Tuesday, August 25, 2009

နိုင်ငံရေးအရ ဆွေးနွေးရန် နည်းလမ်းမရှိတော့ စစ်ရှိန်တိုးမြှင့်ရမည်ဟု (မဒတ)ဥက္ကဌက ပြော

ဗထူး

နအဖ စစ်အစိုး ရအနေဖြင့် ယခု လက်ရှိတွင် တိုင်းရင်းသား လူမျိုးများ၏ တောင်းဆို ချက်များကို လက်နက်အား ကိုးဖြင့် ဖြေရှင်းမည့်ပုံစံပေါ်နေပြီး ယင်းကိစ္စအား ထပ် လောင်းအတည်ပြုလာပါက စစ်ရှိန်တိုးမြှင့်ရလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ) ဥက္ကဌ စောဒေးဗစ်တာကပေါက ယနေ့ ပြောဆိုလိုက်သည်။

သုံးရက်ကြာကျင်းပခဲ့သည့် (မဒတ) သတ္တမအကြိမ် ညီလာခံသက်တမ်း၏ ဒုတိယအကြိမ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အ ဝေး ကျင်းပပြီးစီးခဲ့ပြီးနောက် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယခုလ (၂၁) ရက်မှ (၂၃) ရက်နေ့ထိ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပခဲ့သည့် အဆိုပါ (မဒတ)အစည်းအဝေးသို့ လက်ရှိ အဖွဲ့ ဝင် ၈ ဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ၁၃ ဦး တက်ရောက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ညီလာခံအပြီး ကြေညာချက်တစောင် ထုတ်ပြန်ရာတွင် စစ်အာဏာရှင် ဖက်ဆစ်စစ်တပ်အနေဖြင့် နိုင်ငံတော်အာဏာကို တချိန်ချိန်တွင် လုံးဝ လက်လွတ်သွားစေရန် ပြည်သူလူထုများ၏ လွတ်မြောက်မှု၊ တိုင်းရင်းသားများ၏ လွတ်မြောက်ရေးတိုက်ပွဲများနှင့်အတူ (မဒတ) တပ်ပေါင်းစု၏ လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲများကို အရှိန်အဟုန်မြှင့် ဖော်ဆောင်သွားမည်ဟု ဖော်ပြထားသည်။


“နိုင်ငံရေးအရ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရမလားဆိုပြီး စောင့်ကြည့်လာတာပေါ့၊ ရှေ့ကိုလည်း စောင့်ကြည့်အုံးမှာပဲ၊ တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကျနော်တို့က တံခါးဖွင့်ထားတယ်၊ အများသဘောထားအရ ဒါ မဖြစ်နိုင်၊ မရနိုင်ဖို့က များတယ်ပေါ့ဗျာ၊ နအဖကတော့ လက်နက်အားကိုနဲ့ လုပ်မယ်ဆိုတဲ့ ပုံစံပေါ်နေတယ်၊ ဆက်ပြီးတော့ ထပ်လောင်းပြီး အတည်ပြုလာတယ်ဆိုရင်တော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ နည်းလမ်းမရှိတော့ဘူးလို့ ကျနော်တို့ အဲ့လိုပဲသုံးသပ်တယ်၊ သုံးသပ်တဲ့အခါကျတော့ ကျနော်တို့နယ်မြေထဲက နအဖတပ်တွေကို မောင်းထုတ်ဖို့ စစ်ရှိန်တိုးရမှာပေါ့” ဟု ဥက္ကဌဖြစ်သူ စောဒေးဗစ်တာကပေါက ပြောသည်။

ယခုလက်ရှိ အပစ်ခတ်ရပ်စဲထားသည့် (မဒတ)အဖွဲ့ဝင်အချို့ကိုလည်း နအဖစစ်အစိုးရမှ ပါတီထောင်၍ ရွေးကောက်ပွဲဝင်ရန်၊ လက်နက်အပ်ရန်နှင့် နယ်ခြားစောင့်တပ်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် စသည့် ကြိုးကိုင်မှုများကို ပြုလုပ်လာနေခြင်းကို လက်မခံသည့် အဖွဲ့အစည်းများနှင့် (မဒတ)၏ ရပ်တည်ချက်နှင့် ကိုက်ညီသဖြင့် နိုင်ငံရေးအရ အားပေးထောက်ခံပြီး ယင်းအဖွဲ့အစည်းများ လက်နက်ကိုင်တိုက်ပွဲ ပြန်လည်ဆင်နွှဲလာပါက ၎င်းတို့အနေဖြင့်လည်း စစ်ရေးတိုက်ပွဲ အရှိန်မြှင့်တင်ရမည်ဟု သူက ဆက်လက်ပြောဆိုသွားခဲ့သည်။

နအဖစစ်အစိုးရအနေဖြင့် လမ်းပြမြေပုံ ရှေ့မတိုးနိုင်ခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခက်အခဲရှိနေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား မတရား ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏ ဖိအား ပိုမိုပြင်းထန်လာခြင်းနှင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ သံဃာနှင့် ပြည်သူတို့၏ အစဉ်အလာတိုက်ပွဲဝင်ကာလနှင့် နီးကပ်လာသဖြင့် အပစ်ခတ်မရပ်စဲသေးသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ နယ်မြေများသို့ အပြင်းအထန် ထိုးစစ်ဆင်လာနိုင်သည်ဟု ထုတ်ပြန်ကြေညာတွင် သတိပေးထားသည်။

ယခုအစည်းအဝေးမှ အပစ်ခတ်ရပ်စဲရေးအဖွဲ့များ အပစ်ရပ်အစီအစဉ် ပျက်ပြားသွားပါက အသင့်ပြင်ဆင်ထားရန်နှင့် (မဒတ)၏ စစ်ရေးရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့သည်ဟု အထွေထွေအတွင်းရေးမှူးဖြစ်သူ မိုင်ဘုန်းကျော်က ပြောသည်။

သူက “အဓိကက နအဖအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို သွားတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ရချင်တယ်၊ ဒါပေမဲ့ တိုင်းရင်းသားတွေက ထောက်ခံမှုမရှိတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ အကုန်လုံးကို သူ့ရဲ့အောက်မှာ ရှိစေချင်တယ်၊ နယ်ခြားစောင့်တပ်ကို ကြိုးစားပြီးလုပ်တယ်၊ အဲ့ဒီမှာ လက်မခံနိုင်ဘူး၊ တိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်က အမျိုးသားရေးအပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်လာတဲ့အချိန်မှာ နအဖအနေနဲ့ အပစ်ခတ်ရပ်စဲရေး ပျက်မဲ့ နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ အဲ့လို သုံးသပ်ပါတယ်” ဟု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)အား ဘဝတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ၁၉၇၆ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မူလက အဖွဲ့ဝင် ၁၃ ဖွဲ့ ပါဝင်သည်။

No comments: