Monday, August 24, 2009

ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိသော်လည်း အကျဉ်းပြန်ချခံရ

အောင်ဇော်

ဒေါ်အောင်ဆန်း စုကြည်အပေါ် တရားစွဲဆိုထားသည့် စိတ်လှုပ်ရှားဖွယ် တရားခွင်က ပြီးဆုံးခဲ့လေပြီ။ အများက မျှော်လင့်ထား ခဲ့ကြ သည့် အတိုင်း တရားမျှတမှု ဖြစ်မလာခဲ့။ ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိဟု လူအများက ငြင်းဆန်နေ သည့်ကြားထဲမှ စစ်အစိုး ရ က အပြစ်ရှိသည်ဟု တဖက်သတ် ဆုံးဖြတ် ပြစ်ဒဏ်ချမှတ်ခဲ့လေသည်။

တရားရုံးဆုံးဖြတ်ချက်တွင်လည်း လှည့်ကွက်များ ရှိနေသေးသည်။ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်ကို အပြစ်ရှိသည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သော်လည်း နောက်ဆုံး အိမ်အကျယ်ချုပ် ၁၈ လဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ ကြောင်း ပြည်ထဲရေးဝန်ကြီးက ကြေညာခဲ့ပြန်သည်။

မြန်မာစစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုးထားသော အထူး အမိန့်တရပ်ကို ဖတ်ပြလာခဲ့ပြီး ထောင်ဒဏ်ကို ဆိုင်းငံ့ထားရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်သက်ညှာသော အားဖြင့် အိမ် အကျယ်ချုပ် ၁၈ လသို့ ပြောင်းလဲသတ်မှတ်ခဲ့သည်ဟုဆိုသည်။ လာမည့်နှစ်တွင်ကျင်းပပေးမည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ဆောင်ရွက်နေသည့် ယခုအချိန်တွင် မဟာမိတ်နိုင်ငံများအပါအဝင် အနောက်နိုင်ငံများမှပါ ဖိအားများ ကြုံနေရ သည့်အတွက် ဤသို့ပြစ်ဒဏ်လျှော့ပေါ့ သတ်မှတ်လိုက်ခြင်းမှာ အာဏာရှင်ခေါင်းဆောင်ကြီးထံမှ သင့်မြတ်လိုသည့် သဘော လက္ခဏာပေလောဟု အတွေးပွားစရာ ရှိနေသည်။ အမှန်မှာ ဤသို့မဟုတ်ပါ။

ယခင်က စိတ်ဓာတ်စစ်ဆင်ရေး အရာရှိအဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ်ချုပ်မှူးကြီးက ယခုလှည့်ဖျားကွက်ကို ကောက်ကျစ် ဉာဏ်များစွာ ဆောင်ရွက်လိုက်ခြင်းသာ ဖြစ်သည်။ နိုင်ငံတကာမိသားစုနှင့် ကုလ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီ မွန်း ကိုယ်တိုင်က လွှတ်ပေးရန် ၀ိုင်းဝန်းတောင်းဆိုနေကြသည့်ကြားထဲမှ ယခုတကြိမ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ကို ရဲဝံ့စွာ လွှတ်ပေးလိုက်ရန် သူ့တွင်သတ္တိရှိမနေကြောင်းကို ပြသလိုက်ပြန်သည်။

စစ်အစိုးရကို အမြဲတစေ အပြင်းထန်ဆုံး ဝေဖန်ပြောဆိုနေလေ့ရှိသူ အမေရိကန်ပြည်ထောင်စုကလည်း နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်မှတဆင့် ဗိုလ်ချုပ်သန်းရွှေထံ သံလွင်ခက်ကမ်း ငြိမ်းချမ်းရေးဆိုခဲ့သေးသည်။ အကယ်၍ စစ်အစိုးရကသာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုများ ပြုရန် အခွင့်အလမ်းများ ရလာ ဖွယ်ရှိကြောင်း မစ္စ ကလင်တန်က ဆိုခဲ့သည်။

ဗိုလ်ချုပ်သန်းရွှေက နိုင်ငံတကာမိသားစုအနေနှင့် ထိတ်လန့်တကြားဖြစ်သွားစေရန် အစွန်းရောက်အပြုအမူများ လုပ်တတ် သည့် အလေ့အထရှိပြီး နိုင်ငံတကာ၏ အပြုသဘောထားကို လှည့်စားရယူရန်အတွက်နှင့် ဖိအားကို ပြေလျော့စေရန် အတွက် နောက်မှ တဖြည်းဖြည်းပြန် လျှော့ပေးတတ်သည့် သဘောလည်း ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်း သိမ်း ချုပ်နှောင်ထားသည့်အပေါ် လူအများက မကျေနပ်ဖြစ်နေကြသည့် အမြင်သဘောထားကို လှည့်ဖျားအသုံးချ နိုင်ရန် အတွက် သရဲဘောကြောင်စွာ(ပါးနပ်စွာလည်း ဖြစ်နိုင်သည်) ယခု ဆုံးဖြတ်ချက်ကို သူက ပြုခဲ့ပြန်သည်။
သို့သော်လည်း ယခင် အတိတ်ကာလများက ဗိုလ်ချုပ်သန်းရွှေ၏ လှည့်ကွက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ သူက လူအများကို တကြိမ်ပြီးတကြိမ် အမြဲတမ်းလှည့်ဖျားနေနိုင်လိမ့်မည်တော့ မဟုတ်ပါ။

ပြီးခဲ့သည့် အပတ်များက တရားရုံးကို အကြိမ်ကြိမ် ရွှေ့ဆိုင်းထားခဲ့ပြီး နိုင်ငံရေး လေ့လာသုံးသပ်နေသူ ကျွမ်းကျင်သူ အများ ကပင် ယခုတရားရုံးဆုံးဖြတ်ချက်သည် စေ့စပ်ညှိနှိုင်း၍ရလာသော ရလဒ် ဖြစ်လာဖွယ် ရှိသည်ဟု တွက်ဆနေခဲ့ကြသည်။ သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်များအနေနှင့် ယခု အမှုကို မည်သို့မည်ပုံ ကိုင်တွယ်မည်ဟု တနည်းတဖုံ စဉ်းစား နေဖွယ် ရှိကြောင်း ဧရာဝတီမဂ္ဂဇင်းက မှတ်ချက်ပြုဖော်ပြခဲ့ပါသေးသည်။ အစောပိုင်းကာလများ၌ လူအများက ယခုအမှုတွင် စစ် အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် ၅ နှစ် ချမှတ်လိမ့်မည်ဟုလည်း ထင်ကြေးပေးနေခဲ့ကြသည်။

သို့သော် ယခုရလဒ်ဖြစ်လာသည့်အတွက် ပေါ်လာရသည့်မေးခွန်းမှာ ယင်းဆုံးဖြတ်ချက်တွင် နိုင်ငံတကာဖိအားများက တစုံ တရာ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသလောဟု မေးဖွယ်ရှိသည်။ ပြောရလျှင် တစုံတရာတော့ အရေးရောက်စေခဲ့ သည်။ သို့သော်လည်း ဗိုလ်ချုပ်သန်းရွှေက ယခုဆုံးဖြတ်ချက်ကို ပြင်ပသြဇာများကို ထည့်သွင်းမစဉ်းစားဘဲ သူ့ဘာသာ ဆုံး ဖြတ်ခဲ့ခြင်းသာ ဖြစ်နိုင်ပါသည်။

မြန်မာစစ်အစိုးရ၏ မဟာမိတ်များ ဖြစ်နေကြသည့် တရုတ်နိုင်ငံနှင့် ရုရှားတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အမှုအပေါ် အကြံပြုချက်များ ပေးခဲ့ကြသည်ဟုလည်း ယုံကြည်ရပါသည်။

ထိုမျှမက အာဏာရယူထားသော စစ်အစိုးရ ခေါင်းဆောင်ပိုင်းအတွင်း၌ ဖြစ်ပွားနေသည့် အနေအထားကိုလည်း မိမိတို့က စောင့်ကြည့် လေ့လာရန် လိုအပ်ပါသေးသည်။ ယခုဒေါ်အောင်ဆန်းစုကြည်၏ အမှုအပေါ် မည်သို့အရေးယူ ဆောင်ရွက် ရမည် ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ သဘောထားကွဲပြားမှုများလည်း ရှိနေခဲ့သည်ဟု ဆိုသည်။ မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်နှင့် ချက်ချင်းမဟာမိတ်ပြု လက်တွဲမည့် ဗိုလ်ချုပ်မျိုးကို မိမိ မမြင်ရသေးပါ။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအတွင်း မပါဝင်လာနိုင်စေရေးအတွက် ရည်ရွယ်ချက်တွင်မူ ဗိုလ်ချုပ်များအားလုံးက တသားတည်း ဖြစ်နေကြသေး သည်။ သို့သော် မည်သို့ကိုင်တွယ်မည်ဆိုသည်ကတော့ မတူကွဲပြားသည့် မဟာဗျူဟာစဉ်းစားချက်များ ရှိနေနိုင်သည်။

လှည့်ဖျားဉာဏ်များတတ်သည့် ဗိုလ်ချုပ်သန်းရွှေပင် ၁၉၉၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်မှ လွှတ် ပေးသည့် အမိန့်ကို လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပြီး ယခုတကြိမ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်နေခွင့် ပြု ကြောင်း၊ သူက ပုဂ္ဂိုလ်ရေးအရ ညှာတာခွင့်ပြုသည့်သဖွယ် တရားရုံး၏ အဆုံးဖြတ်ကို အသုံးချ ပြောင်းလဲခဲ့ပြန်သည်။

အင်းစိန်ထောင်အတွင်း ဆောင်ရွက်တတ်သည့် အထူးခုံရုံးများကို "တလမ်းသွား လမ်း" သဖွယ် လူအများက လူသိများကြ ပြီး နာမည်ကြီးနိုင်ငံရေးသမား အများအပြား၊ တက်ကြွလှုပ်ရှားသူအများအပြား နှစ်ရှည်ထောင်ဒဏ်များအတွက် ဖြတ်သန်း သွားခဲ့ကြပြီး ဖြစ်သည်။ ယခုအမှု စတင်စစ်ဆေးချိန် မေလမှစ၍ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်အကျဉ်းထောင် အတွင်း ၌ ထိန်းသိမ်းထားခဲ့သော်လည်း နောက်ဆုံးအခြေအနေတွင် အိမ်ပြန်၍ အချုပ်ခံရသူဟူ၍ သူတဦးတည်းသာ ဖြစ် ဖွယ် ရှိပါသည်။

ဤသို့ ပြုမူခြင်းဖြင့် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားပျော့ပြောင်းကြောင်း ပြသသည်တော့ မဟုတ် ပါ။ ယခုတရားရုံး ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများနှင့် ရှုတ်ချမှုများ ပို၍ ရင်ဆိုင်လာရဖွယ် ရှိနေပါ သည်။ စစ်အစိုးရနှင့် ပြန်လည်ဆက်ဆံရန် ကြိုးပမ်းနေသည့် အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများ အတွက်လည်း နောက်ပြန်ဆုတ်ရသည့် အဖြစ်မျိုး ဖြစ်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဤသို့စီရင်ပြစ်ဒဏ်ပေး သည့်ကိစ္စအပေါ် ဒေါသဖြစ်နေရုံမျှဖြင့် မလုံလောက်ကြောင်း ပြသကြပါလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် အင်းစိန်ထောင်အတွင်း စီရင်ကြားနာနေသည့် တရားရုံးဆင်ကွက်များ အားလုံးသည် နိုင်ငံရေးအရ ဆောင်ရွက်သည့် ဆုံးဖြတ်ချက်များသာ ဖြစ်ပါသည်။

အရေးအကြီးဆုံးကိစ္စမှာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲဖြစ်သည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်ရန် တားမြစ် ထားရေးပင် ဖြစ်သည်။ သူ့ကို နောက်တကြိမ် ဆက်လက် အချုပ်ချထားခြင်းသည် ဒီမိုကရေစီအရေးကို နှိပ်ကွက်ထားရန် ကြိုးပမ်းချက်ပင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုနှင့် ခွဲခြားထားနိုင်ရေးအတွက် ကြိုးပမ်းချက်ပင် ဖြစ်ပါ တော့သည်။

အောင်ဇော် ရေးသားသည့် Suu Kyi Escapes Prison Sentence, but is Still Isolated ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

No comments: