Thursday, August 27, 2009

အယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ သဘောတူညီမှုရ

မင်းနိုင်သူ / ၂၇ သြဂုတ် ၂၀၀၉

အလုပ်နှင့်ထောင်ဒဏ် (၃) နှစ် ချမှတ်ခံ ခဲ့ရသော ဒေါ်အောင်ဆန်း စုကြည် အတွက် အယူခံတင်သွင်းရန် ရှေ့နေများနှင့် ဒေါ်အောင်ဆန်း စုကြည် တို့ ယနေ့ တွေ့ဆုံ ခွင့်ရ ခဲ့သည်။

“ကျနော်တို့ အယူခံလွှာမူကြမ်းရိုက်ပြီး ယူသွားတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ကိုပြတော့ တချို့ဟာလေးတွေကို ဖြုတ်တာ။ ထပ်ဖြည့်တာလုပ်တယ်။ ဒီနေ့တော့ သူရဲ့သဘောတူညီမှုကို ရခဲ့ပြီပေါ့။ ကျနော်တို့ တင်ရုံပဲ ရှိပါတော့တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ယနေ့မွန်းလွဲ (၁၂) နာရီခွဲမှ (၂) နာရီခွဲအထိ တွေ့ဆုံညှိနှိုင်းပြင်ဆင်ခဲ့ကြသော အယူခံလွှာကို လာမည့်သီတင်းပတ်အတွင်း ရန်ကုန်တိုင်းတရားရုံးသို့ တင်ပြသွားမည်ဖြစ်သည်။

“ရန်ကုန်တိုင်းတရားရုံးမှာ မအောင်မြင်ဘူးဆိုရင် ကျနော်တို့ ဒီကအခေါ်အဝေါ် ပြင်ဆင်မှုပေါ့ဗျာ။ အဲဒါကို ဗဟိုတရားရုံး ထပ်တင်ရပါမယ်။ ဗဟိုတရားရုံးမှာလည်း ပြင်ဆင်မှုမအောင်မြင်ဘူးဆိုရင် အထူးအယူခံဆိုတာ ရှိပါတယ်။ အဲဒီအဆင့်အထိ ရှိပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုသည်။

ယခုအယူခံမှုသည် အင်းစိန်ထောင်တရားရုံးက နေအိမ်အကျယ်ချုပ်မိန့် ဖောက်ဖျက်သည်ဆိုကာ ချမှတ်ခဲ့သော အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်အတွက် အယူခံခြင်းဖြစ်ပြီး နေအိမ်အကျယ်ချုပ် (၁၈) လနှင့် သက်ဆိုင်ခြင်းမရှိပေ။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေအမျိုးသမီး (၂) ဦးတို့အား တရားစွဲဆိုခဲ့သည်။

ထို့နောက် သြဂုတ် (၁၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက နေအိမ်အကျယ်ချုပ် (၁၈) လ ကျခံစေရန်နှင့် မူလတရားရုံးမှ ချမှတ်ခဲ့သော ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်ထားရှိရန် ပြည်ထဲရေးဝန်ကြီးမှတဆင့် အမိန့်ထုတ်ခဲ့သည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက်ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ သူမ၏ပါတီ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီရင်ချက်ချအပြီး ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများကလည်း တရားစွဲဆိုနေစဉ်ကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှု မရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။

သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားနိုင်ခြင်း မရှိဘဲ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

No comments: