Monday, August 31, 2009

ကိုးကန့် အပစ်ရပ်အဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် နအဖဘက်မှ ၁၁ ယောက်ကျဆုံးပြီး ၃၉ ဦးဒဏ်ရာ ရရှိကြောင်း ကျေညာ

Narinjara News

ကိုးကန့် အပစ် ရပ် အဖွဲ့နှင့် သြဂတ်စ်လ ၂၇ ရက်နေ့မှ ၂၉ ရက်ရက်နေ့ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ ၁၁ ဦးကျဆုံးပြီး ၃၉ ဦး ဒဏ်ရာ ရရှိကြောင်း နအဖ ရုပ်သံမှ ယနေ့တွင် ကျေညာသည်။

၎င်းပြင် ကိုးကန့်အဖွဲ့၏ ပစ်ခတ်မူ ကြောင့် ရန်နောင်တိုင်း ရဲစခန်းမှ ရဲသား ၁၄ ဦး သေဆုံးပြီး ၁၁ ယောက်ဒဏ် ရာရ ရှိခဲ့သည်ဟု သတင်း တွင် ဖေါ်ပြသည်။ ကျန် ၂၅ ဦးမှာ တစုံတရာ ဒဏ်ရာ ရရှိခြင်း မရှိဘဲ လွတ်မြှောက်လာကြောင်း ကျေညာသည်။

ကိုးကန့်ဖက်မှ အလောင်း ၁၆ လောင်းကို ရှာဖွေတွေ့ရှိပြီး လက်နက် ၂၀၀ ကျောက် သိမ်းပိုက် ရရှိသည်ဟု မြန်မာ့ ရုပ်သံက ကျေညာ သည်ဟု ကော့ဘဇား မြို့ခံ တဦးက ပြောသည်။

သြဂတ်စ်လ ၈ ရက်နေ့က မြန်မာ့ ရဲတပ်ဖွဲ့မှ ကိုးကန့် အပစ်ရပ်အဖွဲ့မှ လက်နက်များ ထုတ်လုပ်နေကြောင်း ဖေါ်ထုတ် ရရှိပြီးနောက်ပိုင်း ကိုးကန့် အပစ်ရပ် အဖွဲ့နှင့် နအဖ စစ်အစိုးရအကြား အခြေအနေတင်းမာလာခဲ့သည်။

၎င်းနောက်ပိုင်း ကိုးကန့် တပ်ဖွဲ့မှ သြဂတ်စ်လ ၂၈ ရက်နေ့တွင် ရန်နောင်တိုင်း ရဲစခန်းကို ၀င်ရောက် သိမ်းပိုက်ပြီး ရဲသားများကို ပြန် ပေးဆွဲသွားခဲ့သည်။

နအဖ ရုပ်သံမှ ကိုးကန့် အပစ်ရပ် အဖွဲ့နှင့် ဖြစ်ပွားသော တိုက်ပွဲမှာ သြဂတ်စ်လ ၂၉ ရက်နေ့ ညဉ့် ၁ နာရီတွင် ပြီးဆုံးကြောင်း ကျေညာ သွားခဲ့သည်။

ဖုန်ကြားရှင်နှင့် ခေါင်းဆောင် ၄ ဦးကို လုံးဝလက်ခံတော့မည် မဟုတ်တော့ကြောင်းနှင့် အဓိက တရားခံများ အဖြစ် ကျေညာသည်ဟု လည်းသိရသည်။

ကိုးကန့် အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခဲ့သော အဖွဲ့ ဖြစ်သည်။

No comments: