Wednesday, August 26, 2009

ပြည်မြို့တွင် လူငယ်အချို့ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံနေရ

ဉာဏ်မောင်

ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့ပေါ်ရှိ လူငယ်အချို့အား အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။


ဖမ်းဆီးခံရသူများ၏ နေအိမ်များသို့ အာဏာပိုင်များက ၀င်ရောက်ရှာဖွေခြင်းများရှိပြီး ၎င်းတို့အား ဆန့်ကျင်ဘက် အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု သံသယရှိ၍ ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။

“ရဲလည်းပါတယ်၊ စစ်တပ်လည်းပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံတွေ ဝေတဲ့ကိစ္စကို လိုက်ရင်းနဲ့ ဖမ်းတာပေါ့လေ၊ ဖမ်းထားတဲ့ လူငယ်တွေက ဟိုတလောတုန်းက အယောက် ၃၀ လောက် ငပလီဘက်ကို သွားတာ၊ အယောက် ၃၀ ပြည့်အောင် ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ၊ အဲ့ဒီထဲက သုံးလေးယောက်ပဲ ဖမ်းသေးတယ်၊ ခုဖမ်းထားတဲ့ သူတွေက အဲ့ဒီလူတွေနဲ့ ဆက်စပ်တယ်ဆိုပြီး လုပ်နေတာပါ” ဟု ဒေသခံတဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဖြူဖွေး၊ မောင်ဝိုင်းနှင့် ကိုအောင်ဆိုသူများ ဖြစ်ပြီး ၎င်းတို့၏မိဘများမှာ နိုင်ငံဝန်ထမ်းများဖြစ်ကြကာ ကိုအောင်ဆိုသူမှာ ဆောက်လုပ်ရေးဌာန ၀န်ထမ်းတဦးဖြစ်ပြီး ‘Soft Guide’ အမည်ရ ကွန်ပြူတာနှင့် ဗွီစီဒီဆိုင် ဖွင့်ထားသူဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရအာဏာပိုင်များက ငပလီသို့သွားသည်ဆိုသည့် လူငယ် ၃၀ မှာ တဖက်နိုင်ငံရှိ အဖွဲ့အစည်းများ၏ သင်တန်းသို့ သွားတက်သည်ဟု သံသယဖြစ်ပြီး ယခုဖမ်းဆီးထားသူများနှင့် ဆက်စပ်ပတ်သက်နေသည်ဟု ယူဆနေကြောင်း ဒေသခံများက ပြောသည်။

“ရွှေဟင်္သာ နောက်ပေါက်ရပ်ကွက်က ၀န်ထမ်းအိမ်ယာမှာ နေတဲ့ ဖြူဖွေးရဲ့အိမ်ကို စစ်တပ်နဲ့ ရဲ အင်အား ၄၀ လောက်က (၂၃) ရက်နေ့၊ ည (၁၁) နာရီ၊ မိနစ် (၂၀) လောက်မှာ ၀င်ပြီး ၃ ရက်အတွင်း လက်နက်တွေ ထုတ်ပေး၊ မထုတ်ပေးရင် မိဘတွေကိုပါ ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဖြူဖွေး၏မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုဖမ်းဆီးမှုတွင် ပြည်မြို့ ဥသျှစ်ပင်ရပ်ကွက်တွင် နေထိုင်သူ အမည်မသိနှစ်ဦးနှင့် အောင်လံမြို့မှတဦး ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများ ဖြန့်ဝေခြင်းသာမက အခြားစွပ်စွဲချက်များပါ ပါဝင်နေပြီး မိသားစုအနေဖြင့် ၎င်းတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ယနေ့ထိတိုင် မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံအနှံ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်န်အယ်ဒီလူငယ်များနှင့် တက်ကြွသည့် လူငယ်များ၏ ပုံသဏ္ဍာန်မျိုးစုံနှင့် လှုပ်ရှားမှုအား စောင့်ကြည့်လေ့လာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပြင် မကြာမီကျရောက်တော့မည့် စက်တင်ဘာ သံဃာလှုပ်ရှားမှုကာလအတွင်း ဆန္ဒပြ လှုပ်ရှားမှုများ မဖြစ်ပေါ်အောင် ပြည်နယ်၊ တိုင်းနှင့် မြို့နယ်အသီးသီးတွင် လုံခြုံရေးများ ပိုမိုချထားလာသည်။

ယခုလဆန်း (၆) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပို့စ်ကဒ်လှုပ်ရှားမှုတခုကို မကွေးတိုင်း၊ ချောက်မြို့ပေါ်အနှံ့ ပြုလုပ်ခဲ့ရာ အဆိုပါကိစ္စအား ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် အဆိုပါမြို့မှ ရဲဝန်ထမ်း ၇ ဦးအား ဖမ်းဆီးကာ အချို့ကို တပတ်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့သည်။

ယင်းနောက်ပိုင်းတွင် စစ်အစိုးရက နိုင်ငံရေးလှုပ်ရှားမှုများအား ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသည့် သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူများအား အရေးယူမည်ဟု အတိအလင်း ထုတ်ပြန်ထားသည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ဖြစ်ပေါ်နေသည်ဟု ပြည်မြို့ရှိ ဒေသခံများက သုံးသပ်ကြသည်။

No comments: