Sunday, August 30, 2009

ရှစ်လေးလုံး ၂၁ နှစ်မြောက် ရင်ခုန်သံ


"သားချော့တေး"

သားရေ …
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့ နန်းတော်ကြီးဆီ
ရောက်မယ်ဆိုရင်
အဲဒီ့လမ်းကို မလျှောက်လေနဲ့၊
မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပုခုံးကို တက်နင်းပြီးမှ
မင်းဘဝ အထက်တန်းကျမယ်ဆိုရင်
အဲဒီ့အမြင့်ကိုလည်း
မလှမ်းလေနဲ့။

မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘဝတွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့
ပျော်စရာ အနာဂတ်တွေလည်း
ကြေကွဲပျက်စီးမယ်ဆိုရင်
အဲဒီ့ယုံကြည်ချက်ကိုလည်း
မင်း အကောင်အထည်
မဖော်လေနဲ့။


မသိနားမလည်သူ
လူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီ့စည်းစိမ်ကိုလည်း
မင်း မမက်မောလေနဲ့။


ဒီလောကကြီးမှာ
သစ်သီးကလေးတလုံး သီးဖို့
အချိန်တွေ အများကြီးယူရမယ်
ပန်းကလေးတပွင့် ပွင့်ဖို့
အဆင့်ဆင့်တည်ဆောက်ခဲ့ရတယ်
မြေနီလမ်း နံဘေးက
တောပန်းလေးတွေကအစ ကြင်နာပါ။


ဒုက္ခရောက်သူကို ဖေးကူပါ
လူသိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။


ရိုးသားဖြူစင်သူတွေကို
တဖက်သတ်အနိုင်ယူပြီးမှ
မင်းရဲ့သရဖူကို ရမယ်ဆိုရင်
အဲဒီ့သရဖူကိုလည်း
မင်း လုံးဝ မယူလေနဲ့။

(မိုဃ်းဇော်)


ဒီကဗျာကလေးက ကျမတို့ပြည်သူတွေ ခံစားနေရတဲ့ ခံစားချက်နဲ့ အုပ်စိုးသူတွေရဲ့ အကြောင်းကို နမိတ်ပုံသင်္ကေတတွေနဲ့ ဖော်ထုတ်ပြလိုက်တာလို့ ခံစားမိပါတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံ ၂၁ နှစ်မြောက် ကျင်းပနိုင်ဖို့ ဒုက္ခသည်စခန်းထဲမှာ ကြိုးစားနေတဲ့အချိန် ကဗျာဆရာမိုဃ်းဇော်ရဲ့ သားချော့တေးက ကျမကိုပါ ချော့လိုက်ပါတယ်။

၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းစဉ်က ဓားဓားချင်း၊ လှံလှံချင်းဆိုပြီး ပြည်သူလူထုကို စိန်ခေါ်အုပ်ချုပ်ခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂနဲ့ သမဂ္ဂအဆောက်အဦးကို ဗိုလ်နေဝင်းလက်ထက်မှာ ဖျက်ဆီးခံရတယ်။ 7 ဇူလိုင်ဆိုတဲ့ အရေးအခင်းကြီး ပေါ်ပေါက်ခဲ့ရတယ်။ တက္ကသိုလ်ကျောင်းပုရဝဏ်ထဲမှာ ကျည်ဆံခွံတွေနဲ့ လက်နက်ကြီးကြောင့် ပြိုကျပျက်စီးသွားတဲ့ သမဂ္ဂအဆောက်အဦးကြီး အကျည်းတန်ခဲ့ရပါတယ်။

မြန်မာပြည်မှာ ဖောက်ပြန်တဲ့ အုပ်ချုပ်ရေးကို ပြောင်းလဲပစ်ဖို့ အထင်ကရရှိခဲ့တဲ့ အရေးအခင်းတွေ အများအပြား ရှိခဲ့ပါတယ်။ ကျွန်းဆွယ်အရေးအခင်း၊ 7 ဇူလိုင်၊ မှိုင်းရာပြည့်၊ ဦးသန့်၊ အလုပ်သမားအရေးအခင်း အစရှိတဲ့ အရေးတော်ပုံတွေကို စစ်အာဏာရှင်က လက်နက်အားကိုး ဖြိုခွင်းနှိပ်ကွပ်လို့ လူထုဆန္ဒတွေ ယာယီ တိမ်မြုပ်ခဲ့ရပေမယ့် ရှစ်လေးလုံး လူထုအရေးတော်ပုံမှာတော့ လူထုဆန္ဒတွေ အရှိန်အဟုန်နဲ့ ပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာပြည် စစ်အာဏာရှင်ခေတ်အဆက်ဆက် နိုင်ငံရေးအကျပ်အတည်း ဖြစ်လာရင် ထွက်ပေါက်အနေနဲ့ အဓိကရုန်းတွေ၊ ကောလာဟလတွေ၊ ကုန်ဈေးနှုန်း အတက်အကျတွေ၊ လောင်းကစားခွင့်တွေနဲ့ လူထုကို လှည့်ဖြားအုပ်ချုပ်ပြီး အာဏာမြဲအောင် အမြဲလုပ်ခဲ့ပါတယ်။ ဖောက်ပြန်တဲ့ အစိုးရများဟာ လူထုဆန္ဒအစစ်အမှန်ကို အင်မတန်စိုးရွံ့ပါတယ်။ ခါးသီးပါတယ်။ ဒါကြောင့် တရားနည်းလမ်းကျကျ ဘယ်တော့မှ ဖြေရှင်းလေ့မရှိပါဘူး။

ကျမ မှတ်မိသေးတယ်။ ဗိုလ်နေဝင်းက မြန်မာ့ရုပ်မြင်သံကြားကနေ "တိုင်းပြည်ကို ဆူဆူပူပူလုပ်မယ်ကြံတဲ့သူတွေ မလွယ်ဘူးသာမှတ်။ စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်လို့ ပြောခဲ့ပါတယ်။" သိပ်မကြာပါဘူး။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တယ်။ လူထုလူတန်းစား အလွှာအသီးသီး ပါဝင်ခဲ့တယ်။ ကျောင်းသားပြည်သူ၊ ရဟန်းရှင်လူတွေ ထောင်ပေါင်းများစွာ သေခဲ့တယ်။

စစ်ခုံရုံးတွေဖွင့် အရေးပေါ် ၅ ညနဲ့ "ဥပဒေက မည်သို့ပင်ဆိုစေကာမူ" ဆိုပြီး အမိန့်တွေ ဖတ်ပြတယ်။ ဒီ့နောက် ထောင်ဒဏ်ဘယ်နှနှစ်ဆိုပြီး ပြစ်ဒဏ်ချမှတ်လိုက်တယ်။ ကျောင်းသားလူငယ်တွေ ကျောင်းဝတ်စုံကနေ ထောင်ဝတ်စုံ ပြောင်းဝတ်ခဲ့ရပါတယ်။ စစ်အာဏာရှင်က ကျောင်းစာသင်ခန်းတွေပိတ်ပြီး အကျဉ်းထောင်တံခါးပဲ ဖွင့်ခဲ့ပါတယ်။

၁၉၉၁ ဒီဇင်ဘာ ၃ဝ ရက်နေ့က အင်းစိန် အထူးစစ်ခုံရုံးမှာ ကျောင်းသားကိုစည်သူကို အမိန့်ချခါနီး စစ်အာဏာရှင်က အပြစ်ရှိလား၊ မရှိဘူးလားလို့ မေးခဲ့ပါတယ်။ ကိုစည်သူကလည်း ရဲရဲဝံ့ဝံ့ ပြန်ဖြေခဲ့ပါတယ်။

"အပြစ်ရှိသလား၊ မရှိဘူးလားဆိုတာ မမေးပါနဲ့။ မတရားသူတွေရဲ့ တရားစီရင်တာကို ကျနော်တို့ အသိအမှတ်မပြုနိုင်ဘူး။ ကြိုက်သလိုစီရင်လို့ရတယ်။ ဒါပေမဲ့ ဒါဟာ မတရားမှုပဲ"

ကိုစည်သူတယောက် စစ်အာဏာရှင်ရဲ့ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ၂ဝဝ၁ ဖေဖော်ဝါရီလမှာ သာယာဝတီအကျဉ်းထောင်ထဲ ကျဆုံးခဲ့ရပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေ၊ လက်ဆင့်ကမ်း သယ်ဆောင်သွားသူတွေ အသက်တွေ ဘဝတွေ စတေးခဲ့ရပါတယ်။ လူထုရဲ့ ဆန္ဒအမှန်ကို လမ်းတွေပေါ်မှာ အသက်တွေနဲ့ ရင်းပြခဲ့ပြီး၊ အကျဉ်းထောင်တွေထဲမှာ ဘဝတွေနဲ့ စတေးပြခဲ့ပါတယ်။ ဘယ်လောက်များ နာကျင်ကြေကွဲဖို့ ကောင်းလိုက်ပါသလဲ။

အကျဉ်းထောင်ထဲက လွတ်လာသူတွေလည်း ဘဝမလုံခြုံလို့ ဒုက္ခသည်စခန်းထဲရောက်လာခဲ့ရတယ်။ မော်လမြိုင် အကျဉ်းထောင်ထဲက လွတ်လာတဲ့ ကျောင်းသားလူငယ် ကိုအောင်မြတ်သူက "ထောင်ထဲမှာ ကျနော်တို့ လူငယ်ဘဝတွေ ကုန်ဆုံးခဲ့ရတယ်။ ထောင်ကလွတ်လာတော့ ကျနော်တို့မှာ ဘာမှပါမလာဘူး။ ဒဏ်ရာပဲ ပါလာတယ်။ ဒီဒဏ်ရာနဲ့ ပြန်ပြီးအသုံးချရမယ်" လို့ ပြောပါတယ်။ ဒီဒဏ်ရာတွေနဲ့ပဲ ရှစ်လေးလုံး ၂၁ နှစ်မြောက် အခန်းအနားကို ကျင်းပနိုင်ဖို့ စီစဉ်ခဲ့ကြပါတယ်။

ရှစ်လေးလုံး ၂၁ နှစ်မြောက် အခန်းအနားမှာ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေ သိရှိဖို့ ရှစ်လေးလုံး အရေးတော်ပုံ လူထုဆန္ဒပြပွဲရဲ့ သတင်းဓာတ်ပုံ ပြခန်းလုပ်မယ်။ ကျောင်းသားလူငယ်တွေကို ဟောပြောလှုံ့ဆော်မယ်။ အခန်းအနားနေ့မှာ ကျောင်းသားသမဂ္ဂသီချင်း၊ ခွပ်ဒေါင်းနီ၊ ရှစ်ဆယ့်ရှစ် ဗမာပြည် ဒီမိုကရေစီသီချင်းတွေ သီဆိုကြမယ်လို့ တိုင်ပင်ကြပါတယ်။

အခန်းအနားဖြစ်ဖို့ ငွေကြေးကို ကျင်းပမယ့် ကော်မတီက လူတွေ မတည်ကြတယ်။ လိုအပ်တဲ့ငွေကို မိတ်ဆွေရဲဘော်တွေဆီက ကောက်ခံပြီး ဒုက္ခသည်စခန်းထဲမှာလည်း အဖွဲ့နဲ့ အလှူခံထွက်ကြပါတယ်။ တစိမ့်စိမ့်ရွာနေတဲ့ မိုးရေကြားထဲမှာ မိုးကာခြုံ၊ ခမောက်ဆောင်းပြီး အလှူခံထွက်ရတာပါ။ ဒုက္ခသည်ပီပီ တဘတ်၊ ၅ ဘတ်၊ ၁ဝ ဘတ်၊ ဆန်တဗူး အစရှိတဲ့ ဆန်ငွေကြေးပါဝင်ပြီး အခန်းအနားကို ကျင်းပနိုင်ခဲ့ပါတယ်။

ကျင်းပရေးကော်မတီရဲ့ ကိုယ်စိတ်ပင်ပန်းမှုနဲ့ စစ်အာဏာရှင်ကို နာကြည်းမှုတွေ ရောပြွန်းနေခဲ့ပါတယ်။ ပြခန်းအတွက် ဓာတ်ပုံတွေ ထုတ်တဲ့အချိန်ကတော့ ကျမတို့ စိတ်အထိခိုက်ရဆုံး အချိန်ပါပဲ။ ဆရာဝင်နှစ်ယောက် ဆွဲပွေ့လာတဲ့ မဝင်းမော်ဦးကိုယ်လုံးမှာ သွေးတွေရွှဲလို့။ သေနတ်ဒဏ်ရာကြောင့် နာကျင်မိန်းမောနေတဲ့ သူမ ခံစားရတဲ့ ဝေဒနာတွေ ကျမတို့ဆီပါ ကူးစက်သွားရပါတယ်။ လက်နက်ဆိုလို့ အပ်တိုတချောင်းမှမပါတဲ့ အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူလေးတွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ရက်တဲ့ အာဏာရှင်တွေကို ကျမတို့ကမ္ဘာကျေသော်လည်း ဥဒါန်းမကြေနိုင်ပါဘူး။

ဓာတ်ပုံပြခန်း ဟောပြောပွဲတွေလုပ်ပြီး ဒုက္ခသည်စခန်းထဲက ကျောင်း ၄ ကျောင်းကို ဟောပြောရေးအဖွဲ့တွေ သွားရောက်ဟောပြောနိုင်ခဲ့ကြပါတယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံအကြောင်း၊ ခေါင်းဆောင်ဆိုတာ တိုက်ပွဲကြားက ပေါ်တယ်။ ဒီတိုက်ပွဲတွေထဲက မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုကြီး၊ ကိုဂျင်မီ အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေအကြောင်း ပြောခဲ့ကြတယ်။ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန်တို့ရဲ့ ကဗျာတွေလည်း ရွတ်ပြခဲ့ကြတယ်။

ဒီကဗျာတွေက ကျောင်းသားကျောင်းသူတွေရဲ့ရင်ထဲ အလွယ်တကူ ရောက်သွားပါတယ်။ ကိုမင်းကိုနိုင်က "တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ဘယ်ကျွန်မှမခံ၊ ဒေါင်းအလံဟေ့၊ ကျောင်းနံရံတဝိုက် ဒေါင်းအလံ ပြန်စိုက်မယ်" လို့ ကြွေးကြော်ခဲ့တဲ့ ကဗျာပါ။

ရှစ်လေးလုံး လူထုအရေးတော်ပုံအပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် သွေးစွန်းနေတဲ့ မြန်မာပြည်ကို ထုံးသုတ်ဖို့ နေရာအနှံ့ အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒီ့အမိန့်ကို ကိုမိုးသီးဇွန်က ဒီကဗျာနဲ့ တုံ့ပြန်ခဲ့ပါတယ်။

"ဒို့ကျောင်းသားသွေး၊ ထုံးဖြူဆေးသုံး၊ ဖျောက်ဖျက်ဖုံးလည်း၊ မဆုံးကမ္ဘာတည်လိမ့်မည်" တဲ့။

ဒီတော့ ကျောင်းသား၊ ကျောင်းသူလေးတွေက ကိုမင်းကိုနိုင်ဆိုတာ ဘယ်သူလဲ၊ ကိုမိုးသီးဇွန်ဆိုတာ ဘယ်သူလဲ။ ခွပ်ဒေါင်းအလံမှာ ခွပ်ဒေါင်းက အဝါဖြစ်ပြီး တခြားဒေါင်းက ဘာလို့စိမ်းနေတာလဲအထိ မေးခွန်းတွေ မေးခဲ့ကြပါတယ်။ သူတို့ကျေနပ်တဲ့အထိ ဟောပြောပွဲ တာဝန်ယူသူတွေက ရှင်းပြနိုင်ခဲ့ကြပါတယ်။

၇.၈.ဝ၉ နေ့မှာ ဓာတ်ပုံပြခန်း ဖွင့်နိုင်ခဲ့ပါတယ်။ ပြခန်းရဲ့ ဝင်ပေါက်မှာ ဗမာစာလုံး ရှစ် (၈) တလုံးထဲ ရေးထားပါတယ်။ ဝင်လာတဲ့သူတွေက ရှစ် (၈) ဂဏန်းထဲက ဝင်လာရပါတယ်။ ကျင်းပရေးကော်မတီက ကျောင်းသားလူငယ်တွေ ပြခန်းလေ့လာနိုင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဗုဒ္ဓမစ်ရှင်၊ PAB အထက်တန်းကျောင်း ကျောင်းသားလူငယ်လေးတွေ တန်းစီပြီး လာကြပါတယ်။ ကျောင်းဝတ်စုံနဲ့ လွယ်အိတ်လွယ်လာတဲ့ သူတွေကိုမြင်ပြီး ကြိုဆိုနေကြတဲ့သူတွေ မျက်ရည်ကျခဲ့ကြပါတယ်။ အဲဒီ့လို တန်းစီလာတဲ့ ကျောင်းသားလူငယ်တွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့တာလေ။ ရှစ်လေးလုံး အရေးတော်ပုံရဲ့ မြင်ကွင်းတွေ အာရုံထဲမှာ တဖျတ်ဖျတ်ပေါ်လာပြီး အတိတ်ရဲ့ ပဲ့တင်သံတွေ ကြားခဲ့ရပါပြီ။

ကျောင်းသားလူငယ်တွေ ဓာတ်ပုံ၊ စာစောင်တွေကြည့်ပြီးနောက်မှာ ရှစ်လေးလုံးသတင်း မှတ်တမ်းခွေ ပြခဲ့ပါတယ်။ ဆန္ဒပြလူထုရဲ့ ကြွေးကြော်သံတွေ၊ နောက် သေနတ်သံတွေ၊ သေနတ်သံတွေကြားက ဖရိုဖရဲ ပြေးကြလွှားကြ၊ ဒဏ်ရာရတဲ့ လူတွေကို ပွေ့ယူပြေးလွှားကြတဲ့ ကျောင်းသားပြည်သူတွေရဲ့ သောကအပူတွေ ကျမတို့ဆီ ကူးလာပါတယ်။ ကျမတို့ပြည်သူလူထုရဲ့ သွေးတွေဟာ လမ်းတွေပေါ်မှာ မြင်လို့မကောင်းတော့ပါဘူး။

ကိုယ့်သူငယ်ချင်းရဲ့ အလောင်းကို ကိုယ်တိုင်ပွေ့ယူပြီး ဆေးရုံအထိ ပြေးခဲ့ရတဲ့ ကျောင်းသား ကိုစိုးမြင့်အောင်လည်း မျက်ရည်မထိန်းနိုင်တော့ပါဘူး။ ကြေကွဲဖွယ်ရာနေ့ရက်များကို သတိရအောင် လှုံ့ဆော်ပေးနေပါတော့တယ်။

ကျောင်းသားကလေးငယ်တွေကို ဓာတ်ပုံ၊ ဗီဒီယိုနဲ့ ခံစားမှုပေးပြီး ပြခန်းတာဝန်ခံ ကိုအောင်ဇော်ရှားက ကလေးတွေကို ဗူပေါင်းတွေ မှုတ်ခိုင်းပါတယ်။ "ရှစ်လေးလုံး အရေးတော်ပုံရဲ့ အင်အားတွေ ဗူပေါင်းထဲ မှုတ်သွင်းလိုက်ပါ။ ငယ်တဲ့လူတွေကို ကြီးတဲ့အကိုအမတွေက ဝိုင်းဝန်းကူညီပြီး လက်ဆင့်ကမ်းပေးပါ။ ဖိုးမူတို့၊ ဖိုးခွားတို့ရဲ့ ခံစားချက်တွေ ဗူပေါင်းပေါ်မှာ ဆော့ပင်နဲ့ စာရေးပေးပါ" တဲ့။

ကလေးတွေက သူတို့ကြည့်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုကပေးတဲ့ ခံစားမှု၊ ဟောပြောရှင်းပြကြသူတွေရဲ့ စကားကို နားထောင်ထားတဲ့ ခံစားမှုတွေ သူတို့ရင်ထဲ စီးမျောသွားခဲ့တယ်ဆိုတာ ကျမတို့ ယုံကြည်သွားရပါတယ်။

စစ်အာဏာရှင်ကြောင့် ဒုက္ခသည်စခန်းထဲ ရောက်ရှိလာရတယ်။ သူတို့ အမိအဘနဲ့ ခွဲခွာခဲ့ရတယ်။ စာသင်ခန်းထဲမှာ အေးအေးချမ်းချမ်း စာမသင်နိုင်ခဲ့ဘူး။ စာမေးပွဲဖြေနေရင်း စစ်တပ်က ထိုးစစ်ဝင်လို့ ထွက်ပြေးရတယ်။ အေးအေးချမ်းချမ်းနဲ့ တောင်ယာမလုပ်နိုင်ဘူး။ စစ်အာဏာရှင်က သူတို့ ကရင်လူမျိုးတွေကို နှိပ်စက်တာ မဟုတ်ဘဲ၊ မြို့ပေါ်က ဗမာကျောင်းသားလူငယ်တွေကိုပါ ရက်ရက်စက်စက် သတ်ဖြတ်တာပါလားလို့ သူတို့ ခံစားသွားရတယ်။ ဒါကြောင့်လည်း ဗူပေါင်းပေါ်မှာ အားရပါးရ စာတွေရေးပါတော့တယ်။ သူတို့လေးတွေရဲ့ ခံစားချက်တွေက ရိုးစင်းပေမယ့် သိပ်ကို ထိမိပါတယ်။

"ကျမတို့နိုင်ငံ ဒီမိုကရေစီ အမြန်ဆုံးရပါစေ" ၊ "ဒုက္ခသည်စခန်းမှာ မနေရဘဲ ကိုယ့်တိုင်းပြည်ကို ပြန်ချင်ပါတယ်" ၊ "ကျနော်တို့ ကြီးလာရင် စစ်အာဏာရှင်စနစ် မရှိစေရ" ၊ "ကရင့်တော်လှန်ရေး အောင်မြင်ပါစေ" ၊ "စစ်သားတွေက ဘုန်းကြီးတွေကိုပါ ဘာလို့သတ်တာလဲ" ၊ "ကိုမင်းကိုနိုင် အမြန်ဆုံးလွတ်ပါစေ" ၊ "ကျမတို့ ကြီးလာရင် တက္ကသိုလ်ဆိုတဲ့ ကျောင်းမှာ ပညာသင်ခွင့် ရချင်ပါတယ်" ၊ "ကျမ အိမ်ကို အရမ်းပြန်ချင်တယ်" ၊ ''ကျမတို့တိုင်းပြည် ဘာလို့ မလွတ်လပ်တာလဲ" ၊ "ကျနော့်ညီလေးကို မီးဖိုထဲ ထည့်သတ်တဲ့ စစ်သားတွေကို မုန်းတယ်"

သူတို့စာရေးထားတဲ့ ဗူပေါင်းလေးတွေကို ကျမတို့ ဝိုင်းပြီး ဖတ်ပြကြပါတယ်။ သူတို့ရေးထားတဲ့ နာမည်လေးတွေကို ဖတ်ပြရင် သူတို့က လက်ညှိုးထောင်ပြတယ်။ သူတို့ရေးထားတဲ့ စာလေးတွေကို ဖတ်ပြရင် သူတို့မျက်နှာလေးတွေ နီနေအောင် ရှက်ကြသေးတာ။ စာဖတ်ပြပြီး သူတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဝိုင်းပြီး လက်ခုပ်တီးပေးကြတယ်။ သူတို့ တကယ်ခံစားပြီး ရေးကြတယ်ဆိုတာ ကျမတို့ ခံစားနိုင်ခဲ့ပါတယ်။ ကျမတို့နဲ့ သူတို့လေးတွေ ဒုက္ခဖြစ်ရပုံချင်း မတူပင်မယ့်၊ ဒုက္ခကို ခံစားရပုံချင်းကျ အတူတူမို့လား။

ရှစ်လေးလုံး ၂၁ နှစ်မြောက် အခန်းအနားလုပ်တဲ့နေ့မှာ ကျောင်းသားသမဂ္ဂသီချင်းနဲ့ ဖွင့်ခဲ့ပြီး ရှစ်လေးလုံး အမှတ်တရစကား ပြောကြပါတယ်။ ဂုဏ်ပြုသီချင်းတွေလည်း သီဆိုခဲ့ကြပါတယ်။ အခန်းအနားပြီးခါနီးမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သီချင်းတပုဒ် သီဆိုခဲ့ကြပါတယ်။

အဲဒီ့သီချင်းကတော့ ကျောင်းဆရာလေးရဲ့ အလွမ်းပါ။ သီချင်းရေးသူက နိုင်ငံရေးအကျဉ်းသမားဟောင်း ကိုခွန်စိုင်း။ ၁၉၈၉ မှာ အကျဉ်းကျခံနေရတဲ့ မြန်မာစာ ကထိက ကျောင်းဆရာလေး ကိုဌေးသိမ်းအတွက် ရေးစပ်ခဲ့တာပါ။ ရှစ်လေးလုံး လူထုအရေးတော်ပုံမှာ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားလူငယ်တွေ ကျောင်းခေါ်ချိန်မှာ ပြန်မထူးနိုင်ကြတော့ဘူး။ ဒီအခါမှာ ရင်နင့်အောင်ခံစားရတဲ့ ကျောင်းဆရာကိုယ်စား ခံစားပြီး ရေးစပ်ခဲ့တဲ့သီချင်းပါ။

အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ သီချင်းသီဆိုခွင့် မရှိပါဘူး။ သီချင်းဆိုရင် အာဏာပိုင်က ရိုက်ပါတယ်။ ထောင်ပြောင်းခံရပါတယ်။ ဒီကြားထဲကပဲ နိုင်ငံရေးသမားတွေ သူတို့ခံစားရတဲ့ ခံစားချက်တွေကို အနုပညာနဲ့ ဖော်ထုတ်ခဲ့ကြပါတယ်။ သီချင်းဆိုတဲ့အခါမှာ ဂီတသံအဖြစ်ဖန်တီးဖို့ ထောင်ဝင်စာလာတွေ့တဲ့ ဟင်းထုပ်ပလပ်စတစ်ကို ကော်ဇလုံမှာ သားရေပင်နဲ့ချည်ပြီး ပတ်လိုက်ပါတယ်။

အကျဉ်းထောင်ထဲမှာ သီဆိုတဲ့အတိုင်း ရှစ်လေးလုံးအခန်းအနားမှာ သရက်ထောင်က လွတ်မြောက်ခဲ့တဲ့ ကိုအောင်ဇော်ရှား၊ သာယာဝတီအကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ ကိုစိုးမြင့်အောင်တို့က သီဆိုပေးခဲ့ကြပါတယ်။

သီချင်းထဲကအတိုင်း ရှစ်လေးလုံးအရေးတော်ပုံမှာ ကျောင်းသားတွေ၊ ပြည်သူတွေကို ဒီမိုကရေစီဆိုတဲ့ ကမ်းဘက်ကို သယ်ဆောင်ပေးဖို့ ခန္ဓာကိုယ်တွေ တံတားထိုးပေးခဲ့ကြတာပါ။

ဒုက္ခသည်စခန်းထဲမှာ ရွာနေတဲ့မိုးက ရှစ်လေးလုံး အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေအတွက် ဂုဏ်ပြုကြေကွဲလို့ ရွာလိုက်တဲ့ မိုးပါ။

ဘယ်လိုမှ ..... မစဲတော့ပါဘူး။

No comments: