Tuesday, August 25, 2009

ကိုးကန့်တပ်ဖွဲ့နယ်မြေအတွင်း အခြေအနေရှုပ်ထွေး

ခိုင်လင်း / ၂၅ သြဂုတ် ၂၀၀၉

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၁)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုရေစီမဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ နယ်မြေအတွင်း ကိုးကန့် အဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်အပါအဝင် ခေါင်းဆောင် (၄) ဦးအား လားရှိုးမြို့၊ အမှတ်(၁) ရဲစခန်းက လက်နက်စက်ရုံကိစ္စဖြင့် စစ်ဆေး မေးမြန် ရန် ယခုလ (၂၂) ရက်က သမ္မန်စာပို့ပြီးနောက်ပိုင်း နယ်မြေအတွင်း အခြေအနေရှုပ်ထွေးကာ နအဖနှင့် စစ်ရေးတင်းမာမှု ပိုမိုအ ရှိန်မြင့် လာသည်။

ယခုလ (၈) ရက်တွင် လောက်ကိုင်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်အချို့နှင့် ရဲတပ်ဖွဲ့အင်အား (၇ဝ) ခန့်က လောက်ကိုင်အနီးရှိ ရန်လုံကျိုက်ကျေးရွာရှိ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏နေအိမ်မှ ဂိုဒေါင်အား စစ်ဆေးရန် လာရောက်စဉ် လမ်းခုလတ်၌ ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်လုနီးပါး ပြဿနာဖြစ်ပွားခဲ့သည်။ ထို့နောက်ပိုင်း လားရှိုးရဲစခန်းက အဆိုပါ ဂိုဒေါင်အား လက်နက်စက်ရုံအဖြစ် စွပ်စွဲကာ ဆင့်စာပိုခဲ့သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ဖုန်ကျားရှင်တို့ကလည်း သူတို့ကိုဖမ်းမယ်ဆိုတာ သိလို့မသွားဘူး။ အဲဒီအပေါ်မှာ ပြီးခဲ့တဲ့ (၂၃) ရက် ညပိုင်းက ဖုန်ကျားရှင်ရဲ့အိမ်ကို လောက်ကိုင်မှာရှိတဲ့ လုံထိန်းနဲ့ အရပ်ဝတ်လက်နက်ကိုင်အချို့က ဝင်ဖမ်းဖို့ လုပ်တယ်။ ဖုန်ကျားရှင် မတွေ့သွားဘူး။ မနေ့က မနက်ကတော့ ဖုန်ကျားရှင်နဲ့ သဘောထားကွဲတဲ့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီ၊ ဝေရှောင်ယီ တို့က ပြည်သူ့စစ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းမယ်။ ဒေသတည်ငြိမ်ရေးအတွက် အစိုးရနဲ့ ဆွေးနွေးမယ်ဆိုပြီး နအဖအကြိုက်ပေါ့ဗျာ လုပ်လာတယ်။ နေ့လယ်ပိုင်းတော့ ကိုးကန့်လက်နက်ကိုင်တပ်တွေ လောက်ကိုင်မြို့ထဲ ဝင်လာတော့ အဲဒီသူတွေ ထွက်ပြေးကုန်တယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်မှာ နအဖတပ်စခန်းအနီးရှိ ၎င်း၏နေအိမ်သို့ သွားရောက်နေထိုင်ကာ စစ်တပ်၏ အကာအကွယ်ကို ယူနေရသကဲ့သို့ ကျန်ခေါင်းဆောင်များလည်း လောက်ကိုင်ဒေသကွပ်ကဲရေး စစ်ဌာနချုပ်တွင် ဝင်ရောက်ခိုလှုံသွားပြီး လောက်ကိုင်မြို့၊ ကိုးကန့်ဌာနချုပ်တွင် ကိုးကန့်တပ်ဖွဲ့ဝင်များ တပ်စွဲနေရာ ယူထားသည်ဟု လောက်ကိုင်မြို့မှလာသည့် သတင်းများအရ သိရသည်။

ယမန်နေ့ ညနေပိုင်းတွင် ကွမ်းလုံဘက်မှ နအဖစစ်ကားများ ကိုးကန့်နယ်သို့ ချီတက်လာစဉ် ကိုးကန့်တပ်ဖွဲ့က ရှေ့ဆက်မတိုးရန် တားဆီးထားသကဲ့သို့ လောက်ကိုင်မြို့တွင်ရှိနေသည့် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံတပ်များနှင့် ကိုးကန့်တပ်ဖွဲ့များလည်း စစ်ရေးအသင့်ပြင်ထားကြသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “အခုက နှစ်ဖက်ပစ်ခတ်တဲ့အထိ မဖြစ်သေးဘူး။ တရုတ်ဘက်ကလည်း အောက်တိုဘာ (၁) ရက်နေ့ တရုတ်ပြည်သစ်ထူထောင်တဲ့နေ့၊ နှစ်ပတ်လည်နေ့မတိုင်မီမှာ သူ့နယ်စပ်မှာ မတည်မငြိမ်ဖြစ်လာမှာကို မလိုလားဘူး။ (၈) ရက်နေ့တုန်းက ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ရမခတိုင်းမှူးကို သတိပေးထားပြီးပြီ။ ဒါကြောင့်မို့ အဖွဲ့တွင်းမှာ ပြဿနာ မပေါ်ပေါ်အောင်သွေးခွဲ၊ အချင်းချင်းတိုက်ခိုင်းပြီး ကြားကဝင်ထိန်းရတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်လာတာ” ဟု ပြောသည်။

No comments: