Sunday, August 30, 2009

လက်စားမချေကြပါနှင့်၊ သင်ပုန်းချေကြပါ

မြန်မာ နိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုများ သည် အမျိုးသား လွတ်မြောက်ရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ် နှင့် ဒီမိုကရေစီ ရရှိ ရေးအတွက် တိုက်ပွဲဝင်လာခဲ့ပါသည်။ ထို အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲသည် မြန်မာ နိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ယနေ့ ထိတိုင် တိုင်းရင်းသားများက မြန်မာ စစ်အစိုးရ ခေတ် အဆက်ဆက်ကို ခုခံတိုက်ပွဲ ဆင်နွဲလာခဲ့ကြသည်။

မြန်မာနိုင်ငံတွင် စစ်တပ်တခုတည်းသာ အင်အားကြီးထွားလာပြီး စစ်ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်စိုးမိုးနေသည့် ခေတ်ကြီးကို တိုင်းရင်းသား အများပြည်သူက အမှန်အကန် မလိုလားကြဘူး မဟုတ်လား။ ထို့ကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရန်အတွက် မရှိမဖြစ် လိုအပ်သည်ဟု ယူဆပါသည်။

နှစ်ပေါင်း ၆ဝ ကျော် စစ်အစိုးရကို နည်းမျိုးစုံဖြင့် လက်နက်ကိုင်တိုက်ပွဲ တွန်းလှန် တိုက်ခိုက်သည့် တိုင်းရင်းသား အဖွဲ့အစည်းများ တို့သည် မျှော်မှန်းထားသည့် တော်လှန်ရေး၏ အောင်ပွဲဆီ မရောက် ရှိသေးပါ။ ဘယ်တော့မှ ရောက်မည်လဲ ဆိုသည်ကိုလည်း မရေရာပါ။ ထို့ကြောင့် တိုင်းရင်းသား ခေါင်းဆောင်တချို့က စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး ယူခဲ့ကြသည်။ ရည်ရွယ်ချက်မှာ တိုင်းရင်းသားများ၏ အခွင့်အရေးများကို ဆွေးနွေးနိုင်ရန် ဖြစ်သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလို ဆိုက်ရောက်နေခဲ့ပါပြီ။

အမှန်တကယ်အားဖြင့် ယခုတွင် အပစ်ရပ် တိုင်းရင်သား လက်နက်ကိုင်အုပ်စုများအား စစ်အစိုးရက ပပျောက်သွားအောင် လုပ်နေပြီ ဖြစ်သည်။ အပစ်ရပ်အဖွဲ့များလည်းပဲ မိမိ ကိုင်ဆောင်ထားသည့် သေနတ်များကို အမှန် တကယ်ပင် စစ်အစိုးရထံ အပ်နှံရမည်လောဟု တွေးမိ ကြပါသည်။ ယခင်က တချို့သော အပစ်ရပ် အဖွဲ့များသည် မျိုးနွယ်စုအချင်းချင်း၊ ညီအစ်ကို အချင်းချင်း၊ စိတ်ဝမ်းကွဲပြီး ပုဂ္ဂိုလ်ရေး အငြိုးအတေး ထားခဲ့ကြပြီး လူကြား၊ သူကြား မကောင်းလောက်အောင် ကရင် ကရင်ချင်း၊ ကရင်နီ ကရင်နီချင်း သတ်ဖြတ်သည့်အထိ ဖြစ်လာခဲ့သည်ပင်။ ဤကဲ့သို့သော ဖြစ်ရပ်များအပေါ် ဘယ်သူ့မှာ အဓိက တာဝန်ရှိသနည်း။

တိုင်းရင်းသားများ အရေးအတွက် တစုတစည်းတည်း မဖြစ်နိုင်အောင် စစ်အစိုးရက နည်းအမျိုးမျိုး ဖြင့် သွေးခွဲ စီမံ အုပ်ချုပ်နေလျက်ရှိသည်။ တိုင်းရင်း သားများ အချင်းချင်း သတ်ဖြတ်ကြလေလေ နအဖ အကြိုက် တွေ့လေလေပင် ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းသည် တိုင်းရင်းသားများ ကိုယ်၌က အသိဥာဏ် နည်းပါးနေသည်လော၊ နအဖကပဲ တော်နေတာလား။ သို့မဟုတ် သူ့ဆန်စားပြီး မိုက်ပေးရတော့မည်လော။

သာဓက ရှိပါသည်။ စစ်အစိုးရနှင့် ပထမဆုံး အပစ်ခတ်ရပ်စဲရေး ယူထားသော တိုင်းရင်းသား ဖြစ်သည့် ကိုးကန့် (M.N.D.A) အမည်ရှိ အဖွဲ့သည် အဖွဲ့အတွင်း ခေါင်းဆောင်ဖြစ်သည့် ဖုံကျာရှင်းနှင့် ဖုံကျာဖူး ညီအစ်ကို အုပ်စုနှင့် ရန်မိုးအန်း၊ ရန်မိုးလျံ ညီအစ်ကို အုပ်စုတို့သည် တပ်တွင်း အာဏာလုပွဲ ဖြစ်ခဲ့ကြသည်။ ထိုပွဲမှာ စစ်အစိုးရက သူတို့ နှင့် ပိုနီးစပ်သည့် ဖုံညီအစ်ကိုဘက်က ပါဝင်ကူညီပြီး တိုက်ပေးခဲ့သည်။ အင်အား ၃ဝဝ လောက်သာ ကျန်ရှိသည့် ရန်ညီအစ်ကိုသည် လက်နက်ချခိုင်းပြီး ကျန်အဖွဲ့သည်လည်း သံလွင် အရှေ့ခြမ်း ကုန်းကျန်းမြို့နယ်အတွင်းမှာ ရဲအဖြစ် ထားရှိခဲ့ပါသည်။

အဘယ်ကြောင့်ဆိုသော် နအဖ စစ်အစိုးရ သည် တိုင်းရင်းသား အခွင့်အရေးနှင့် ပတ်သက်ပြီး ဘယ်တော့အခါမှ ဖြေရှင်းဆွေးနွေးပေးမည် မဟုတ်သလို၊ တိုင်းရင်းသား ပြည်သူလူထုများတရပ် လိုလားတောင်းတနေသည့် ဒီမိုကရေစီ အရေးသည်လည်း ပေးမည်မဟုတ်ပါ။

ထို့ကြောင့် တိုင်းရင်းသား မဟာမိတ် ညီအစ်ကို အချင်းချင်းများ၊ မျိုးနွယ်စုအတွင်းရှိ ညီအစ်ကို အချင်းချင်းများတို့သည် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တနည်းတလမ်းအားဖြင့် ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသား ခေါင်းဆောင်များ၊ လူငယ်၊ အမျိုးသမီးများ စသည့် အဖွဲ့အစည်းများတို့သည် မိမိ၏ အမျိုးသား ရှေ့ရေးအတွက် ဒီထက် တိုက်တွန်းလှုံ့ဆော်ပေးရန် လိုအပ်ကြောင်း တင်ပြလိုသည်။

အဘယ်ကြောင့်ဆိုသော် နအဖ စစ်အစိုးရက မက်လုံးပေးဆွဲခေါ်နေသည့် စီးပွားရေးဈေးကွက်နှင့် အမျိုးသားခေါင်းဆောင်တချို့ ခုံမင်သက်ဝင်နေပြီး အမျိုးသားကိစ္စရပ်များကို ကိုယ်နှင့်မဆိုင်သလို နေထိုင်ခဲ့ကြသည်။ အဘယ့်ကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစရင်းထဲတွင် ပါဝင်သနည်း ဆိုသည်ကို သတိချပ်သင့်ပါသည်။ အခွင့်အရေး အာဏာရှိတုန်း မိသားစု ကောင်းစားရေးအတွက်သာ အလုအယက် ရှာကြံပြီး မိမိ၏ တိုင်းရင်းသား အရေးကို မေ့လျော့ခဲ့သည့် အခြေအနေမျိုး ရောက်ရှိ နေကြသည်ကို မြင်မိပါသည်။

ထို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ မျိုးနွယ်တူ အချင်းချင်းများတို့သည် အမြင်မတူ တာကို ရှောင်ဖယ်ပြီး ပြည်သူအတွက် ဖြစ်သင့် ဖြစ် ထိုက်တာကို ပြန်လည် ပူပေါင်းလုပ်ဆောင်ပြီး တခုတည်းသော တိုင်းရင်းသား ဦးတည်ချက်ဖြစ်သည့် စစ်အာဏာ ရှင်စနစ် ပပျောက် ရေး၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်ရွယ်ပြီး အဖြစ်နိုင်ဆုံးနည်းလမ်းများဖြင့် ပြန်လည်သင့်မြတ်ခြင်းသည် အကောင်းဆုံးသော နည်းလမ်းပါ။

တချိန်က ညီအစ်ကိုများအချင်းချင်း မတူညီသည့် သဘောထား၊ မပြေလည်ခဲ့သော မူဝါဒတချို့ကို ပြန်လည်ညိ‡နိုင်း ဆောင်ရွက် ပြီး တော် လှန်ရေး ကာလမှာ အသက်ပေး လှူဒါန်း သွားခဲ့ကြသော အာဇာနည် ခေါင်းဆောင်များ၏ ရည်ရွယ်ချက်ဖြစ်သည့် မိမိ အမျိုးသား ပြန်လည် လွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြန်းဌာန်းခွင့်ရရှိရေးအတွက် ညီအစ်ကို တိုင်းရင်းသားများ အချင်းချင်း လက်စားမချေကြပါနှင့် သင်ပုန်းချေကြပါဟု တင်ပြရင်း...

No comments: