Saturday, August 22, 2009

ငါးလီတာ ညောင်ဦးဖီးနှင့် ချိုကုပ်ဒူးကြီး

ရန်ကုန်သားတာတေ

ကိုကြက်တော တယောက် ဦးကြင်ဝက်ကြီး ခေါ်ဆောင်ရာနောက် မလိုက်ပါခင် လေယာဉ်ပေါ် တက်ခါနီး ဆဲဆဲ ချိုကုပ်ဒူးကြီးနှင့် မည်သည့် အရေးကိစ္စများ ဖြစ်ခဲ့သည်ကို မည်သူ တဦး တယောက်မျှ မသိလိုက်

၊ မမြင်လိုက်ကြ ပေ..။ သို့သော် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုးကြီးကတော့ နတ်ပီပီ မမြင်ချင်မှအဆုံး .. မြင်တွေ့ လိုက်လေ သည်။ သူမြင်တွေ့သမျှကို ကျွန်ုပ်မောင်တာတေအား ပြန်လည်ဖောက်သည်ချသည့်အတွက် ဒေဝါလီပရိသတ် ဗဟုသုတ ရရန်အလို့ငှာ မချွင်းမချန် ဖော်ပြပေးလိုက်ပါသည်။ (တာတေ)

ချိုကုပ်။ ။ ဟေ့လူ သွားတော့မလို့လားဗျ .. ခဏလေးနေပါဦး။

တော။ ။ မနေတော့ဘူးဗျာ ..။ တမိနစ်၊ တစက္ကန့်တောင် မနေချင်တော့ဘူး။

ချိုကုပ်။ ။ မနေလို့မရဘူး .. ခင်ဗျားကိုကျုပ်ပေးစရာ ရှိသေးတယ်။ လာ အခန်းထဲ ခဏလိုက်ခဲ့။

တော။ ။ ခင်ဗျားတို့ပဲ အမျိုးမျိုး ..။ ပြောတုန်းကတော့ ရေလေးနည်းနည်းပါးပါး ကူးပြီး ရူးသလိုလို ကြောင်သလိုလိုလုပ်ပြရုံပဲဆို၊ ခုကျတော့ တရားခွင်ကို ခဏခဏ ဝင်ထိုင်ရ၊ ထောင်ထဲမှာလည်းနေရ၊ သေမလိုဖြစ်လို့ ဆေးရုံလည်းရောက်၊ ဆေးရုံကလည်း ဘာမှမပြည့်မစုံနဲ့ .. သေသွားရင် ဘယ်လိုလုပ်မလဲ။

ချိုကုပ်။ ။ အဲဒါတွေကြောင့် ခင်ဗျားကို ပေးစရာရှိတယ်ပြောတာပေါ့ ..။ အခန်းထဲ ခဏလိုက်ခဲ့ပါဦး။

ချိုကုပ်ဒူးကြီး ခေါ်ဆောင်ရာနောက်သို့ ကိုကြက်တောတယောက် မလိုက်ချင် လိုက်ချင်နှင့် ယက်ကန်ယက်ကန် လိုက်ပါသွားသည်။ အခန်းထဲရောက်တော့ ချိုကုပ်ဒူးကြီးက ကိုကြက်တောကြီး လည်ပင်းတွင် ရန်ကုန်မြို့ ၃၁ လမ်း၊ လမ်းဘေးဆိုင်တွင် လုပ်သည့် တခု ကျပ် ၁၀၀ တန် ဒန် တံဆိပ်တခု ချိတ်ဆွဲပေးလိုက်သည်။

တော။ ။ အဲဒါဘာလဲဗျ။

ချိုကုပ်။ ။ အဲဒါ သီဟသူရ အလကားကျော်စွာ ဂျွန် ဒဗလျူ ကြက်တော ဘွဲ့ .. ခင်ဗျားကို သီးသန့်ချီးမြှင့်တာ။

တော။ ။ ခင်ဗျား လာမညာနဲ့ … အလကားကျော်စွာဆိုတာ ခင်ဗျားတို့ မြန်မာကာတွန်း ဇာတ်ကောင် နာမည် ကျုပ်သိတယ်။

ချိုကုပ်။ ။ ဟုတ်တယ်လေ .. သီဟသူရ ဆိုတာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့သူကိုပေးတာ .. ။ သီဟသူရ ဖင်ပြောင် ညစ်ပြူး တို့ဘာတို့ မကြားဖူးဘူးလား။ ခင်ဗျားက ရဲစွမ်း သတ္တိနဲ့ ပြည့်စုံရုံတင်မဟုတ်ဘူး .. ရေပေါ် လမ်းလျှောက်တယ်တို့၊ ဘုရားသခင်ဆီက အာရုံရတာတို့ .. လူတွေ လိုက်မမီတဲ့စကားတွေပါ ပြောခဲ့တာဆိုတော့ နောက်က ကာတွန်းစာအုပ်ထဲက ဇာတ်ကောင်နာမည်ပါ တွဲပြီး ထည့်ပေးထားတာ။ ဒီဘွဲ့မျိုး ဘယ်သူ့ကိုမှ ပေးသေးတာမဟုတ်ဘူး။

တံဆိပ်ကိုကြည့်ရင်း ကိုကြက်တောကြီး သဘောကျကာ တဟီးဟီးနှင့် ရယ်နေသည်။ ထိုမျှနှင့် မပြီးသေးဘဲ ချိုကုပ်ဒူးကြီးက နောက်ထပ် ဗုံးပေါလအော ဝယ်ယူထားသည့် တံဆိပ်တခု ထပ်ချိတ်ဆွဲပေးလိုက် ပြန်သည်။

ချိုကုပ်။ ။ ဒါကတော့ ငါးလီတာညောင်ဦးဖီး ဆု။

တော။ ။ အဲဒီနာမည် မကြားဖူးဘူး။

ချိုကုပ်။ ။ ဘယ်ကြားဖူးမလဲ အဲဒါက ရာဇဝင်ထဲက နာမည်ပဲဟာ။ ပုဂံခေတ်က ဧရာဝတီမြစ်ကို လက်ပစ် ကူးခဲ့တဲ့သူရဲကောင်း .. ။ ဒီဘွဲ့တံဆိပ်ကိုလည်း ဘယ်သူမှ မရဖူးဘူး။ ခင်ဗျားက အင်းလျားကန်ကို ဖြတ်ကူးလာခဲ့ နိုင်လို့ ပေးတာ။

တော။ ။ ရှေ့က ငါးလီတာက ဘယ်က ပါလာတာလဲ။

ချိုကုပ်။ ။ ဒါကတော့ ခင်ဗျားက ငါးလီတာပုံးကိုဖက်ပြီး ကူးတာကိုးဗျ။ ဒီဘွဲ့နဲ့ဆို ခင်ဗျား အမေရိကန်မှာ ကောင်းကောင်း လုပ်စားလို့ရပြီ။

တော။ ။ ဘာလုပ်စားရမှာလဲ။

ချိုကုပ်။ ။ ရေကူးသင်တန်း ဖွင့်စားပေါ့။

ထိုစဉ် သူတို့ရှိနေရာ အခန်းတံခါး အနည်းငယ် ဟသွားပြီး ဦးကြင်ဝက် ချောင်းကြည့်သည်။

ဝက်။ ။ ဘာတွေလုပ်နေကြတာလဲဗျ၊ မပြီးသေးဘူးလား။ လေယာဉ် ထွက်တော့မယ်။

ချိုကုပ်။ ။ ဟာ .. အတော်ပဲ အမတ်မင်း .. အထဲ ခဏလောက် ကြွပါဦး။ ခင်ဗျားကိုလည်း ပေးစရာရှိတယ်။

အထဲသို့ မရွံ့မရဲ ဝင်လာသော ဦးကြင်ဝက်ကို ချိုကုပ်ဒူးကြီးက ဆုတံဆိပ်တခု ချိတ်ဆွဲပေးလိုက် ပြန်သည်။

ဝက်။ ။ ဘာကြီးလဲဗျ။

ချိုကုပ်။ ။ ဒါကတော့ လူမှုထူးချွန်ဆုပါ။ သတိုးသီရိ သုဓမ္မ ရာဇာ အာလူး ဘွဲ့ပေါ့။

ဝက်။ ။ အာလူးဆိုတာ ခင်ဗျားရဲ့ ကြွက်တွေက ဒေါ်အောင်ဆန်းစုကြည် ပါတီက လူတွေကို ခေါ်တာ မဟုတ်ဘူးလား။

ချိုကုပ်။ ။ ဟာ အဲဒီအာလူးက သတ်သတ်၊ ကြော်စားလိုက်လို့ရတယ်။ ဒီအာလူးကတော့ ခင်ဗျားမို့လို့ ပေးတာ။ ကျုပ်ကို ကြည့်မရတဲ့ အမေရိကန်ကောင်တွေ နည်းနည်းပါးပါး ပြန်ကြည့်ရလာအောင် ခင်ဗျားက အာလူးတွေ ဖုတ်ရမယ်လေ၊ ပွားပေးရမယ်။ ဒါကြောင့် ကြိုပေးထားတာ။ ပြီးတော့ အမတ်မင်းက ဒုက္ခ ရောက်နေရှာတဲ့ သနားစရာ ကြက်တောကြီးကို လာကယ်ထုတ်တဲ့သူမို့လို့ လူမှု ထူးချွန်ဆု ချီးမြှင့်တာ။ ဒီဘွဲ့ပြပြီး အိမ်ဖြူတော်မှာ အာလူးဖုတ်ပေတော့။ ကမ္ဘာမှာ ကုလသမဂ္ဂ တွင်းချုပ်ကြီးတောင် တွေ့ဖို့ခက်ခဲတဲ့ ချိုကုပ်ဒူးကြီး က ဒီလို ဆုတံဆိပ်တော်တွေ ချီးမြှင့်လိုက်တယ်ဆိုတော့ တော်ရုံလူမဟုတ်ဘူးဆိုပြီး ခင်ဗျားကို အားလုံး ဖျားသွား မယ်။

ထိုနေရာတွင်တော့ ဘေးမှငြိမ်ငြိမ်လေး ရပ်ကြည့်နေသူ ဦးရုက္ခစိုးတယောက် မနေနိုင်တော့။ ကိုယ်ထင် မပြချင်ဘဲ ကိုယ်ထင်ပြလိုက်ရတော့သည် (စာမျက်နှာ အခက်အခဲကြောင့် ဦးရုက္ခစိုးကို လန့်သွားသည့်အခန်း မထည့်တော့ ပါ။ စာရှုသူတို့ ကိုယ့်ဘာသာ နားလည်လိုက်ကြပါကုန်)

ရုက္ခစိုး။ ။ ဟာ ချိုကုပ်ဒူးကြီး အစကပြောတော့ အမေရိကန်အားကိုး ပုဆိန်ရိုးဆိုဗျ။ ခု ခင်ဗျားကိုယ်တိုင် အမေရိကန်ကို အားကိုးနေပါပေါ့လား။

ချိုကုပ်။ ။ ဒါကတော့ဗျာ လူကြားကောင်းအောင် လျှောက်အော်နေရတာပါ၊ တကယ်က ကျုပ်လည်း အားကိုးချင်တာပဲဗျ။ ကျုပ်မြေး ဖိုးလောက်လန်းက အမိန့်ထုတ်ထားတယ် သူ့ကိုအမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ရအောင် ပြန်လုပ်မပေးရင် အဘိုးအဖြစ်က စွန့်လွှတ်မယ်တဲ့။ အဲဒါကြောင့် ဒီလောက်မျက်နှာပြောင်တိုက် နေရတာပေါ့။ စီးပွားရေးပိတ်ဆို့မှု ခရီးရှည်ကြီးရဲ့ ပထမခြေလှမ်းမှာ ခလုပ်မတိုက်အောင်တော့ လုပ်လိုက်နိုင်ပြီ ပေါ့ဗျာ ငှဲငှဲ။

ရုက္ခစိုး။ ။ “သူ့ရုပ်ကြီးနဲ့ ကဗျာက ဆန်နေပြန်ပြီ” ဟုတွေးလိုက်သည်။ ဒါနဲ့ တိုးတိုးတိတ်တိတ် မေးရဦးမယ်။ ကြက်တောကြီးကို ခင်ဗျားခေါ်တာဆို ဟုတ်လား။

ချိုကုပ်။ ။ အနော်ရထာ မင်းတြားကြီးတောင် ဂျွန်းစစ်သည်တွေကို တိုက်ဖို့ စစ်သည် ၄ သိန်း အားနဲ့ညီတဲ့ သူရဲကောင်းလေးယောက်ကို ခေါ်သေးတာပဲ။ ကျုပ်က ခုမှ ၁ ယောက်တည်း ခေါ်သေးတာ။ အမယ် ၁ ယောက်ဆို ဆိုသလောက်ပဲ စစ်သည် ၁၀ သိန်းအားနဲ့ ညီတယ်ဗျ။ အားလုံးဂျွမ်းပစ်ကုန်တာ မြင်တယ် မဟုတ်လား။

ရုက္ခစိုး။ ။ တော်ပါတယ်ဗျာ၊ ခင်ဗျားရဲ့ စစ်သည် ၁၀ သိန်းသုံးတဲ့ အရူးကွက်တွေများ .. တခါမှ မကြားဖူးဘူး။ နေပါဦး ခင်ဗျားက မတန်မရာ အနော်ရထာ မင်းတြားကြီးကို ဘယ်ကဆွဲထည့် ပြန်တာလဲ။

ချိုကုပ်။ ။ ဒါကတော့ ခင်ဗျားမသိလို့ဗျ။ ကျုပ်က အနော်ရထာ ဝင်စားတာလေ။ နေစမ်းပါဦးဗျာ .. ကျုပ်ရဲ့ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း အစီအစဉ်မပြီးသေးဘူး။ ကိုကြက်တောကြီး ရှေ့တိုးစမ်းပါ။

“ဒါကတော့ မဏိဇောတ မဟာ ငတက်ပြား သူရိယဘွဲ့” ဟုဆိုကာ ဒန်တံဆိပ်တခုကို ကိုကြက်တော လည်ပင်းတွင် ဆွဲပေးလိုက်ပြန်သည်။

တော။ ။ ဒါကကော ဘာအတွက်လဲ ချိုကုပ်ဒူးကြီး။ ငတက်ပြားဆိုတာ ကျုပ် ကြားဖူးသလိုပဲ။

ချိုကုပ်။ ။ ဒါက သူဌေးဘွဲ့လေ။ ခင်ဗျားကို ကျုပ်လက်သိပ်ထိုး ပေးလိုက်တဲ့ မိုးကုတ်က ပတ္တမြား တွေနဲ့တင် သူဌေးဘွဲ့ခံယူလို့ရပြီ ..။ ငတက်ပြား ဆိုတာကတော့ ရာဇဝင်ထဲက နာမည်ကျော် သူခိုးကြီးပေါ့ဗျာ၊ ဒီဘွဲ့မျိုးလည်း ဘယ်သူ့ကိုမှ ချီးမြှင့်ဖူးတာ မဟုတ်ဘူး။

ရုက္ခစိုး။ ။ ဒါနဲ့ ခင်ဗျားက တကယ်ပဲ တွေ့ဆုံဆွေးနွေးရေး လမ်းကို ဖွင့်တော့မှာလား။

ချိုကုပ်။ ။ မဟုတ်တရုတ်တွေဗျာ။ ဘာလို့ဖွင့်ရမှာလဲ။ အမေရိကန်က စီးပွားရေးပိတ်ဆို့တာလေး နည်းနည်း ပါးပါး ရုတ်သိမ်း ပေးမလားလို့ ကြက်တောကြီးကို ပြန်ထည့်ပေးလိုက်တာ။ တကယ်တော့ ဒီဟာကြီး ခေါ်ထားလည်း ဆန်ကုန်မြေလေးပါဗျာ။ သူ့အသုံးစရိတ်က တပတ်ကို ၃ သိန်းရှိတယ်။ ဘယ်လိုလုပ် ဆက်ထား နိုင်မလဲဗျ။ တော်ကြာ ကိုယ့်လက်ထဲ လာသေရင်လည်း အလုပ်ကရှုပ်ဦးမယ် .. ပြန်သွားတော့ အေးရော။

ရုက္ခစိုး။ ။ အခြေခံဥပဒေ ပြင်ဖို့၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ..။

ချိုကုပ်။ ။ လုပ်စရာလားဗျ။ စီးပွားရေးပိတ်ဆိုတာတွေ ရုတ်သိမ်းပေးရမှာ သူတို့တာဝန်။ ကျုပ်ဘက် ကတော့ အခြေခံဥပဒေလည်း မပြင်ဘူး၊ ရွေးကောက်ပွဲလည်း ကျင်းပချင်သလို ကျင်းပမယ်။ တရားပါတယ်ဗျာ။ ၇ နှစ် ထောင်ချထားတဲ့ တရားခံကိုတောင် ပြန်ပေးလိုက်တာပဲဟာ။ မြန်မာ့သမိုင်းမှာ ဒါမျိုး ကြားဖူးလို့လား၊ ကျုပ် တယောက်တည်း ရှိတယ်ဗျ။

ထိုစဉ် ဦးကြင်ဝက်က သူ့ဘွဲ့တံဆိပ်ကို ကြည့်ရင်း “ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လွှတ်ပေး သင့်ပါတယ်” ဟု ဝတ်ကျေတန်းကျေ တခွန်း ဝင်ပြောကာ နာရီကြည့်၍ “ဝါး” ခနဲ တချက်သမ်းလိုက်သည်။

ချိုကုပ်။ ။ လွှတ်ချင်တာပေါ့ဗျာ .. ကျုပ်က သူ့ကို ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်နေလို့ ပြစ်ဒဏ်ကနေ လျှော့ပေါ့ပေးထားတယ် (မျက်နှာငယ်လေးနှင့် ပြောခြင်းဖြစ်သည်) ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းသမီး မို့လို့ မလွှတ်ရဲဘူး .. ကြောက်တယ် (အသံတိမ်သွားသည်)

ရုက္ခစိုး။ ။ ရှုပ်နေတာပဲ .. ဗိုလ်ချုပ်အောင်ဆန်းသမီး မို့လို့ လျှော့တယ်၊ ဗိုလ်ချုပ်အောင်ဆန်း သမီးမို့လို့ မလွှတ်ဘူး ဘာတွေလဲဗျ။

ချိုကုပ်ဒူးကြီးက “ဒါတွေ ထားလိုက်စမ်းပါ .. ဝါရှင်တန် ပြန်ရောက်ရင်သာ စီးပွားရေးပိတ်ဆို့မှုလေး နည်းနည်း လျော့အောင် ပွားစမ်းပါနော် အမတ်မင်း” ဟု ဦးကြင်ဝက်ဘက် လှည့်ပြောလိုက်သည်။

ဝက်။ ။ အာလူးဖုတ်ဖို့က ကျုပ်တာဝန်ထားပါ။ ဟော လေယာဉ်က ထွက်တော့မယ်ဗျ။ ခင်ဗျားရဲ့ ဘွဲ့တံဆိပ်တော်တွေ ကုန်ပြီလား။

ချိုကုပ်။ ။ ခဏလေး .. သုံးခု ၁၀၀ နဲ့ဝယ်ထားတာတွေ ကျန်သေးတယ်။ ကိုကြက်တောကြီးကို အကုန်ပေးလိုက်မယ် ရော့။

လေယာဉ်ပေါ်တက်သည့် လှေခါးရင်းထိ ချိုကုပ်ဒူးကြီးက လိုက်ပို့သည်။ ဦးကြင်ဝက်က ရှေ့ကတက်သွားသည်။ ကိုကြက်တောက ပထမ လှေခါးထစ်ပေါ် ခြေတဘက်လှမ်းပြီး နောက်သို့ပြန်လှည့်ကြည့်လိုက်စဉ် ချိုကုပ်ဒူးကြီးက အနားကပ်ပြီး အရေးကြီးသည့် စကားတခွန်းကိုပြောလိုက်သည်။

ချိုကုပ်။ ။ နောက် တနှစ်ခွဲကျရင် ပြန်ဆုံမယ်ဗျာ။ ဒီတခါ ရေမကူးနဲ့တော့ သစ်ပင်ပဲတက်။

ထို့နောက် သူတို့ ၂ ယောက်စလုံး ပြုံးဖြဲဖြဲနှင့် ဟောလိဝုဒ် ရုပ်ရှင်ထဲမှ သရုပ်များကဲ့သို့ ညာဘက် လက်များကို မြှောက်လိုက်ကြပြီး လက်ဝါးခြင်း ရိုက်လိုက်ကြသည် .. “ဖြန်း”။ ။

No comments: