Tuesday, August 25, 2009

စည်ပင်ဝန်ထမ်းအဖြစ် လေ့ကျင့်ခံရသည့် အိုးအိမ်မဲ့သူများ၏ ကလေးငယ်အချို့ ပျောက်ဆုံးနေ

ဝီရ / ၂၅ သြဂုတ် ၂၀၀၉

ရန်ကုန်မြို့တော် စည်ပင်နယ်နိမိတ်အတွင်း တောင်းရမ်းစားသောက်နေသည့် အိုးအိမ်မဲ့သူများအား မြို့နယ်စည်ပင်သာယာရေး ကော် မတီက စည်ပင်ဝန်ထမ်းအဖြစ် လေ့ကျင့်ပေးရာတွင် ၎င်းတို့၏ကလေးအချို့ ပျောက်ဆုံးမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။


မြို့တော်စည်ပင်သာယာရေးကော်မတီက အိုးမဲ့အိမ်မဲ့များအား ယင်းသို့လေ့ကျင့်ပေးရာတွင် ၎င်းတို့၏ကလေးငယ်များနှင့် သီးခြားခွဲထားသောကြောင့် ကလေးငယ်အချို့ပျောက်ဆုံးရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး အင်ဂျင်နီယာဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “တောင်းရမ်းစားသောက်တဲ့ အိုးအိမ်မဲ့တွေကို ဖမ်းပြီးတော့ သူတို့ကလေးတွေကို ဟံသာဝတီအဝိုင်းက ကလေးထိန်းသိမ်းရေးစခန်းဆီ ပို့လိုက်တယ်။ သူတို့မိဘတွေကိုကျတော့ အမှိုက်သိမ်းတဲ့အလုပ်တွေအတွက် ယာယီ ဝန်ထမ်းအနေနဲ့ ခန့်ထားတာ၊ သူတို့ကလေးတွေကိုလည်း တွေ့ခွင့်မပေးဘူး။ အသက် (၈) နှစ်ကနေ (၁၅) နှစ်အောက် ကလေးတွေကို မိဘတွေနဲ့ အတူနေခွင့် မပေးဘူး။ အဲဒီလို ပို့ထားလို့ သူတို့ကလေးတွေ ဘယ်ရောက်နေမှန်း စုံစမ်းလို့မရဘူး ဖြစ်နေတယ်။ ဒီဟံသာဝတီက ထိန်းတဲ့နေရာက ကလေး (၁၀၀) ကျော်လောက်ပဲ ထားလို့ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယင်းကဲ့သို့ မိဘများနှင့်ခွဲကာ ထိန်းသိမ်းခံထားရသည့် ကလေးငယ်အချို့မှာ ကလေးစစ်သားအဖြစ် စုဆောင်းခံရခြင်းလည်း ဖြစ်နိုင်ကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

၎င်းက “တွံတေးမြို့က ကလေးထောင်လို့လူသိများတဲ့ လူငယ်ထိန်းသိမ်းရေးစခန်းထဲမှာလည်း သွားရှာတာ မရှိဘူး။ တချို့ကလေးတွေက ပျောက်နေတယ်။ အဲဒီကလေးတွေ ဘယ်ရောက်သွားလဲဆိုတာကတော့ သတင်းထွက်နေတာ အမျိုးမျိုးပဲ။ သူတို့ကို ကလေးစစ်သားအဖြစ်နဲ့ စုဆောင်းတာလည်း ဖြစ်နိုင်တယ်ပေါ့။ ဒီအခြား အပြင်တွေမှာ ရှိရင်တော့ ရှာလို့တွေ့မှာပေါ့” ဟု ပြောသည်။

အဆိုပါအသက်မပြည့် (၁၈) နှစ်အောက် ကလေးငယ်များအား မြို့တော်စည်ပင်သာယာရေးကော်မတီက ဟံသာဝတီအဝိုင်း လေလွင့်ကလေး ထိန်းသိမ်းရေးစခန်းသို့ အရင်ပို့ဆောင်ပြီး ထိုမှတဆင့် အခြားနေရာများသို့ ပို့ဆောင်ခြင်းဖြစ်ပြီး ယင်းသို့ အပို့ခံရသည့် ကလေးငယ်များ၏ ကိုယ်ရေးအချက်အလက် ပြည့်စုံမှု မရှိခြင်းကြောင့် စုံစမ်းရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း စည်ပင်အင်ဂျင်နီယာဌာနမှ ဝန်ထမ်းက ရှင်းပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အဆင့်မြင့်အရာရှိတဦးကမူ မြို့တော်နယ်နိမိတ်အတွင်း အိုးအိမ်မဲ့၊ အခြေမဲ့သူများ ပပျောက်ရေးအတွက် ၎င်းတို့အား ဖမ်းဆီးကာ ယာယီဝန်ထမ်းအဖြစ် (၃) လ ခန့်ထားပြီး နေ့စား (၁,၅၀၀ - ၂,၀၀၀) ကျပ်နှင့် နေရေးထိုင်ရေးအတွက်ပါ စီစဉ်ပေးထားသည်ဟု ပြောကြားသော်လည်း ထိုသူများ၏ ကလေးငယ်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိမိအနေဖြင့် မကြားမိကြောင်း ပြောသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက်တဦးက “ကျနော်တို့ ပြည်တွင်းဂျာနယ်တွေမှာ ကလေးပျောက်ကြော်ငြာတာတို့ ထည့်ရင်တောင် အချက်အလက်တွေ စစ်ဆေးခံရသေးတာ၊ အများစုက ဖော်ပြခွင့်မရှိဘူး။ မြန်မာ့အလင်းတို့မှာပဲ ထည့်တာ တွေ့ရတယ်။ ဒီကလေးစစ်သား စုဆောင်းခံရတာတို့၊ နာဂစ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းက ကလေးငယ်တွေ ပညာရေး အခက်အခဲဖြစ်တာတို့ရေးရင် အဖြုတ်ခံရသေးတာပဲ။ ဒီနိုင်ငံမှာ ကလေးပျောက်တာ စစ်သားအဖြစ် စုဆောင်းခံရတာလားဆိုတဲ့ မေးခွန်းက အရင်ဆုံး မေးစရာဖြစ်နေတယ်လေ” ဟု ပြောသည်။

မြို့တော်စည်ပင်နယ်နိမိတ်အတွင်းတွင် တောင်းရမ်းစားသောက်သူများသည် တနေ့တခြား ပိုမိုများပြားလာနေသည်ဟုလည်း ၎င်းက ပြောသည်။

နအဖစစ်အစိုးရ၏ စစ်အင်အား ပြည့်မီရေးစီမံချက်ကြောင့် စစ်သားစုဆောင်းရေး တပ်ရင်း (၄) ခုနှင့် မြို့နယ် (၃၇) ခုတွင် နယ်လှည့်စစ်သားစုဆောင်းရေး တပ်ဖွဲ့ခွဲများ ဖွဲ့စည်းထားပြီး စစ်သားစုဆောင်းရေးတပ်ရင်းတခုတွင် တလလျှင် ကလေးငယ် (၁၀၀) ခန့်ကို စစ်သားအဖြစ် စုဆောင်းနေကြောင်း ရိုးမ (၃) သတင်းဌာန၏ ၂၀၀၉ ခု ဇူလိုင်လထုတ် “မြန်မာ့သားကောင်းများ အတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ” အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments: