Saturday, August 29, 2009

အမေရိကန်အောက်လွှတ်တော်အရာရှိများ အန်အယ်လ်ဒီနှင့် တွေ့ဆုံ မြန်မာ့နိုင်ငံရေးအခြေအနေများ ဆွေးနွေး

NEJ / ၂၉ သြဂုတ် ၂၀၀၉

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် များသည် အမေရိကန် အောက်လွှတ်တော်၊ နိုင်ငံခြား ရေးရာ ကော်မတီမှ အရာရှိ (၃) ဦးနှင့် ယမန်နေ့ ညနေပိုင်း တွင် အဖွဲ့ချုပ် အစည်း အဝေး ခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းသို့ ဆွေးနွေး ရာတွင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးခင်မောင် ဆွေတို့ နှင့်အတူ ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်၊ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း နှင့် ရုံးအဖွဲ့မှူး ဦးလှမင်းတို့လည်း ပါဝင်ကြောင်း သိရသည်။

မြန်မာ နိုင်ငံ လက်ရှိနိုင်ငံ ရေးအခြေ အနေ၊ ဒေါ်အောင်ဆန်း စုကြည်၏ လက်ရှိ အခြေအနေ နှင့် နိုင်ငံရေး အကျဉ်းသား များ၏ လက်ရှိ အခြေအနေများ ကို အဓိက ထား ဆွေးနွေးခဲ့ကြ သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာ့နိုင်ငံရေးဆွေးနွေးရာတွင် အမေရိကန်အောက်လွှတ်တော် အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ တိုက်တွန်းသည့် သဘော၊ ဆောင်ရွက်သင့်သည်ဆိုသည့်သဘောမျိုး ပြောဆိုဆွေးနွေးခြင်းမရှိကြကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီဘက်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့သဘောထားရှိသည်၊ ရွေးကောက်ပွဲပြီးပါက မည်သို့ဖြစ်လာမည် ဆိုသည့်အခြေအနေနှင့် လက်ရှိအပစ်အခတ်ရပ်စဲရေးအဖွဲ့များနှင့် မပြေမလည်ဖြစ်နေသည့် အခြေအနေပေါ်တွင် အန်အယ်လ်ဒီ က ဆုံးဖြတ်နိုင်ခြင်းမရှိသေးသည့် အချက်များကို ရှင်းပြခဲ့ကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဦးစိုးမြင့်က ရှင်းပြပါတယ်။ လက်ရှိအားဖြင့် မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ရင် နောက်ဆုံးဖြစ်ပေါ်နေတဲ့ နယ်စပ်မတည်မငြိမ်မှု၊ ဒါတွေကို ထည့်သွင်းသုံးသပ်ရမယ်။ နောက်တခုက ရက်ပိုင်းအတွင်းမှာ မြန်မာပြည်တချို့သောနေရာတွေမှာ ဥပဒေမပြဋ္ဌာန်းသေးဘဲနဲ့ တချို့သောပါတီတွေက ဆိုင်းဘုတ်ထောင်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ကြွေးကြော်နေတယ်။ ဒီလိုအခြေအနေတွေကို သူတို့ကို ရှင်းပြတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အန်အယ်လ်ဒီကသော်လည်းကောင်း၊ မစ္စတာဘန်ကီမွန်းကသော်လည်းကောင်း အားလုံးပါဝင်နိုင်ရေးလို့ ပြောပြီး ဒီလိုအခြေအနေဖြစ်ပေါ်နေတယ်။ အဲလိုဖြစ်ပေါ်နေတဲ့အခြေအနေမှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဟာ ဆုံးဖြတ်ဖို့မဖြစ်နိုင်သေးဘူးဆိုတာကို သူတို့ကို ရှင်းပြခဲ့တာပါ” ဟု ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ လက်ရှိနေထိုင်ရသည့်အခြေအနေနှင့် ထိန်းသိမ်းထားသည့်အခြေအနေကိုလည်း အမေရိကန်အရာရှိများက မေးမြန်းကြသဖြင့် ယင်းအခြေအနေများကို ၎င်းကိုယ်တိုင်ရှင်းလင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ကျနော်က ပြောပြလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်က (၃) နှစ်ထောင်ဒဏ်ကျတယ်။ အဲဒီထဲမှာ (၁) နှစ်ခွဲကို ပယ်ဖျက်လိုက်ပြီ၊ (၁) နှစ်ခွဲကျန်တယ်။ ကျန်တဲ့ အဲဒီ (၁) နှစ်ခွဲကို ဆိုင်းငံ့ထားတယ်။ ဆိုင်းငံ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ လွတ်လပ်စွာနေထိုင်ခွင့်ရှိရမယ်၊ သို့သော်လည်းပဲ မလွတ်လပ်ဘူး၊ အကျဉ်းကျတယ်။ အဲလိုအကျဉ်းကျတာဟာ နအဖအစိုးရရဲ့အမိန့်ကြောင့်။ အဲဒီအမိန့်ကလည်း ဥပဒေမှာ ဒီလိုဆောင်ရွက်ခွင့်မရှိဘူးဆိုတာကို ကျနော်ရှင်းပြတယ်” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ (၂,၀၀၀) ကျော်ရှိနေသည်ကို အမေရိကန်အရာရှိများက သိနေပြီး ထိုအကျဉ်းသားများ၏ ထောင်တွင်းနေထိုင်ရသည့် အခြေအနေကိုမေးမြန်းကြောင်း၊ ယင်းအခြေအနေများကို ထောင်တွင်းအတွေ့အကြုံများသည့် ဦးခင်မောင်ဆွေနှင့် ဦးအုန်းကြိုင်တို့က ရှင်းပြခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ထို့အပြင် အန်အယ်လ်ဒီပါတီအတွင်း generation gap ဖြစ်နေသည့်ကိစ္စကိုလည်း မေးမြန်းခဲ့သဖြင့် အဖွဲ့ဝင်လူကြီးများက အဖွဲ့ချုပ်တွင် လူငယ်များသည် နဂိုကတည်းက စိတ်ဓာတ်ရှိပြီးသား လူငယ်များဖြစ်သည့်အတွက် new generation အင်အားများသည် ရှိပြီးသားဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောကြားသည်။

အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အမေရိကန်အောက်လွှတ်တော် အရာရှိများမှာ ဒီမိုကရက်တစ်ပါတီမှ Lynne Weil နှင့် Jessica Lee၊ ရီပတ်ဘလီကန်ပါတီမှ Dennis Halpin တို့ဖြစ်ပြီး ၎င်းတို့သည် (၄) ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ် အန်အယ်လ်ဒီအဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့အရာရှိများ လာရောက်မေးမြန်းမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “သူတို့ပြောတဲ့စကားတွေအရပဲ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေ လာရောက်စုဆောင်းတယ်ဆိုတာ ပေါ်နေတယ်။ ဘယ်အတွက်လဲဆိုတာက ကွန်ဂရက် အတွက်လား၊ မူဝါဒသစ်အတွက်လား ဒါတော့ ကျနော်တို့လည်းမသိပါဘူး” ဟု ပြောသည်။

ယခုကဲ့သို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှ အရာရှိ (၃) ဦး၏ မြန်မာနိုင်ငံခရီးစဉ်သည် သြဂုတ် (၁၄) ရက်တွင် မြန်မာနိုင်ငံသို့ (၃) ရက်ကြာလာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ခရီးစဉ် အပြီး လာရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်းပါးတပုဒ်ကို သြဂုတ် (၂၆) ရက်ထုတ် New York Times သတင်းစာတွင် ရေးသားထားပြီး အဆိုပါဆောင်းပါးတွင် အတိုက်အခံ အန်အယ်လ်ဒီပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ဖို့စဉ်းစားစေချင်ကြောင်း တိုက်တွန်းထားသည်။

အဆိုပါ မစ္စတာဝက်ဘ်၏ တိုက်တွန်းချက်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ၏ သဘောထား မည်သို့ရှိသည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် သြဂုတ် (၂၇) ရက်တွင် အယူခံကိစ္စသွားရောက်တွေ့ဆုံခဲ့သည့် ဦးဉာဏ်ဝင်းအား ခေတ်ပြိုင်က မေးမြန်းခဲ့သည်။

၎င်းက “ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ခြုံငုံပြီးတော့ သုံးသပ်ချက်ပေးပါတယ်။ တခုချင်း တခုချင်းတော့ သူမပြောဘူး။ သူပြောတာက မစ္စတာဝက်ဘ်ရဲ့ ပြောဆိုရေးသားနေတဲ့ဟာတွေက အိုဘားမားမူဝါဒတွေလို့ သူမယုံကြည်ဘူးတဲ့” ဟု ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြန်လည်ပြောကြားခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ အန်အယ်လ်ဒီသဘောထားကို ယခုကဲ့သို့ ရှင်းပြသည်။

“ကျနော်တို့ ရွေးကောက်ပွဲဝင်ရေးမ၀င်ရေး စဉ်းစားတာ အဲဒီရွေးကောက်ပွဲရဲ့ ရလဒ်က ပြည်သူလူထုအတွက် အကျိုးရှိလား၊ မရှိလားဆိုတာ ကျနော်တို့လိုချင်တာဖြစ်တယ်။ အဲဒါတွေ လုံးဝမှမရနိုင်ရင် ဘာမှလုပ်စရာမရှိတော့ဘူး” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

No comments: