Saturday, June 6, 2009
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားပြီးနောက် ငယ်ထိပ်မြွေပေါက်သလိုဖြစ်နေတဲ့နအဖ
နအဖ အဖို့ ဒေါ်အောင်ဆန်း စုကြည်ကို ဒီလို ဖမ်းဆီး ရုံးတင်ဖို့ အခွင့် အရေး ရသွား တာ - ဒါမှ မဟုတ် သူတို့ရဲ့လုပ်ကြံမှု အောင်မြင် သွားတာဟာ နအဖ အဖို့ နိုင်ငံရေး အရ လက်ဦးမှု ရသွား တယ်လို့ ယူဆ စရာရှိ ပါတယ်။ ဒါပေမယ့် လက်တွေ့ ဆက်ဖြစ် လာတာ တွေနဲ့ ဖြစ်လာ နိုင်တာ တွေကို ပြန်တွေး လိုက်တော့ ဒါဟာ နအဖ အဖို့ ကံကောင်း တာလား၊ ကံဆိုး တာလား စဉ်းစား စရာ ဖြစ်နေ ပါတယ်။
စစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို လူထုနဲ့ အဆက်ဖြတ် ရေးဟာ သူ့တသက် ကိုယ့်တသက် လုပ်ရမယ့် ကိစ္စလို့ သတ်မှတ် ထားကြ ဟန်တူ ပါတယ်။ ဒါကြောင့် အိမ်ချုပ် သက်တမ်း စေ့တဲ့ အခါမှာ အခု ဒီဖောက်ထွင်း မှုမှာ အိမ်ရှင် ကိုစွဲချက်တင်၊ ထောင်ချဖို့ လုပ်ကြံ တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ တွက်ထား တာတွေ ထဲမှာ မပါတာ တွေ ဆက်တိုက်ဖြစ် လာနေလို့ ဗိုလ်သန်းရွှေ တ ယောက် ထိုင်နေ အကောင်း သားလို့ ဆိုရ မလိုဖြစ် နေပါပြီ။
အိမ်ဖြူတော်မှာ အိုဘားမားတက်လာတဲ့နောက် နအဖအစိုးရဟာ သူတို့ဖောက်ချင်နေတဲ့ ရွှေလမ်းငွေလမ်းတော့ဖြင့် ပေါက်တော့မယ်လို့ မျှော်လင့်ထင်စားခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တဲ့ ဒီကိစ္စတခုတည်းနဲ့ပဲ စစ်ဗိုလ်ချုပ်တွေဟာ “ဆုချတာခံရမလားထင်လို့ ဝင်သွားတာ၊ ထိပ်ချတာ ခံလိုက်ရတယ်” ဆိုတာမျိုးဖြစ်သွားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နအဖကို ကလေးငေါက်သလိုအပြစ်တင်တာခံလိုက်ရပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကတောင် ဒီကိစ္စအတွက် စိတ်ပူတဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံရဲ့ ကိစ္စကို ပြောခဲလှတဲ့ တရုတ်တို့၊ အာဆီယံတို့ကတောင် “ပညာပေး” တာ ခံနေရပါပြီ။ နောက်ပြီး ဂျပန်လိုနိုင်ငံကို ရှင်းပြရ၊ ထိုင်းနဲ့ကတောက်ကဆဖြစ်ရ၊ ဒါ့အပြင် အီးယူက ဘာများ ပြောလာဦးမလဲ၊ တခြားနိုင်ငံတွေက ဘာတွေပြောဦးမလဲ ဆိုပြီး ထမင်းလုံးတစ္ဆေခြောက်တာ ညတိုင်းခံနေရပါတယ်။ သေချာတာကတော့ သံခင်းတမန်ခင်းအရ၊ နိုင်ငံတကာ ဆက်ဆံရေးအရ နအဖအဖို့ အကြီးအကျယ်နစ်နာရတဲ့ ဘယ်သူမပြုမိမိမှု ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်လိုက်တာဟာ နအဖဗိုလ်ချုပ်တွေအတွက် ဝမ်းသာစရာလား၊ စိတ်ညစ်စရာလား ဆိုတာကို သိချင်ရင် ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ လုံခြုံရေးတွေ အပြည့်ယူနေရတာကိုကြည့်ရင် သိနိုင်ပါတယ်။ ပဒူအုံကိုတုတ်နဲ့ထိုးမိသလို ဖြစ်ဖို့များနေပါပြီ။ တကယ်လို့သာ ဒီကိစ္စကြောင့် လူထုအုံကြွလာတယ်ဆိုရင် ဘယ်သူက သွေးထိုးပေးလို့၊ ပြည်ပကမြှောက်ပေးလို့ စသဖြင့် ပြောလို့မရတာ သေချာနေပါပြီ။ ဗမာပြည်မှာဖြစ်ခဲ့တဲ့ အရေးကိစ္စတွေ မှန်သမျှဟာ အုပ်စိုးသူများဘက်က မတော်မတရားလုပ်တဲ့အတွက် ပေါ်ထွက်လာတာတွေချည်း ဖြစ်ပါတယ်။ ဒါဟာတရားပါ။ စားဝတ်နေရေးနဲ့လုံးချာလိုက်နေတဲ့ ပြည်သူလူထုဟာ အလကားနေရင်း လမ်းပေါ်ထွက်ပြီး ကိုယ့်ဒုက္ခကိုယ်မရှာပါဘူး။ သံဃာတော်များလည်းအလားတူပါပဲ။
ဒီလို တိုင်းပြည်အတွက်အရေးပါတဲ့အမှုကြီးတခု၊ နိုင်ငံတကာကလည်း အာရုံစိုက်မယ့်အမှုမျိုးကို ဖန်တီးလိုက်ရတာဟာ တကယ်တော့ နအဖအတွက်ပြောရင်လည်း မရဲပဲ ကျွဲပြဲ စီးရတာပါ။ ဒါကြောင့်မို့ သံတမန်လောကကို ဟန်ပြအနေနဲ့ တရက်တည်းသာ တရားရုံးတက်ခွင့်ပြုခဲ့ပေမယ့် ကျန်တာအားလုံးကို ထောင်ထဲမှာ တံခါးပိတ်စစ်ဆေးနေပါတယ်။ ဒါဟာ သူတို့ဘက်က ကျိုးကြောင်း မခိုင်လုံကြောင်း၊ မရိုးသားနိုင်ကြောင်း ဝန်ခံတာတမျိုးလို့ ယူဆရင်ရပါတယ်။
အခုတော့အမှုကို လူအများရှေ့မှောက်မှာ စစ်ဆေးရေးဆိုတဲ့ တောင်းဆိုချက်ဟာ ကျယ်လောင်သထက် ကျယ်လောင်လာနေ ပါပြီ။ အစိုးရပြတဲ့သက်သေတွေကို စစ်ဆေးပြီးခဲ့သလောက်အရ ဆိုရင် ဥပဒေအရ နအဖမုချရှုံးမှာပါ။ သူတို့ဘက်က သက်သေ တွေရဲ့ အစစ်ခံချက်တွေဟာ သူတို့အတွက် အထောက်အကူ လုံးဝမပြုပါဘူး။ တကယ်ဆိုရင် တရားခံပြသက်သေတွေကိုတောင် စစ်နေဖို့ မလိုလောက်အောင်ဖြစ်ပါတယ်။ ဒါပေမယ့် နအဖဟာ သိုးကိုမဖြစ်ဖြစ်အောင်စားချင်တဲ့ဝံပုလွေလိုပဲ“နင်မဟုတ်နင့်အဖေပဲ” လို့ ပြောပြီး အပြစ်ပေးဖို့ လုံးပန်းမှာပါပဲ။ ဒါမျိုးကို ထောင်ထဲမှာ တံခါးပိတ်စစ်ဆေးတဲ့ရုံးမျိုးမှာလုပ်ရတာ ပိုလွယ်ကူပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို အများပြည်သူ တက်ရောက်နားထောင်နိုင်တဲ့ တရားရုံးမှာ စစ်ဆေးရေးဟာ တရားမျှတမှုအတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် တရားခွင်ကို လူထုမျက်မှောက်ရောက်အောင် တောင်းဆိုကြရပါမယ်။ ဒါဟာတရားမျှတ၊ ကျိုးကြောင်း ဆီလျော်တဲ့အပြင် လူတိုင်းသဘောတူနိုင်တဲ့ တောင်းဆိုချက်ဖြစ်တဲ့အတွက် လတ်တလောလှုပ်ရှားမှုမှာ ထိပ်တန်းတင်ရမယ့် တောင်းဆိုချက်၊ ကြွေးကြော်သံဖြစ်ပါတယ်။
ဒီတခါ ဒေါ်အောင်ဆန်းစုကြည့်ကိုရုံးတင်တဲ့ကိစ္စဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်နေတဲ့လူတွေအတွက်တော့ အတော်လေး အကြပ် ရိုက်သွားမှာဖြစ်ပါတယ်။ နအဖလုပ်လိုက်တာက သူတို့ကို ယမ်းချေးပန်းတယ်လို့ ပြောနိုင်ပါတယ်။ တကယ်လို့သာ သူတို့အနေနဲ့ ဒီကိစ္စ နဲ့ပတ်သက်တဲ့သဘောထားပေးဖို့ မေးမြန်းတောင်းဆိုလာရင် သူတို့ဟာ အတတ်နိုင်ဆုံးခေါင်းရှောင်ချင်ကြမှာပါ။ နအဖ အလို ကို လိုက် ပြောရင် မဲရမှာကို ထိခိုက်မယ်၊ နအဖကို ဆန့်ကျင်ရင် ရွေးကောက်ပွဲဝင်ခွင့်တောင်မှ ရချင်မှရမယ်။ ဒါကြောင့် ဒီကိစ္စမှာ တတိယ အင်အား ဆိုသူ တော်တော်များများက ပြောဖို့ ခေါင်းရှောင်နေကြပါတယ်။ ဒါဟာ ၂ဝ၁ဝ ရွေးကောက်ပွဲနောက်ပိုင်း ဒီမိုကရေစီအတွက် လေ့ကျင့် နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သူတို့နဲ့ပြောင်းပြန်၊ ပြည်သူလူထုကတော့ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကိုယ့်ခံစားချက်၊ ကိုယ့်အမြင်တွေကို ရဲရဲတင်းတင်းပဲ ဒေါသနဲ့ ပြောနေ ကြ ပါတယ်။ သည်းမခံနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်တွေ ဖော်ပြနေကြပါတယ်။ ဒီလိုအခြေအနေမှာ အချိန်မရွေး ပေါက်ကွဲ ထွက်နိုင် တယ် ဆိုတာကို ဗမာပြည်အရေးနားလည်သူတိုင်း တွေးမိကြမှာပါ။ ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ပြီး တင်တာဟုတ်မဟုတ် ဆိုတဲ့မေးခွန်းမျိုးကို ဘယ်သူကမှ အချိန်ကုန်ခံ ဆွေးနွေးမနေကြတော့ပါဘူး။ ဘာကို-ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကိုပဲ ဆွေးနွေး ကြမှာပါ။ ပြည်တွင်း၊ ပြည်ပ၊ သံဃာ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ စာရေးစာချီဝန်ထမ်း၊ ပညာရှင်၊ ကုန်သည်ပွဲစား၊ စစ်ဗိုလ်စစ်သား၊ အိမ်ရှင်မ၊ မပြောဘဲ ဘယ်သူမှမနေပါဘူး။ ဒီအခြေအနေကို နအဖအစိုးရလည်း မသိတာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အတွက် အနည်းဆုံးရွေးကောက်ပွဲပြင်ဆင်တဲ့ ကာလနဲ့ ကျင်းပတဲ့ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုထဲမှာ မ လှုပ် ရှားနိုင်အောင်လုပ်ထားဖို့က ပိုအရေးကြီးနေပါတယ်။ ဒါကြောင့်မို့ သူတိုဘက်ကကြည့်ရင်လည်း သေမြေကြီး-ရှင်ရွှေထီး လုပ်လိုက် ရတာပါ။ သူတို့က အမှုကိုအမြန်ပြီးပြတ်အောင် တက်သုတ်ရိုက်စစ်နေတာ၊ ကမျောသုံးပါးစွဲချက်တင်တာတို့ကို ထောက်ကြည့်ရင် နအဖ စစ်ဗိုလ်တွေ ဘယ်လောက်ချောက်ချားနေတယ်ဆိုတာ အတိုင်းသားတွေ့မြင်နိုင်ပါတယ်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment