဲ့လွှတ်ပေးခဲ့ကြကာ ပါတီအလံတပ်ဆွဲထားသော မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့ကြသည်။ ပါတီအလံကို ရရှိသူအနေဖြင့် ပါတီရုံးချုပ်သို့ လာရောက်အပ်နှံပါက ဆုငွေ (၂) သောင်း ရရှိမည်ဖြစ်သည်။

အန်အယ်လ်ဒီပါတီက ဦးစီးကျင်းပသော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အခမ်းအနားကို အာဏာပိုင်များဘက်မှ ထောက်လှမ်းရေးများက စောင့်ကြည့်မှုများ ရှိခဲ့သော်လည်း အနှောင့်အယှက်ပေးမှုမရှိခဲ့ကြောင်း ပါတီဝင်တဦးက ပြောသည်။

အလားတူပင် ထိုင်း-မြန်မာနယ်စပ်တွင်လည်း မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ဦးဆောင်ကာ ဒေါ်အောင်ဆန်းစုကြည် (၆၄) နှစ်ပြည့်မွေးနေ့ပွဲနှင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားကို (၄) နေရာခွဲ၍ ကျင်းပခဲ့ကြသည်။

အခမ်းအနားများတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဘာသာပေါင်းစုံဝတ်ပြုဆုတောင်းပွဲများ ကျင်းပကြပြီး မွေးနေ့ရှင်ကို ရည်စူး၍ သက်စေ့ငါးနှင့်ငှက်များ လွတ်ခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်းတို့ ပြုလုပ်ကာ သံဃာတော် များကို မွေးနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၄) နှစ်ပြည့် မွေးနေ့အခမ်းအနားများကို မြန်မာ့ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားနေသူများကလည်း ကမ္ဘာတ၀န်းရှိ မိမိတို့ရောက်ရှိရာ နိုင်ငံအသီးသီးတွင် ကျင်းပကြသည်။

No comments: