Saturday, August 29, 2009

လျှပ်စစ်မီးပဲ မှန်မှန်လာအောင် ကြိုးစားပါဦး

တူမောင်ညို

ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိပေါ့။

“နျူကလီယား ဓါတ်ပေါင်းဖို ဆောက်ဖို့ လုပ်နေတယ်”၊ “ရုရှားကို ပညာတော် သင်တွေ လွှတ်နေတယ်”၊ “မြောက်ကိုရီးယား နဲ့ ဆက်စပ် လုပ်ဆောင် နေတယ်” စတဲ့ သတင်း တွေက မရည်ရွယ် ပေမယ့်လည်း (နအဖ) စစ်အစိုးရ ကို အရောင်တင် ပေးသ လိုတောင် ဖြစ်နေ ပါတယ်။

ယူရေနီယံသန့်စင်တာတို့၊ နျူကလီယားလက်နက်ထုတ်လုပ်တာတို့ဆိုတာ ဆည်မြောင်းတာတမံနဲ့ တံတားတွေဆောက်သလို လွယ်တာမဟုတ်မှန်း သာမန်ဗဟုသုတရှိတဲ့ လူတိုင်း သိကြပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံအစိုးရတွေဆီကလည်း တုန့်ပြန်ပြောသံဆိုသံ မကြားရပါဘူး။ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ပြောနိုင်ဆိုနိုင်၊လေ့လာစစ်ဆေးနိုင်တဲ့ (IAEA) အဖွဲ့အစည်းတွေထံကလည်း ပြောသံဆိုသံမကြားရပါဘူး။ ဒီကိစ္စ ဒီလောက်ပဲ ထားကြပါစို့။

ကျနော်ပြောချင်တာက ကျနော်တို့တိုင်းပြည်မှာ လိုအပ်နေတာ နျူကလီးယားစွမ်းအင် မဟုတ်ဘူး။ နျူကလီယားလက်နက်ပိုင်ဆိုင်ဖို့ မဟုတ်ပါဘူး။ လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ရှည်ကြာခဲ့ရပြီဖြစ်တဲ့၊ ပြိုကွဲနေတဲ့ အမျိုးသားသွေးစည်းညီညွတ်မှုကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။

လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းကိုပဲ ခဏလောက် စောင်းငဲ့ကြည့်လိုက်ပါ။ အမျိုးသားလွတ်လပ်ရေး ပြန်လည်ရရှိဖို့နဲ့ ကိုလိုနီနယ်ချဲ့ကို တိုက်ထုတ်နိုင်ဖို့ဆိုတဲ့ ဦးတည်ချက်အောက်မှာ ပါတီအဖွဲ့အစည်းမျိုးစုံက လူငယ်တွေဟာ တိုင်းတပါးကိုသွားပြီး စစ်ပညာ သင်ခဲ့ကြတယ်။ ဒီလူငယ်တွေကို အမြုတေထားပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းခဲ့တယ်။ တခါ ဖက်ဆစ်ဂျပန်တွေက အုပ်စီးထားတဲ့ ဒီတပ်မတော်ကို ဖက်ဆစ်တော်လှန်တဲ့ ပြည်သူ့လွတ်လပ်ရေးကို ဆောင်ကျဉ်းပေးမယ့် တပ်မတော်ဖြစ်အောင် လှည့်ပြောင်းနိုင်ခဲ့ကြတယ်။

အဲဒီလိုသမိုင်းအစဉ်အလာရှိခဲ့တဲ့ တပ်မတော်ကြီးကို (နအဖ)စစ်အုပ်စုက ခြယ်လှယ်အုပ်စီးထားတယ်။ (နအဖ)စစ်အုပ်စုက တပ်မတော်ကိုတင်မကဘူး၊ တတိုင်းတပြည်လုံးအရေးအရာဖြစ်တဲ့ အမျိုးသားနိုင်ငံရေးကိုပါ ထာဝစဉ် အုပ်စီးထားနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီလိုအုပ်စီးမှုတွေကို အထင်အရှားဖေါ်ပြနိုင်တဲ့ သာဓကတစ်ခုကတော့ (နအဖ)စစ်အုပ်စုက အတင်းအကျပ်အတည်ပြုထားတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” ပဲ ဖြစ်ပါတယ်။

(နအဖ)စစ်အုပ်စု အတင်းအကျပ်အတည်ပြုထားတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” အသက်ဝင်လာရင် ကျနော်တို့တိုင်းပြည်မှာ စစ်အာဏာရှင်စနစ် တရားဝင်တည်ရှိလာတာပဲ ဖြစ်လိမ့်မယ်။ တခြား ဘာမျှမဖြစ်နိုင်ဘူး။ စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက် ဖိနှိပ်ရက်စက်မှုကို ၁၉၈၈ ခုနှစ်မှ ယနေ့အထိ အနှစ်နှစ်ဆယ်ကျော် ကျနော်တို့ကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းခဲ့ရဖူးပြီ။ အဲဒီဖြတ်သန်းမှုအတွေ့အကြုံထဲကနေ စစ်အာဏာရှင်စနစ်ဆိုတာကို အနှစ်ချုပ်ပြောပါဆိုရင် အောက်ပါ အချက်နှစ်ချက် ပြောရမှာပဲဖြစ်ပါတယ်။

နိုင်ငံရေးဘက်မှာဆိုရင် -
၁။ စစ်တပ်ကြီးတစ်ခုလုံးကို ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ စစ်ဗိုလ်တစ်စု(စစ်အုပ်စု)က ချုပ်ကိုင်ထားပြီး ပြည်သူများနဲ့ ပြည်သူ့အရေး လှုပ်ရှားမှုမှန်သမျှကို အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်တာပါပဲ။

စီးပွားရေးဘက်မှာဆိုရင် -
၂။ တတိုင်းတပြည်လုံးရဲ့စီးပွားရေးအသက်သွေးကြောမှန်သမျှနဲ့ ဓနဥစ္စာတွေကို လက်ဝါကြီးအုပ် လုယက်သိမ်းပိုက်ထားတာပါပဲ။

ဒါကြောင့် တိုင်းပြည်နဲ့ လူထုရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လူမှုဘဝနယ်ပယ်အစုံမှာ အခက်အခဲအကျပ်အတည်း မျိုးစုံနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် ကျနော်တို့ဖြတ်သန်းခဲ့တဲ့ ဖြတ်သန်းနေတဲ့ နှစ် (၂၀) ဆိုတဲ့ကာလတို အတွေ့အကြုံအရ ပြောရရင် ဗမာပြည် ပြည်သူလူထုရဲ့ လက်ငင်းလက်တွေ့လိုအပ်ချက်ဟာ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ သွေးစည်းညီညွတ်မှုကို ပြန်လည်တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။

ဒီမိုကရေစီလည်းရှိ၊ ငြိမ်းချမ်းမှုလည်းရှိ၊ အမျိုးသားတန်းတူမှုလည်းရှိ၊ ညီညွတ်မှုလည်းရှိတယ်ဆိုရင် ကျနော်တို့တိုင်းပြည်နဲ့ ပြည်သူများဟာ ဂလိုဘယ်ပြိုင်ကွင်းကြီးထဲမှာ စိမ်ခေါ်အကဲစမ်းမှုမှန်သမျှကို ထိထိရောက်ရောက် တုန့်ပြန်နိုင်စွမ်း ရှိလာပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ (နအဖ)စစ်အစိုးရလို မမြင်ဖူးတဲ့ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင်နောင်နဲ့ အလောင်းဘုရားရုပ်တုတွေ ထုပြီး ပဒေသရာဇ်လွမ်းတေး ဆိုပြီး ကမ္ဘာကြီးရဲ့ ဟိုအဝေးမှာ ထာဝစဉ် နောက်ကျကျန်နေရစ်ခဲ့ပါလိမ့်မယ်။

နောက်တစ်ကြိမ်ထပ်ပြောရရင် ဗမာပြည်ပြည်သူလူထုရဲ့ လက်ငင်းလက်တွေ့လိုအပ်ချက်ဟာ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ သွေးစည်းညီညွတ်မှုကိုတည်ဆောက်ဖို့ပဲဖြစ်ပါတယ်။

ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူမှုနဲ့ ညီညွတ်မှုတို့ဆိုတာဟာ တိုင်းပြည်ခေတ်မီဖွံဖြိုးရေးအတွက် အဓိကကျတဲ့ အခြေခံကောင်းတွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံတွေရရှိလာအောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအခြေခံကောင်းတွေဟာ နျူကလီးယားစွမ်းအင်၊ နျူကလီးယားလက်နက်တွေထက် အစွမ်းထက်မြက်ပါတယ်။

ဒီအခြေခံကောင်းတွေရရှိရေး ချီတက်ရာလမ်းမှာ အဓိကအတားအဆီးနဲ့ အနှောင့်အယှက်ဖြစ်နေတာက စစ်အာဏာရှင်စနစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ရမယ်။

တိုင်းပြည်နဲ့ ပြည်သူအင်အား ရှိမှသာလျှင် တပ်မတော်အင်အား ရှိပါလိမ့်မယ်။

စစ်အုပ်စုက တိုင်းပြည်နဲ့ တပ်မတော်ကို ဆက်လက်ခြယ်လှယ်အုပ်စီးထားပြီး ပြောနေကြတဲ့ နျူကလီးယားစွမ်းအင်တွေ၊ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်သွားတယ်ဆိုရင်လည်း တိုင်းပြည်နဲ့ ပြည်သူတွေပဲ စစ်အုပ်စုရဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်တာကို ဆက်လက် ခံနေကြရမှာဖြစ်ပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဆန့်ကျင်တိုက်ဖျက်ရေးဟာ ဒီကနေ့ကာလရဲ့ တစ်ခုတည်းသော တာဝန်နဲ့ အဓိကလုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီတာဝန်နဲ့ ဒီလုပ်ငန်းကို တပ်မတော်အတွင်းက တိုင်းချစ်ပြည်ချစ် တပ်ဗိုလ်တပ်သားများအပါအဝင် ပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ် ထမ်းရွက်ကြပါစို့။

အကယ်၍ (နအဖ) စစ်စိုးရဟာ နျူကလီးယားစွမ်းအင်တို့၊ နျူကလီးယားလက်နက်တို့ ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ နောက်ထပ်ကြားလာခဲ့ရင်လည်း “လျှပ်စစ်မီးပဲ မှန်မှန်လာအောင် ကြိုးစားပါဦး” လို့ (နအဖ)စစ်အစိုးရကို ပြောလိုက်ကြပါ။

No comments: