Monday, August 24, 2009

ဝက်ဘ်ခရီးစဉ်က အတိုက်အခံတို့၏ ထင်မြင်ယူဆချက်များကို စိန်ခေါ်နေ

ဂျိုးဇက်ဘောလ် (Joseph Ball)

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ မကြာသေးမီက လာရောက်ခဲ့သော ခရီးစဉ်ကြောင့် မြန်မာ့အဓိက ဒီမိုကရေစီရေး မဟာမိတ်အဖွဲ့နှင့် အတိုက်အခံတို့အကြား၊ ထို့ပြင် အနိမ့်ဆုံးအားဖြင့် သူတို့ကို အဓိက အားပေးထောက်ခံနေသော နိုင်ငံတကာမှ အားပေး ထောက်ခံနေသူများအကြား ပင်ကိုယ်အက်ကြောင်းကို ဖော်ထုတ်ပြသနေပြီဖြစ်သည်။ တိုင်းပြည်၏ ဒီမိုကရေစီ အတိုက်အခံပါတီက လက် ရှိဖွဲ့စည်းပုံ စည်းမျဉ်းဘောင်အတွင်း တိုက်ပွဲအောင်မြင်မှု အခွင့်အလမ်း အများဆုံး ရစေရန် ပြုလုပ်မည်ဆိုလျှင် အခြေခံတွင် ပေါ် ပေါက်လာသော ထိုအက်ရာများကို ချက်ချင်းလက်ငင်း ဖြေရှင်းရလိမ့်မည်။

တိုတိုပြောရလျှင် မြန်မာ့ဒီမိုကရေစီ အတိုက်အခံတို့သည် ယူဆချက်နှစ်ခုပေါ်တွင် လုံးလုံးကြီး ပုံထားသောကြောင့် ဤသို့ချိနဲ့ရခြင်း ဖြစ်သည်။ ပထမတခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဟာဗျူဟာ စဉ်းစားတွေးခေါ်မှုနှင့်အညီ လိုက်လုပ်ရခြင်း၊ လိုအပ်မှုအရ နားလည်ပေးရခြင်းတို့ ဖြစ်သည်။ ဒုတိယအချက်မှာ အမေရိကန်၏ အကျိုးစီးပွားနှင့် အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားမှုတို့၏ အကျိုးစီးပွားသည် ပင်ကိုယ်အားဖြင့်ပင် တထပ်ထည်းကျနေသည်ဟု မှတ်ယူ နိဂုံးချုပ်ထားခြင်းတို့ ဖြစ်သည်။

ဒုတိယအချက်ကို ဦးစွာပြောပါမည်။ လွန်ခဲ့သော အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံရှိ အမေရိကန်၏ အကျိုးစီးပွားသည် အတွေးအခေါ်အရ မပြောင်းမလဲတည်ရှိနေပြီး၊ ထိုအတွေးအခေါ်မှာ ၂၀ ရာစု ပထမထက်ဝက်တွင် မြစ်ဖျားခံတည်ရှိနေခြင်း ဖြစ်သည်။ အိုဘားမား အစိုးရ၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်စဉ်းစားပုံမှာ လိုရင်းတိုရှင်းပြောရလျှင် ဒေသတွင်း ကောင်းစွာအထိုင်ကျပြီးဖြစ်သော အမေရိကန် မူဝါဒများကို ဆက်လက်ဆောင်ရွက်ရေး ဖြစ်သည်။ အဓိကပန်းတိုင်ဖြစ်သော ယူရေးရှားကုန်းမြေကြီးတွင် ပေါ်ပေါက်လာနိုင်သော ပြိုင်ဘက်အင်အားကြီး နိုင်ငံများကို ထိန်းချုပ်ဟန့်တားထားရေးဟူသော အချက်ကတော့ ပြောင်းလဲမသွားပါ။

သက်ဆိုင်သူအားလုံး ဤအချက်ကို မမေ့သင့်ပါ။ အိန္ဒိယအမျိုးသား အကျိုးစီးပွားဆိုင်ရာတွင် အောင်မြင်မှု အနည်းငယ်သာ ရခဲ့သော်လည်း မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံ၏ သြဇာသက်ရောက်မှု ကြီးမားလာခြင်းကို ဟန့်တားထားနိုင်ခဲ့ခြင်းမှာ အရေးပါသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ ရွှေဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့ကို ၀ယ်ယူနိုင်ရန် အိန္ဒိယနိုင်ငံက ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့။ အမေရိကန်၏ ဒီမိုကရေစီရေး၊ စစ်ရေး မဟာမိတ် အိန္ဒိယနိုင်ငံက ပီကင်း၏ ကြီးထွားလာနေသော သြဇာအာဏာကို တန်ပြန်ထားနိုင်ခြင်းက နယူးဒေလီက မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ခပ်အေးအေး ထောက်ခံနေခဲ့သော်လည်း ၀ါရှင်တန်အဖို့ အရေးပါသော ဖြစ်ထွန်းတိုးတက်မှုတရပ်အဖြစ် ရှုမြင်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် နိုင်ငံခြားရေးမူဝါဒ ပြောင်းလဲသွားသည့်အပိုင်းမှာ အမေရိကန်၏ ပဓာနကျသော ပန်းတိုင်သို့ ပေါက်ရောက်အောင်မြင်ရေးအတွက် လက်ခံနိုင်ဖွယ်ရှိသော ချဉ်းကပ်မှုအသစ်များ ရှာဖွေရာတွင် ဖြစ်သည်။ ဒီမိုကရေစီ လူ့အခွင့်အရေး စသော လေလုံးမိုးလုံး စကားလုံးများ ခေတ်စားဆဲ ဖြစ်နေမည် ဖြစ်သော်လည်း၊ ပိတ်ဆို့အရေးယူမှုများ နေ့ချင်းညချင်း ပျောက်ကွယ်သွားဦးမည် မဟုတ်သေးသော်လည်း၊ အမှန်အတိုင်း ပြောရပါမူ အတွေးအခေါ်က အနည်းငယ်သာ အရေးပါတော့မည်ဖြစ်ပြီး ခက်ထန်ကြမ်းတမ်းမှုက ပိုလာတော့မည်ဖြစ်သည်။ အမေရိကန်အတွက် ပထမဆုံးနှင့် အရေးအပါဆုံးကိစ္စမှာ အမေရိကန် အမျိုးသားအကျိုးစီးပွား ဖြစ်သည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲ စသည်တို့မှာ အမေရိကန်၏ အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် သူလိုလားသော လူပုဂ္ဂိုလ်တဦးတယေက်၊ မူဝါဒတခုခုကို တရားဝင် မှုပေးအပ်ချီးမြှင့်ရာတွင် အသုံးချသည့် ကိရိယာတန်ဆာပလာမျှသာ ဖြစ်သည်။

အကယ်၍ မြန်မာ့အတိုက်အခံတို့က အဆုံးသတ်ရလဒ် တခုတည်းကိုသာ စိတ်ဝင်စားသည်ဆိုလျှင် သူတို့အကျိုးစီးပွားနှင့် အမေရိကန်အကျိုးစီးပွားမှာလည်း ခွဲခြားရန် ခက်ခဲပါသည်။ သို့သော် အထက်ဖော်ပြပါ အတိုက်အခံအုပ်စုတွင် အတော်အတန် များပြားသော၊ သြဇာရှိသော အ၀န်းအ၀ိုင်းအတွက်မူ ရည်မှန်းချက်သို့သွားရာ နည်းလမ်းသည် ရည်မှန်းချက်လိုပင် အကဲပါသည်၊ အရေးပါသည်။ ယင်းအချက်သည်ပင် ယနေ့ မြန်မာ့အတိုက်အခံတို့နှင့် အမေရိကန်နိုင်ငံတို့အကြား ဖြစ်ပေါ်နေသော တင်းမာမှု၏ အရင်းခံအကြောင်းပင် ဖြစ်သည်။

ဘုရှ်အစိုးရသက်တမ်း ၈ နှစ်ကာလကတော့ ၀ါရှင်တန်၏ မြန်မာ့အရေးတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း ပါဝင်ပတ်သက်မှုများ၊ မြန်မာ့ဒီိမိုကရေစီ အတိုက်အခံတို့၏ အမာလိုင်း အသံတို့နှင့် လိုက်လျောညီထွေ ပြောဆိုကျင့်ကြံခြင်းများကသာ လွှမ်းမိုးထားခဲ့သည်။ `အမှန်´ နှင့် `အမှား´ တို့၏ တိုက်ပွဲအဖြစ် ကျယ်လောင်စွာ ပြောဆိုသာယာနေခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရှိနေသော တရုတ်၏ သြဇာအာဏာနှင့် ရုရှ၏ သြဇာအာဏာ အနည်းအကျဉ်းတို့ တည်ရှိနေခြင်းကို တန်ပြန်ရန် နည်းလမ်းအဖြစ် အာဏာရ မြန်မာဗိုလ်ချုပ်ကြီးများကို ချက်ချင်းလက်ငင်း ဖြုတ်ချဖယ်ရှားရေးကိုသာ လုပ်ဆောင်ခဲ့ကြသည်။ အိုဘားမားအစိုးရကမူ ထိုတခုတည်းသော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် အနိမ့်ဆုံးအားဖြင့် အမေရိကန်၏ ဦးစားပေး အစီအစဉ်များကို အထောက်အပံ့ပြုမည့် အခြားတပါးသော နည်းလမ်းများကို ရှာဖွေလိုနေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကိုယ်ကြား တွေ့ဆုံခွင့်ရခဲ့စဉ်ကလည်း ဆီိနိတ်တာ ၀က်ဘ်သည် သူ့နိုင်ငံအတွက် ကျိုးကြောင်းခိုင်လုံသော စိုးရိမ်ပူပန်ဖွယ်ရာဖြစ်သည့် မြန်မာနိုင်ငံတွင်း ကြီးထွားလာနေသော တရုတ်၏ သြဇာအာဏာကို အထူးအလေးပေး ပြောကြားခဲ့သည်။ ယင်းသည် လိုရင်းကျ၍ သွေးထွက်အောင်မှန်သည့် မြန်မာနိုင်ငံရှိ အမေရိကန် အကျိုးစီးပွားကို ၀ါရှင်တန် အဆင့်မြင့်ပုဂ္ဂိုလ်တဦးက မြန်မာ့အတိုက်အခံ ခေါင်းဆောင်သို့ ဖွင့်ဟပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

ထူးခြားသည်မှာ ဤသို့ စော်ကားပြောဆိုမှုကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပယ်ချလိုက်သည်ဟု သိရသည်။ တရုတ်နိုင်ငံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်စရာမလိုကြောင်းနှင့် အဆိုပါ ဒေသတွင်း အင်အားကြီးနိုင်ငံသည် မြန်မာ့အနာဂါတ်အတွက် ဆက်လက်အရေးပါနေဦးမည် ဖြစ်သည့်အတွက် အမနာပ သွားပုပ်လေလွင့် မပြောသင့်ကြောင်း သူ၏ ထင်မြင်ယူဆချက်ကို ဒီမိုကရေစီခေါင်းဆောင်က ပြောကြားခဲ့သည်။

ဤတုံ့ပြန်ပြောကြားချက်က မြန်မာနိုင်ငံရှိ အမေရိကန်အကျိုးစီးပွားနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား အံချော်နေပြီဆိုသည်ကို အချက်ပြလိုက်ခြင်းပင် ဖြစ်သည်။ သူမ၏ အမိနိုင်ငံအတွက် အကောင်းဆုံး အကျိုးစီးပွားနှင့် မြန်မာနိုင်ငံသား တယောက်အနေနှင့် ထိုသို့ သင့်လျော်စွာ ပြောကြားလိုက်ပုံလည်း ရပါသည်။

ဤအချက်က မြန်မာ့ဒီမိုကရေစီ အတိုက်အခံတို့အတွက် ဒုတိယမြောက် အရေးပါသည့် ခြေလှမ်းမှားမှုကို ဦးတည်သွားစေသည်။ ဒေါ်အောင်ဆန်းစုကြည်အတွက် သူတို့လည်း ပြောနိုင်သည်ဟု အထင်ရောက်သွားခြင်း ဖြစ်သည်။

မကြာသေးခင်လများအထိ တရုတ်နိုင်ငံနှင့် အပြုသဘောဆက်ဆံလိုသည်များ အတိုက်အခံတို့တွင် အနည်းအကျဉ်းမျှသာ စိတ်ဝင်စားမှု ရှိသော်လည်း အတိုက်အခံအများစုကြီးနှင့် အတိုက်အခံ အဖွဲ့အစည်းအများကမူ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထိန်းသိမ်းထားခြင်းကြောင့် ပီကင်းနှင့် ယင်း၏ မူဝါဒများကို ပြက်ရယ်ပြုခြင်းသာ ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် အလေးဂရုပြုမှု၊ အချိန်၊ ငွေကြေး အားလုံးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ဆန္ဒ၊ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ရေရှည်အကျိုးစီးပွားဖြစ်သည်ဟု သူမ ထင်မြင်သော အချက်နှင့် ဆန့်ကျင်စွာပင် အသုံးပြုခဲ့သည်။ ဤသို့ဆို၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အကျိုးစီးပွားများ တထပ်ထည်း ကျသည်ဟု မဆိုလိုပါ။ သို့သော် ရန်ကုန်၊ နေပြည်တော်တို့နှင့် ပီကင်းအကြား ဆက်ဆံရေးတွင် ပဋိပက္ခများ တိုးပွားအောင်လုပ်ခြင်းသည် မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်ရလဒ်ကိုသာ ပေါ်ပေါက်စေလိမ့်မည်။

တရုတ်ကလည်း အမေရိကန်လိုပင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားအတွက်သာ စိတ်ဝင်စား စိုးရိမ်ပူပန်ပါသည်။ မြန်မာနိုင်ငံတွင်ရှိသော တရုတ်နိုင်ငံ၏ အကျိုးစီးပွားများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ခြိမ်းခြောက်ခြင်းသည် မြန်မာ့ဒီမိုကရေစီ အတိုက်အခံတို့အတွက် မိမိတို့၏ သြဇာအရှိန်အ၀ါကို ကျဆင်းအောင်လုပ်ခြင်းပင် ဖြစ်လိမ့်မည်။

မြန်မာအတိုက်အခံတို့က ပီကင်းအပေါ် အမနာပပြောဆိုနေခြင်းသည် နိုင်ငံတနိုင်ငံ အထူးသဖြင့် အမေရိကန်၏ ကြေညာထားသော အကျိုးစီးပွားကို အလုပ်အကျွေး ပြုနေသည်ဆိုသည်မှာ တိုက်ဆိုင်မှုတခု မဟုတ်ပါ။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပီကင်းနှင့် နေပြည်တော်တို့အတွက် အတိုက်အခံတို့ကို အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ လက်ကိုင်တုတ်များအဖြစ် ပြောစရာ ရသွားတော့သည်။ မြန်မာနိုင်ငံ၏ လက်နက်ကိုင် ဗိုလ်ချုပ်များအတွက် အဓိကအာဏာစက်ဖြစ်သော မြန်မာ့အမျိုးသားရေး ၀ါဒအတွက်လည်း ရန်သူတော်တပါး ဖြစ်သွားတော့သည်။

တရုတ်နိုင်ငံနှင့်စပ်လျဉ်း၍ ပြောကြားချက်အပြင် ဆီနိတ်တာဝက်ဘ်၏ ခရီးစဉ်အပြီး ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည့် နောက်ထပ်ကိစ္စရပ်တခုက ပို၍ပင် ပွဲဆူသွားစေသည်။ ပိတ်ဆို့အရေးယူမှုများ လျှော့ပေးသည်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံနိုင်ဖွယ် ရှိပါသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပိတ်ဆို့အရေးယူမှုဆိုသည်မှာ စစ်အစိုးရကို ဆန့်ကျင်ရာ၌ အတိုက်အခံ အသိုင်းအ၀ိုင်းအတွက် အဓိကလက်နက် ဖြစ်နေသောကြောင့် ဤအချက်သည် အတိုက်အခံ လောကအကြား အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

ပိတ်ဆို့အရေးယူမှုနှင့်စပ်လျဉ်း၍ သူက ဒေါ်အောင်ဆန်းစုကြည် မပြောပါဘဲ ပြောသည်ဟု မှားယွင်းကိုးကား ပြောဆိုရန် ကြိုးစားခဲ့ခြင်း မဖြစ်နိုင်ပါ။ ပို၍ဖြစ်နိုင်သည်မှာ အတိုက်အခံတို့၏ အခြေခံအုတ်မြစ်အတွင်း ပေါ်ထွက်လာဖွယ် ရှိနေသော ကွာဟမှုကြီးကို ဒေါ်အောင်ဆန်းစုကြည်ထံမှ စကားတခွန်းဖြင့် ပြန်လည်ချေဖျက်ပစ်ရန် အတိုက်အခံတို့၏ ကြိုးပမ်းမှု ဖြစ်နိုင်ပါသည်။

ပြောရဦးမည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်အပေါ် ဆီိနိတ်တာဝက်ဘ်၏ ပြောဆိုချက်အပေါ် အတိအလင်း အပြတ်ငြင်းပယ် ပြောဆိုလိုက်ခြင်း အပြီးတွင် ပိတ်ဆို့အရေးယူမှု ပြဿနာနှင့် စပ်လျဉ်း၍လည်း အဓိပ္ပာယ် မပြတ်မသားေ၀၀ါးသော ဘာသာစကား အသုံးအနှုန်းတို့ဖြင့် ဒေါ်အောင်ဆန်းစုကြည်က တုံ့ပြန်ပြောဆိုခဲ့သည်ဟူသော ပြောဆိုသံများ ပေါ်ထွက်လာပြန်သည်။ ဤသို့ အသေအချာ ရွေးချယ်ထားသော စကားလုံးများကို နိုင်ငံတကာ မီဒီယာကလည်း ကြက်တူရွေးလို တစာစာရွတ်၍ သူမက ပိတ်ဆို့အရေးယူမှုအပေါ် နဂိုသဘောထားအတိုင်း ပြတ်ပြတ်သားသား ရပ်လျက်ပင် ရှိသေးကြောင်း သက်သေပြကြပြန်သည်။

ဖြစ်နေကျအတိုင်းပင် အမှန်တရားမှာ ဤမျှ ရိုးစင်းလွယ်ကူခြင်း မရှိပါ။

ဒုတိယပုဂ္ဂိုလ်က တဆင့်ပြန်ပြောပြသည်ကို ကိုးကားပြောဆိုရသည်မှာ မလွယ်ကူပါ။ သူမက ပြောခဲ့သည်ဆိုသည့် `ပြည်တွင်းတွင်´ အပြန်အလှန်၊ အတုံ့အလှယ် ဆက်ဆံခြင်းများကို စစ်အစိုးရက ဦးစွာမလုပ်မချင်း ပိတ်ဆို့အရေးယူမှုပြဿနာကို မစဉ်းစား၊ မကိုင်တွယ်နိုင်ပါဆိုသော ပြောဆိုချက်သည် နိုင်ငံရေးအရ ရင်ကြားစေ့မှုလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ပိတ်ဆို့အရေးယူမှုများကို မလွှဲမရှောင်သာ လျှော့ပေးလာရလိမ့်မည်ဟု ယူဆနိုင်သလို၊ အတိုက်အခံတို့အတွက် အောင်ပွဲကို နှိုင်းယှဉ်ချက်အရ အာမ မခံနိုင်မချင်း ရှိရင်းစွဲ ပိတ်ဆို့အရေးယူမှု မူဝါဒကို စွဲမြဲစွာ ဆက်လက်ထောက်ခံသွားရမည် ဟူ၍လည်း ယူဆနိုင်ပါသည်။

ဝက်ဘ်နှင့် ဒီမိုကရေစီ အတိုက်အခံ နှစ်ဖက်စလုံးတို့က ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သမျှတို့ကို မိမိလိုသလို အဓိပ္ပာယ် ကောက်ယူနေကြခြင်း ဖြစ်သည်။ ၀က်ဘ်က သူလိုချင်သော အမေရိကန်မူဝါဒ ပျော့ပြောင်းလာစေရေးအတွက် ပြောသည်။ အတိုက်အခံက ဒေါ်အောင်ဆန်းစုကြည် စဉ်းစားပုံနှင့် တထပ်တည်းဟု သူတို့ဆိုသော ပိတ်ဆို့အရေးယူရေး မူဝါဒမှာ သူတို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ထားသော အလုပ်ဖြစ်၍ ဆက်လက်ကိုင်စွဲရမည်၊ ပြောင်းလဲပစ်၍ မဖြစ်။

ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသည့် မြန်မာ့နိုင်ငံရေးကို အဆုံးသတ်နိုင်ရေးအတွက် လက်ခံနိုင်ဖွယ်ရှိသော နည်းလမ်းများကို မြန်မာ့ဒီမိုကရေစီ လိုလားသော အတိုက်အခံများက ပိတ်ဆို့တားဆီးနေခြင်းဖြင့် ဤဒီမိုကရေစီ အသိုင်းအ၀ိုင်းသည် အလားတူ အကျိုးရလဒ် ရရှိစေရေးတွင် မိမိတို့ကိုယ်မိမိတို့ အခြားတပါးသော မဟာဗျူဟာတို့အတွက် လိုက်လျောညီထွေ လိုက်ပါပြောင်းလဲနိုင်ခြင်း ရှိ မရှိ၊ အတွင်းရှိ ခေါင်းဆောင်မှုနှင့် ပြင်ပရှိ အဆက်အဆံများအကြား အပေးအယူ အလျှော့အတင်း လုပ်နိုင် မလုပ်နိုင် မေးခွန်းများ ပေါ်ထွက်လာပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအခေါ်အမွေကို သူမကိုယ်တိုင် ဖော်ထုတ်နေသလော သို့တည်းမဟုတ် သူမ၏ အမည်ကိုသုံး၍ ရည်ရွယ်ချက်ရှိရှိ ရယူသုံးစွဲနေကြသလောဆိုသည့် မေးခွန်းလည်း ပေါ်ထွက်လာပါသည်။ `နိုင်ငံတကာ စံသတ်မှတ်ချက်များ´၊ အကျင့်သိက္ခာသက်သက်တို့နှင့် ဆန့်ကျင်ပြီး အမျိုးသားအကျိုးစီးပွားနှင့် လက်တွေ့နိုင်ငံရေးတို့ကို ဦးစားပေးစဉ်းစားပြီး ခက်ခဲလှသော ဆုံးဖြတ်ချက်ကို သူတို့ ချမှတ်နိုင်ပါ့မလားဆိုသည့် မေးခွန်းလည်း ပေါ်ထွက်လာပါသည်။

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံဥပဒေ၏ `မပြီးပြည့်စုံမှု´ သဘောသဘာဝကြောင့် ဆီနိတ်တာ ၀က်ဘ်၏ မြန်မာနိုင်ငံဆိုင်ရာ ခရီးစဉ်သည် အကြောင်းပြချက် ခိုင်လုံမှုမရှိပါဟု အတိုက်အခံအဖွဲ့အစည်း ၃ ခုက ၀က်ဘ်ထံသို့ စာရေးသားပေးပို့ပြီး သူ၏ မြန်မာပြည် လာရောက်ရသည့်ခရီးစဉ် ရည်ရွယ်ချက်ကို မေးခွန်းထုတ်ထားခဲ့ကြသည်။ သို့သော် ယခုနောက်ဆုံး အတိုက်အခံတို့ အသေစွဲမြဲ ရပ်တည်နေသည့် အချက်မှာ ပြေငြိမ်းရေး မဖြစ်နိုင်သော အပြုတ်တိုက်ရေး လမ်းကြောင်းပေါ်တွင်သာ ရပ်တည်နေသည်ကို တွေ့ရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြီးပြည့်စုံမှုရှိရေး ဟူသည်မှာ မဖြစ်နိုင်သော အချည်းနှီးအရာသာ ဖြစ်သည်ဟု သောမတ်စ် ဂျက်ဖာဆင်က ပြောဖူးပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်စဉ် ဆိုသည်မှာ နောက်ဆုံး အပြီးသတ် ဖွဲ့စည်းပုံ ဆိုသည်ထက် လက်ရှိဖွဲ့စည်းပုံကို ပုံမှန်ပြန်လည်လေ့လာသုံးသပ်၍ တစတစ ပြောင်းလဲယူကာ ပိုမိုကောင်းမွန်သော အခြေခံဥပဒေတရပ် ရရှိရေးကို သွားရခြင်းသာ ဖြစ်သည်။

မြန်မာ့အတိုက်အခံ အသိုင်းအ၀ိုင်းအတွက် ယခုလက်ငင်း လိုအပ်နေသည့်အရာမှာ မဟာဗျူဟာ ပြန်လည်သုံးသပ်မှုနှင့် လက်ဆုပ်လက်ကိုင်ပြနိုင်သော မူဝါဒတခုရှိရေးပင် ဖြစ်သည်။ ယင်းသည် နိုင်ငံတကာ ဆက်ဆံရေး၊ လက်တွေ့ကျင့်သုံးနေသော အာဏာနိုင်ငံရေးတို့ကို ထင်ဟပ်နိုင်ရမည်ဖြစ်ပြီး လက်ရှိ ဆက်သွယ်ရေး လမ်းကြောင်းများမှတဆင့် အောင်မြင်မှု အခွင့်အလမ်း အများဆုံး ရစေရန် ရည်ရွယ်ချက်သို့ ရောက်စေသော လမ်းရွေးချယ်ရာတွင် ပျော့ပြောင်းညင်သာမှုရှိဘို့ လိုသည်ဆိုသော အချက်ကိုလည်း ထည့်သွင်းစဉ်းစားနိုင်စေရမည်။

မူပေါ်တွင် အသေဆုပ်ကိုင်ထားခြင်း အထူးသဖြင့် မရေရာသော ယုံကြည်ယူဆချက်များပေါ်တွင် အသေဆုပ်ကိုင်ထားခြင်းသည် မိမိ၏ ချိနဲ့မှုကို ပြသခြင်းသာ ဖြစ်သည်၊ အင်အားရှိမှုကို ပြသခြင်း မဟုတ်ပါ။

No comments: