စောကျော်ကျော်မင်း
(၁)
ဥပဒေ ဟုပြော လိုက်လျှင် ကြားရ သူတိုင်း ၏စိတ်ထဲတွင် လေးပင်သွား တတ်သည်။ မြန်မာ လိုအဓိပ္ပါယ် ဖွင့်ဆိုထားသော ဥပဒေ စာပိုဒ် များ ကိုပင် ဖတ်၍ နားမလည် နိုင်အောင် ရေးသား ထားသည့် ဥပဒေ စာအုပ် အထူကြီး များကို ပြေး၍ မြင်ယောင် တတ်ကြသည်။ မှန်ပါ သည်။ ဥပဒေ ပညာကို လေ့လာ လိုက်စား ကြသူ များပင်လျှင် တခါတရံ စိတ်ပျက် လက်ပျက် ဖြစ်သွား စေနိုင်သည်။ သို့သော် ဥပဒေ ဟူ သည်မှာ လူ့ဘောင် လူ့အဖွဲ့ အစည်း အတွက် မရှိမဖြစ် လိုအပ် လှပါသည်။ အရေးကြီး သော အခန်း ကဏ္ဍမှ ပါဝင် လျက်ရှိ ပါသည်။
ထို့အပြင် နိုင်ငံတစ်နိုင်ငံ၌ ပြဌာန်းထားသော ဥပဒေများကို ၄င်းနိုင်ငံသားများက လေးစားလိုက်နာရသည်။ ထိုကြောင့် နိုင်ငံသားတိုင်းသည် ၄င်းနိုင်ငံ၌ ပြဌာန်းထားသော ဥပဒေများကို တတ်နိုင်သလောက် လေ့လာသိရှိနိုင်ရန် လိုအပ်သကဲ့သို့ ဥပဒေပညာရှင်များ၊ ဥပဒေပညာနှင့် အသက်မွေးဝမ်းကြောင်းပြုကြသူများ၊ ဥပဒေပညာကို လေ့လာလိုက်စားကြသူများ အားလုံးသည်လည်း မိမိနိုင်ငံအတွင်းရှိ နိုင်ငံသူနိုင်ငံသားများအပေါ် မေတ္တာ၊ စေတနာထား၍ ဥပဒေပညာရပ်များကို ဖြန့်ဝေပေးသင့်ပါသည်။
(၂)
ကျွန်တော် အလုပ်သင်ရှေ့နေဖြစ်ကာစက ဆရာက ကျွန်တော့်ကို "ဥပဒေပညာဆိုတာ အရမ်းကျယ်ပြန့်တယ်၊ လေ့လာလိုက်စားရတာကို၌က သမုဒ္ဒရာထဲ လက်လက်ပစ်ကူးနေရသလိုပဲ" ဟု ပြောဖူးပါသည်။ ဆရာပြောသည်မှာ မှန်သင့်သလောက် မှန်ပါသည်။ ကျွန်တော်တို့နိုင်ငံ၌ပင် ဥပဒေအမြောက်အများ ပြဌာန်းထားပါသည်။ ရာဇသတ်ကြီး၊ သစ်တောဥပဒေ၊ လောင်းကစားဥပဒေ … စသည့်ဥပဒေများအပြင် ဓလေ့ထုံးတမ်းဥပဒ … စသည်အားဖြင့် ဥပဒေအများအပြား ရှိသည်။ ရာဇသတ်ကြီးဥပဒေ၌ပင် ပုဒ်မ ၅၁၁ ခုရှိသည်။ ထိုသည်မှာ ပြည်တွင်းဥပဒေပင် ရှိသေးသည်။ globle ခေတ်ကြီး၌ နိုင်ငံတကာဥပဒေကလည်း မပါမပြီး ပါရသေးရာ ဥပဒေပညာသဘောသည် ဆရာပြောသကဲ့သို့ "သမုဒ္ဒရာထဲ လက်ပစ်ကူး" စရာပင် ဖြစ်သည်။
သို့သော် ဥပဒေကို လူတစ်ဦးတစ်ယောက်က ကျူးလွန်သည် ချိုးဖောက်သည်ဆိုရာတွင် "ပြုလုပ်မှု" ဖြင့် ကျူးလွန်ခြင်းရှိသကဲ့သို့ "ပျက်ကွက်မှု" ဖြင့် ကျူးလွန်ခြင်းလည်း ရှိသည်။ ချိုးဖောက်ကျူးလွန်ခြင်း အခြေခံသဘော၌ ၄င်း (၂) မျိုးသာ ရှိသည်။
(၃)
ကျွန်တော်ငယ်စဉ်က ယူနီဖောင်းဝတ် ရဲကို ကြောက်ရွံ့မိသည်။ အကြောင်းမှာ ရဲဟူသည် ရာဇဝတ်သားကို ဖမ်းဆီးနှိပ်စက်ခွင့်ရှိသည်ဟု လူကြီးမိဘများက ခြောက်လှန့်ထားသောကြောင့် ဖြစ်သည်။ ငယ်စဉ်က စိတ်ထဲ၌ စွဲမှတ်မှုသည် အသက်အရွယ်ကြီးရင့်သည်အထိ အသိအမြစ်တွယ်နေသည်။ ယူနီဖောင်းဝတ် ရဲ မြင်လျှင် စေ့စေ့မကြည့်ရဲ။
ကျွန်တော် (၁၀) တန်းအောင်၍ ဥပဒေပညာကို သင်ယူရန် ဆုံးဖြတ်လိုက်သောအချိန်တွင် မိမိ နားလည်နိုင်မည်ထင်သော ဥပဒေစာအုပ်များကို စုဆောင်းဖတ်ရှုမိသည်။ ထိုသို့ လေ့လာဖတ်ရှုမိသည်နှင့်တပြိုင်နက် အထက်ဖေါ်ပြပါ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ အခြေခံသဘောကို မြည်းစမ်းမိလာသည်။
"ပြုလုပ်မှုဖြင့်ကျူးလွန်ခြင်း" ဆိုရာတွင် မောင်နီကို မတရားသင်းနှင့် ဆက်သွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဒုရဲအုပ် မောင်ဖြူက ဖမ်ဆီးသည်။ စစ်ဆေးရာတွင် ရရှိထားသော သတင်းအချက်အလက်များအတိုင်း မောင်နီကို ဝန်ခံစေသည်။ မောင်နီက ဝန်မခံသောကြောင့် နားရင်းကို နှစ်ချက်ရိုက်သည်။ နံပါတ်တုတ်ဖြင့် ကျောကုန်းကို လေးငါးကြိမ် ရိုက်ပြီး ဝန်ခံစေသည်။ ထိုကဲ့သို့ ရိုက်နှက်စစ်ဆေးခွင့် မရှိကြောင်းကို ဒုရဲအုပ် မောင်ဖြူက သိရှိပြီးလည်းဖြစ်သည်။ ထိုသည်မှာ ဒုရဲအုပ် မောင်ဖြူသည် "နာကျင်စေမှု" ဟူသည့် ပြစ်မှုကို "ပြုလုပ်မှု"ဖြင့် ကျူးလွန်လိုက်ခြင်းဖြစ်သည်။
"ပျက်ကွက်မှုဖြင့်ကျူးလွန်ခြင်း" ဆိုရာတွင် မောင်နီကို ဒုရဲအုပ် မောင်ဖြူက ရိုက်နှက်စစ်ဆေးနေကြောင်း စခန်းမှူး ကျော်မြသန်းက သိလည်းသိ၊ မြင်လည်းမြင်သည်။ မိမိ လက်အောက်ငယ်သားတစ်ယောက်က ရဲကျင့်ဝတ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်းကို သိရှိမြင်တွေ့ရချိန်၌ တားမြစ်ရန် တာဝန်မှာ မိမိအပေါ်၌ရှိသည်ကိုလည်း ကိုယ်တိုင်သိသည်။ သို့သော် မတားမြစ်ပေ။ ထိုသို့ မတားမြစ်ဘဲ ပျက်ကွက်သည့်အတွက် ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူနှင့် အလိုတူရာရောက်သည်။ ထိုသည်မှာ စခန်းမှူး ရဲအုပ်ကျော်မြသန်းသည် ဥပဒေကို "ပျက်ကွက်မှု"ဖြင့် ကျူးလွန်လိုက်ခြင်းပင် ဖြစ်သည်။
ကျွန်တော်သည် အထက်ပါသဘောတရားကို နားလည်လာသည့် အချိန်မှစ၍ ယူနီဖောင်းဝတ် ရဲကို ကြောက်သည့်စိတ် တစတစ လွင့်စင်ပပျောက်သွားသည်။ ရဲတွင်လည်း လိုက်နာရမည့် ရဲဥပဒေရှိသည်ကို ကျွန်တော် နားလည်လာသည်။ ဖမ်းဆီး၍ နှိပ်စက်ချင်တိုင်း နှိပ်စက်၍မရသည်ကို ကျွန်တော် သဘောပေါက်လာသည်။ ကျွန်တော်ကိုယ်တိုင် ဖမ်းဆီးစစ်ဆေးခံရသည့် အချိန်များ၌ပင် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သည်။
×××××
No comments:
Post a Comment