Saturday, August 29, 2009

တရားရေးဥပဒေကို ကိုယ်ပိုင်ပစ္စည်းအဖြစ်သုံးခြင်း

NEJ

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို တရားရုံး၌ အမှု မစစ်ဘဲ နောက်ဆုံး အကြိမ် နေအိမ်တွင် အကျယ်ချုပ် ချထား သည်မှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း လူသတ်ပွဲ ကတည်းကဖြစ်၍ (၆) နှစ်ကျော် သွားပြီဖြစ် ၏။ ဤသို့ မတရား ချုပ်ထားသည်ကို နားလည် သဘော ပေါက် သူများက ဒေါ်စုကို လွှတ်ပေးရန် အမြဲတောင်း ဆိုလာခဲ့သည်။ အာဆီယံ အဖွဲ့ဝင် အစိုးရများ ကလည်း ဒေါ်စုကို လွှတ်ပေး သင့် ကြောင်း တောင်း ဆိုကြသည်။ ထို့ကြောင့် နအဖ အစိုးရ မျက်နှာပြ ကောင်းရန် နှင့် အာဆီယံ၏ တောင်းဆိုမှု ရပ်ဆိုင်း ရန်အတွက် ဒေါ်စုကို ရုံးတင် စစ် ဆေး အပြစ် ပေးရန် လိုအပ် လာသည်။ ဤလိုအပ်ချ ကို ‘ဂျွန်-ယက်တော’ က ဖြည့်ဆည်း လိုက်ခြင်းဖြစ်၏။

မြန်မာပြည်သည် လက်နက်ကိုင်သူကသာ အဆုံးအဖြတ်ပေးသောနိုင်ငံဖြစ်၏။ တရားဥပဒေကြီးစိုးသော နိုင်ငံမဟုတ်ပါ။ သို့သော်လည်း ဒေါ်စုကိစ္စတွင် လက်နက်ကိုင်သူက ဥပဒေစကားပြောနေ၏။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ဇူလိုင်လ မြန်မာပြည်သွားစဉ်က ဒေါ်စုနှင့် တွေ့ခွင့်တောင်းသည့်အခါတွင် လွတ်လပ်သော တရားရေးဌာန၏ လုပ်ငန်းတွင် မစွက်ဖက်လိုဟု ဆင်ခြေပေးကာ တွေ့ခွင့်မပေးခဲ့ပါ။ နောက်ဆုံး စီရင်ချက်ချရာတွင် တရားသူကြီး၏ ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အမိန့်ဖြင့် အစားထိုးလိုက်ခြင်းသည် စစ်ဗိုလ်လက်အောက်ခံ တရားသူကြီးဘ၀ကို သရုပ်ဖော်သကဲ့သို့ ဖြစ်သွား၏။

စစ်ဗိုလ်ကြီးစိုးသောနိုင်ငံတွင် အရာခပ်သိမ်း စစ်ဗိုလ်ကဆုံးဖြတ်သည်။ ဘာသာရေးတွင်လည်း စစ်ဗိုလ်ခွင့်ပြုမှာသာ အဆင်ပြေ၏။ စစ်ဗိုလ်မကြိုက်ပါက ဘုရားရှိခိုးမှု ဆုတောင်းမှုများတွင် အဖမ်းခံနေရ၏။ လက်နက်ကိုင်လူသတ်သမား၏ ပြောသောစကားသည်သာ အမှန်တရားဖြစ်နေ၏။ အမျိုးယုတ်ညံ့၍ အကျင့်သီလမရှိသူတို့သာ လူရာဝင်၍ သြဇာညောင်းသော ခေတ်ဆိုးခေတ်ပျက်ပင်ဖြစ်ပေသည်။ ဂေါတမမြတ်စွာဘုရား လက်ထက်၌ ကောသလမင်းကြီး မြင်မက်သောအိပ်မက်တွင် ‘ဘူးတောင်းနစ်၍စောင်ခြမ်းပေါ်’ ဟူသောစကားကို နအဖဗမာစစ်အစိုးရက အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

စစ်ဗိုလ်၏ဆုံးဖြတ်ချက်ကို မြန်မာ့တရားစီရင်မှုအဖြစ် ရိုသေလေးစားကြရန် ဆော်သြသူမှာ တရုတ်ကွန်မြူနစ်ပင်ဖြစ်၏။ ဒေါ်စုကို ရုံးတင်စစ်ဆေးအပြစ်ပေးပါက အပြည်ပြည်ဆိုင်ရာ တောင်းဆိုမှုများ လျော့နည်းလာပြီး နအဖအစိုးရ သိက္ခာတက်လာ ဖွယ်ရှိကြောင်း တရုတ်ကွန်မြူနစ်က အကြံဉာဏ်ပေးဟန်တူသည်။ ဒေါ်စုကို ထောင်မချဘဲ နေအိမ်၌ တနှစ်ခွဲအကျယ်ချုပ် ချလိုက်ပြီး မစ္စတာယက်တောကို ပြည်နှင်ဒဏ်ပေးလိုက်သည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကျေးဇူးတင်ရမလိုဖြစ်နေ၏။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးကို အတုခိုးနေမှန်း သိသာပါသည်။

ဗမာစစ်ခေါင်းဆောင်များသည် တရုတ်နှင့်ရုရှားခေါင်းဆောင်များကို ကျေးဇူးအထူးတင်ရှိကြောင်း အစည်းအဝေးတိုင်း၌ ပြောဆိုနေသည်ကို နိုင်ငံခြားမီဒီယာကို ရောက်ရှိလာသော နအဖလျှို့ဝှက်မှတ်တမ်းများအရ သိရသည်။ ကုလသမဂ္ဂတွင် ဗမာစစ်အစိုးရဘက်မှ ရပ်တည်၍ ခုခံကာကွယ်ပေးသည်ကို အထူးကျေးဇူးတင်ရှိကြောင်း ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး စသည့်စစ်ဗိုလ်များက အစည်းအဝေးတိုင်း၌ ပြောဆိုနေခြင်းဖြစ်သည်။

ဒေါ်စုကို ရုံးတင်စစ်ဆေးသောအချိန် ဇူလိုင်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ ဖူးခက်၌ နှစ်စဉ်ပုံမှန်ကျင်းပနေကျ (၄၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၆) ကြိမ်မြောက် ARF အာဆီယံဒေသဆိုင်ရာ ဆွေးနွေးပွဲကျင်းပ၏။ ၂၀၀၇ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့၌ အာဆီယံခေါင်းဆောင်များက ကြေညာခဲ့သည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ဗမာအစိုးရကို ထပ်မံတိုက်တွန်းကြောင်း ဇူလိုင် (၂၀) ရက်နေ့ ထုတ်ပြန်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

ဒီကြေညာချက်မျိုး နအဖအစိုးရက ရိုးနေပါပြီ။ အာဆီယံသည် အစိုးရကို အရေးယူနိုင်သောအဖွဲ့မဟုတ်ပါ။ အစိုးရအချင်းချင်း ပြဿနာမဖြစ်အောင် ဖွဲ့စည်းထားသော အဖွဲ့ပင်ဖြစ်ပါသည်။ မြန်မာတပြည်လုံးတွင် လူအခွင့်အရေးမှန်သမျှ ချိုးဖောက်နေသော်လည်း ဒေါ်စုအမှု၌ တကမ္ဘာလုံးအာရုံစိုက်ကြ၏။ ‘အာဆီယံအစိုးရများ၏ လူ့အခွင့်အရေးကော်မရှင်’ ဟု အမည်ပေးထားသော လူ့အခွင့်အရေးကော်မရှင်ကို ဖူးခက်ညီလာခံ၌ အတည်ပြုသည်။ အပိုင်း (၉) ပိုင်း၊ အခြေခံစည်းကမ်းချက် (၇) မျက်နှာရှိသည်။

အာဆီယံပြည်သူလူထု၏ လူ့အခွင့်အရေးနှင့်အခြေခံလွတ်လပ်မှုကို မြှင့်တင်ရန်နှင့် ကာကွယ်ရန် ရည်ရွယ်ကြောင်း ဖော်ပြသည်။ ကျင့်သုံးမည့်မူဝါဒများကိုလည်း ဖော်ပြသည်။ လူ့အခွင့်အရေးကော်မရှင်၌ ပါဝင်သူများသည် သီးခြားလွတ်လပ်သော၊ ဘက်မလိုက်သော၊ လူ့အခွင့်အရေးအတွေ့အကြုံရှိသော ၀ါရင့်ပုဂ္ဂိုလ်များဖြစ်ရန်လိုအပ်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးက တိုက်တွန်းထားပါသည်။ သို့သော် အာဆီယံလူ့အခွင့်အရေးကော်မရှင်သည် အစိုးရပိုင်ပစ္စည်းဖြစ်နေပါသည်။

တနိုင်ငံ ကိုယ်စားလှယ်တဦး လွှတ်ခွင့်ရှိပြီး သက်တမ်း (၃) နှစ်ဟုဆိုသည်။ အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌသည် အာဆီယံလူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌဖြစ်နိုင်သည်။ ပြဿနာရှိလာလျှင် ကိုယ်စားလှယ်အားလုံး သဘောတူမှ ဆုံးဖြတ်ချက်ချနိုင်သည်။ သဘောတူချက်မရယူနိုင်သောကိစ္စကို ပုံမှန်ကျင်းပသော အာဆီယံထိပ်သီးညီလာခံတွင် အစိုးရအကြီးအကဲများက ဆုံးဖြတ်လိမ့်မည်ဟုဆို၏။ အာဆီယံပဋိညာဉ်စာချုပ်အတိုင်း ဆုံးဖြတ်ချက်ချရမည့် သဘောဖြစ်သည်။

လူ့အခွင့်အရေးကိစ္စတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးသည် အာဏာပိုင်အဖွဲ့ဖြစ်၏။ အာဆီယံလူ့အခွင့်အရေး ကော်မရှင်ရဲ့ အခြေခံစည်းမျဉ်းကို ပြင်ဆင်လိုပါက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တင်ပြပြီး အတည်ပြုချက် ယူရမည်ဟုဆိုသည်။ အခြေခံစည်းမျဉ်းနှင့်ပတ်သက်သော အငြင်းပွားမှု၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အဆုံးအဖြတ်ပေးမည်ဟု ဖော်ပြထားပါသည်။ အချုပ်ဆိုရသော် အာဆီယံအစိုးရများ လူ့အခွင့်အရေး ကော်မရှင်တွင် အဖွဲ့ဝင်အားလုံး သဘောတူသောကိစ္စကိုသာ ဆွေးနွေးနိုင်ပါလိမ့်မည်။ ထို့ကြောင့် နအဖအစိုးရ သဘောမတူပါက မြန်မာပြည်က လူ့အခွင့်အရေးချိုးဖျက်မှုများကို အာဆီယံလူ့အခွင့်အရေးကော်မရှင်၌ ဆွေးနွေးနိုင်မည် မဟုတ်ပါ။

အတိုက်အခံကို ချေမှုန်းရာတွင် ဥပဒေကို တဖက်သတ်လိုသလိုသုံး၍ စင်ကာပူအစိုးရပုံစံအတိုင်း လုပ်သွားမည့်အကြံအစည်ကို ဒေါ်စုအမှုက သက်သေပြနေပါသည်။ စင်ကာပူတရားရုံးချုပ်မှာ တရားသူကြီးများသည် အာဏာရအစိုးရကို အမြဲတမ်းအနိုင်ပေး ရသည်။ စင်ကာပူအစိုးရသည် အတိုက်အခံလုပ်သူနှင့်ဝေဖန်သူကို အသရေဖျက်မှုဖြင့် တရားစွဲ၏။ တရားစွဲတိုင်း အစိုးရဘက်က အနိုင်ရ၏။

မင်းဆရာ ‘လီကွမ်ယူး’ နှင့် သားဖြစ်သူ ၀န်ကြီးချုပ် ‘လီဆင်လောင်း’ တို့အား အသရေဖျက်မှုဖြင့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Chee Soon Juan နဲ့ Chee Siok Chin ညီအစ်ကိုကို တရားစွဲပြီး တရားရုံးက ဒဏ်ငွေဆောင်ခိုင်း၏။ ကြီးလေးသောဒဏ်ငွေကို မပေးနိုင်၍ ဒေ၀ါလီခံရပြီး ရွေးကောက်ပွဲဝင်ခွင့်ပါ ဆုံးရှုံးရသည်။ တရားရုံး၏ လုပ်ပုံကိုင်ပုံကို မိမိပိုင်ကွန်ပျူတာစာစောင်တွင် ဝေဖန်ရှုတ်ချသူ ‘ဂိုပါလန်နာယား’ ကို တရားရုံးစော်ကားမှုဖြင့် မနှစ်က ထောင် (၃) လချခဲ့သည်။

တရားစီရင်ရေးစနစ်ကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့ သတ်မှတ်ပြီး အတိုက်အခံကို နာလန်မထူနိုင်အောင် လုပ်သည့်နည်းဖြစ်၏။ ဒေါ်စုအမှုမှစ၍ ဤနည်းကို နအဖကျင့်သုံးလာနိုင်သဖြင့် ဒီမိုကရေစီဘက်မှ မည်ကဲ့သို့ တုံ့ပြန်မည်ကို အလေးအနက်စဉ်းစားရန် အချိန်တန်ပြီဖြစ်ပေသည်။

No comments: