Monday, August 24, 2009

ဤခရီး မနီးသေး

အာကာ

အရပ်လေးမျက်နှာ ရှုလိုက်တိုင်း တောင်နံရံတံတိုင်းများဖြင့် ကာရံထား သည့် ရွာကလေး၊ ပျဉ်းမပင်များ ပေါက်ရောက်ရာချိုင့်ဝှမ်းဖြစ်၍ မွန်ဘာသာ အားဖြင့် “ခလောက်ခနီ” ဟု အမည်တွင်သည့် ဒုက္ခသည်ရွာ။ မွန်ပြည် သစ် ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်မရပ်စဲမီကာလကပင် စစ်ပြေးဒုက္ခ သည်များအတွက် ထိုင်းမြန်မာ နယ်စပ်တစ်နေရာ၌ တည်ထားသည့် အိမ်ခြေ (၃၀၀) ခန့်ရှိသည့် စစ်ပြေးဒုက္ခသည်စခန်း။

“ထိုင်းနိုင်ငံ’’ ဟု အင်္ဂလိပ်၊ ထိုင်း နှစ်ဘာသာဖြင့် ရေးထိုးပြီး နယ်စည်းခြား ကာ စိုက်ထူထားသော သစ်သားဆိုင်းဘုတ်ကို ကျောခိုင်းပြီး…..။

ထိုမှ ကျနော်တို့ ခရီးစခဲ့သည်။ အချိန်က ညနေ (၂) နာရီခန့်။ ရာသီက မိုးရာသီ။ အိမ်ခြေ (၃၀၀) ခန့်သာ ရှိသော်လည်း ရွာ၏ဖွဲ့စည်းပုံမှာ ရွာတန်း ရှည်ဖြစ်ပြီး လမ်းဘေးဝဲယာ တဖက်တချက်တွင်သာ အိမ်ခြေရှိသော ကြောင့် ရွာတဖက်စွန်နှင့် တဖက်စွန် အတော်ပင် အလှမ်းဝေးသည်။

ရွာစွန်သို့ ရောက်ချိန်၌ (၂) နာရီခွဲသာသာရှိပြီ။ ထိုင်းနယ်ခြားစောင့်တပ်နှင့် နားလည်းမှုယူပြီး ၄င်းရွာစွန်၌ ရပ်နားထားသော မျှစ်ဝယ်ကားတစ်စီးကို လည်း တွေ့ရသည်။ ပုံမှန်အားဖြင့် တစ်ပတ်အတွင်း တနင်္လာ၊ သောကြာ (၂) ရက်သာ ထိုင်းနိုင်ငံအတွင်းမှလာသော ကုန်စုံဈေးကားများ ဤခ လောက်ခနီကျေးရွာသို့ လာရောက်ရောင်းချခွင့်ရှိသော်လည်း ၄င်းမျှစ် အဝယ်ကားမှာ နေ့စဉ်ဖြတ်သန်းသွားလာခွင့် ရှိသည်။

တခုတော့ရှိသည်။ ယခင်က နယ်စည်းခြားမျဉ်းမှာ ခလောက်ခနီကျေးရွာ နှင့် အတော်ပင် အလှမ်းဝေးသည်။ (၁) မိုင်ခန့် ရှိမည်။ ယခုတော့ ခ လောက်ခနီရွာမှာ နယ်စည်းခြားမျဉ်းပေါ် မေးတင်ထားရပြီ။ ထိုင်းဘက်ကမ်း မှ လက်နက်ကိုင် နယ်ခြားစောင့်တပ် ရှိသော်လည်း မိမိတို့ဘက်မှ နယ်ခြား စောင့်တပ်မရှိ။ ထို့ကြောင့်လည်း…..။

× × ×

မျှစ်ဝယ်သူနှင့် မျှစ်ရောင်းသူများ ယခုလိုရာသီ ညနေချိန်၌ ဤရွာစွန်တွင် စည်ကားလေ့ရှိသည်။ မုန့်ပဲသွားရည်စာဆိုင်များ၊ တောအရက် ဘုရား သုံးဆူမှလာသော မြို့ချက်အရက်ဖြူနှင့် ထိုင်းစပါးနှံ အရက်ဖြူဆိုင်များ၊ ထိုင်းနိုင်ငံအတွင်းမှ လာရောက်ရောင်းချသည့် သားငါးများကို ရေခဲ သေတ္တာပုံးအတွင်း သိပ်ထားပြီး မျှစ်ရောင်းသူများအား ပြန်လည် ရောင်း ချသည့် ငါးစိမ်းဆိုင်များ…………။ ဤနေရာ၌ ကျနော်တို့ ခေတ္တရပ်နားကြသည်။

ကျနော်တို့သွားလိုရာခရီးသို့ကား ယနေ့တွင် ရောက်နိုင်မည်မဟုတ်။ ခရီး တထောက်ရပ်နားရာ၌ ချက်ပြုတ်စားသောက်ရန်အတွက် စားစရာများ ဝယ်ရမည်။ ငါး …ဆီ စသည်….။

ငါးတစ်ကီလို ထိုင်းဘတ် (၄၅) ဘတ်။ မျှစ်တစ်ကီလို (၂) ဘတ်ခွဲ၊ မျှစ် ကောင်း (၃) ဘတ်။ တောကြီးမြက်မည်းလျှိုပြောင် ချိုင့်များအတွင်း မျှစ်ချိုး၊ မျှစ်သင်၊ သင်ပြီးသည့်မျှစ်များကို မြွေခွံအိတ်ဖြင့် သိုင်းထမ်း၊ တောင်တက် လျှိုဆင်း မျှစ်အဝယ်ဒိုင်သို့ ရောက်ရန် (၃) နာရီခန့် လျှောက်။ ခရီးက မနီး။ မျှစ်ကောင်းမှ တစ်ကီလို (၃) ဘတ်။ မျှစ် (၁၅) ကီလို ရောင်းမှ ငါးတစ်ကီ လို ဝယ်စားနိုင်သည့် မျှစ်ရှာသူများ၏ဘဝ။

“အဖေ ကျနော်ဒီနေ့ ကီလို (၆၀) တောင် ထမ်းလာတယ်။ ခါတိုင်းဆို (၄၀ -၅၀) လောက်ပဲ ထမ်းတယ်။ ဗိုက်ကလည်း အရမ်းဆာတယ်။ ကျနော် ဒီနေ့ မုန့်ဝယ်စားလိုက်တာ (၃၀) တောင် ကုန်သွားတယ်”

“အေးပေါ့ကွာ။ ဒီလိုပဲ လုပ်ရမှာပေါ့။ သိပ်ပင်ပင်ပန်းပန်းကြီးလည်း မထမ်း နဲ့ကွာ။ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေါ့။ တော်ကြာနေမကောင်းဖြစ်ရင် အားလုံးဒုက္ခရောက်ကုန်မယ်” မျှစ်အဝယ်ဒိုင်တွင် တွေ့ခဲ့ရသည့် အသက် (၂၅) နှစ်ခန့် သားမက်နှင့် ကျနော်တို့အဖွဲ့မှ အသက် (၆၀) ကျော် ယောက္ခမတို့ အပြန်အလှန် ပြောနေကြသည် ကြားမိသည်။

သားမက်မှာ ၄င်း၏ဇနီး မီးဖွားရန် ရက်ပိုင်းသာ လိုတော့သည်။ ကိုယ်ကျင့် တရား ကောင်းသည်။ ရိုးသားသည်။ အလုပ်ကြိုးစားသည်။ ချွေတာစု ဆောင်းသည်။ သို့သော် ၄င်း၏ဆာလောင်မွတ်သိပ်မှုကို ထိန်း ချူပ်နိုင် စွမ်းမရှိ၍ မျှစ် (၁၀) ကီလိုနှင့် ညီမျှသောငွေကို မဖြစ်မနေ သုံးလိုက်ရပြီ။

၎င်းက မျှစ်အဝယ်ဒိုင်မှ ၄င်း၏တဲရှိရာ တဲသုံးလုံးစုသို့ ပြန်မည်။ ကျနော် တို့ခရီးကလည်း ထိုလမ်းခရီးတွင်ပင်။ ယနေ့ညတွင် ကျွန်ုပ်တို့သုံးဦး ၄င်း ၏တဲ၌ နားခိုရန် ဆုံးဖြတ်ကြသည်။ မိုးအုံ့၍ နေကမသာ။ တဲသို့ ရောက် ရန်ကား မနီး။ ဆက်ရန်ခရီးကား - လျှိုမြောင်ချိုင့်နှင့်………။

× × ×

မျှစ်အဝယ်ဒိုင် တောင်ထိပ်မှ ကျနော်တို့လေးဦး ဆင်းခဲ့ကြသည်။ မျှစ်အ ထမ်းအရွက်ကိုယ်စီနှင့် မျှစ်အဝယ်ဒိုင် တောင်ထိပ်သို့ တက်လာကြသည့် လူငယ် လူကြီးနှင့် အဖေအို အမေအိုများကို မြင်ရသည်။

“သားမှားပြီ၊ မှားပြီမေမေရဲ့။ အချစ်ဇောတွေကြွယ်။ အချစ်ရေးကို ဦးစား ပေးမိတယ်…….”
သီချင်း ကို သံနေသံထားမှန်မှန်ဖြင့် ဟစ်ဆိုနေသည့် အသက် (၆၀) ဝန်း ကျင် ကရင်အဖေအိုတစ်ဦး။ ခရီးကား တောင်အတက်။ ကျောတွင်ကား မျှစ်ကိုပိုး၊ လူက ဇရာအို။

ကျနော်တို့အဖွဲ့မှ အသက် (၆၀) ကျော် ဦလေးကြီးက “ငယ်ချင်း ဒီနေ့ အ ဆင်ပြေလားဟေ့” ဟု ၄င်းကို မေးသည်။ “မှားပြီး၊ မှားပြီး၊ ခုတော့ သား ကျွန် မယားကျွန် ဖြစ်ပြီ။ ချစ်ခဲ့မိလို့ အချစ်ကျွန် ဖြစ်နေပြီ” ဟု လေသံ ကျယ်ကျယ်ဖြင့် ပြန်ဖြေသည်။

ဘယ်ခံစားချက်ဖြင့် ဘာကိုဆိုလိုမှန်း ကျနော်မသိ။ ကျနော်တွေးမိသည်။ ဤအရပ် ဤဒေသသို့ ၄င်းတို့ရောက်လာခဲ့ရပုံကို ၄င်းတို့ မေ့လောက်ပြီ ထင်သည်။ စစ်ဘေး စစ်ဒဏ်မှ ရှောင်တိမ်းရင်း ဤအရပ်သို့ ရောက်လာခဲ့ သည်မှာ ဆယ်ခုနှစ် (၂) ခုမျှသာ ကြာညောင်းခဲ့ပေလိမ့်မည်။ သို့သော် စစ်၏ အနိဋ္ဌာရုံ မြင်ကွင်းကိုကား ၄င်းတို့နှတ်ဖျားမှပင် မတမ်းတချင်တော့။

အဖေအိုကား သူ့နှတ်ဖျားမှ ‘အချစ်ကျွန်’ ဟု သူ့ဘဝကို သူခံယူထား လိုက် ပေပြီ။ စစ်ဘေးကို ရှောင်ပြေးရင်း ‘စစ်ကျွန်’ ဖြစ်နေရသည်ကိုကား သူ မခံယူချင်တော့။
‘အချစ်ကျွန်’၊ …… ‘စစ်ကျွန်’

× × ×

ရွာ၏အလျှားအတိုင်း စီးဆင်းလာသည့် ချောင်းကို ဖြတ်လိုက်ကြသည်။ ချောင်းလွန်သည်နှင့် နံရံကဲ့သို့ မတ်စောက်သည့်တောင်က ကျနော်တို့ကို ဆီးကြိုနေပြီ။ မိုးရွာထားသဖြင့် တောင်တက်မြေသားလမ်းမှာ အလွန် ချောလှသည်။ ဤလမ်းမှပင် မျှစ်ရောင်းသူများ ဆင်းခဲ့ကြသည်။ လမ်း ဟုသာ ပြောရသည်။ နှစ်ယောက်လျှောက်မရ။ မျှစ်ထမ်းသမားများ ဆင်း လာလျှင် ကျနော်တို့က ဘေးကပ်ပြီး ရှောင်ပေးရသည်။ မျှစ်ထမ်းသမား တို့၏ ဝမ်းစာရေးကား ရင်လေးစရာကောင်းလှ၏။

တောင်တက်တောင်ဆင်းနှင့် ညနေ (၆) နာရီခန့်တွင် ကျနော်တို့တည်း ခိုမည့် နေရာသို့ ရောက်ခဲ့ကြသည်။ တဲအိမ်ကလေး (၃) လုံးသာ ရှိသည်။ ရွာမဟုတ်။ ယာစောင့်တဲ အချင်းချင်း နီးနီးကပ်ကပ် ဆောက်ထားကြခြင်း သာ ဖြစ်သည်။ တဲရှင် မျှစ်ထမ်းသမားမှာလည်း ယာစောင့်တစ်ဦးပင်။

တဲဝင်းထဲသို့ ကျနော်တို့ ဝင်လိုက်ကြသည်။ အထုပ်အပိုးကို ချကြသည်။ ရွယ်တူဟု တင်မှတ်ရသည့် မျက်နှာချင်းဆိုင်တဲမှ သုံးနှစ်သားဝန်းကျင် ခလေးငယ်သုံးဦး ကျွန်ုပ်တို့တဲရှေ့သို့ ရောက်လာကြပြီး ကျနော်တို့ကို ငေးကြည့်နေကြသည်။ ခလောက်ခနီရွာလယ်မှ ဝယ်လာခဲ့သည့် မုန့်ကို တစ်ယောက် တစ်ခုစီ ဝေပေးလိုက်သည်။ ကျန်သည့်တဲမှ ကလေးငယ် တစ်ဦး ရောက်လာပြန်သည်။ နောက်တစ်ခု ဝေပေးလိုက်ပြန်သည်။ သူတို့၏ ဘဝကား သနားစရာကောင်းလှ၏။ သူတို့၏ အနာဂတ်ကား ရင်လေးစရာကောင်းလှ၏။

ရွယ်တူဟု ထင်မှတ်ရသည့် မျက်နှာချင်းဆိုင်တဲမှ ကလေးငယ်သုံးဦးမှာ ရှေ့ ဆင့်နောက်ဆင့် မွေးဖွားခဲ့သည့် မောင်နှမများ ဖြစ်ကြသည်။ မကြာမီ ရက် ပိုင်းကပင် ၄င်းတို့၏မိခင်မှ ကလေးငယ်တစ်ဦး ထပ်မံမွေးဖွားခဲ့ပြန်သည်။ ၄င်းအမျိုးသမီး ကလေးမမွေးဖွားမီနှင့် မွေးဖွားစဉ်ကာလက ကြုံတွေ့ ခဲ့ရသည့် အဖြစ်အပျက်ကို ကျနော်တို့တဲရှင်က ကျနော်တို့အား ပြန်ပြီး ပြောပြသည်။

ဝမ်းနည်းစရာလည်း ကောင်းသည်။ ကြေကွဲစရာလည်း ကောင်းသည်။ ထိန့်လန့်တုန်လှုပ်စရာလည်း ကောင်းသည်။ ခံပြင်းစရာလည်း ကောင်း သည်။ ရင်နင့်စရာလည်း ကောင်းသည်။ ကြားမိသူ ကျနော်တို့ပင် မျက်ရည်ဝဲခဲ့ရသည်။

× × ×

ခင်ပွန်းက နာတာရှည်ရောဂါသည်။ အလုပ်ကြမ်း မလုပ်နိုင်၊ အပင်ပမ်း မ ခံနိုင်။ ဇနီးက သားသမီး (၃) ယောက်နှင့် ကိုယ်ဝန်အရင့်အ မာလွယ်ထား သည့်မိခင်။ အသက်ကား (၃၀) ဝန်းကျင်။ ကိုယ်ပိုင်မြေယာမရှိ။ ရာဘာ ယာစောင့်ခငွေက တစ်နှစ် ဘတ် (၈၀၀၀)။ ဝင်ငွေက မလောက်ငှ၊ ဇနီးက မီးဖွားရန် ရက်ပိုင်းအလို။ ခင်ပွန်းက ဓားတစ်လက် အိတ်တစ်လုံးနှင့် တော ထဲဝင်ပြီး မျှစ်ချိုးသည်။ အလေး မသယ်နိုင်။ ကီလို (၃၀) ခန့်သာ ရသည်။ မျှစ်အဝယ်ဒိုင်ရောက်ရန်အတွက် တောင်တက် လျှိုဆင်းလမ်းကြမ်းကို နာရီပေါင်းများစွာ ထမ်းပိုးပြီး လျှောက်ရသည်။ ရသည့်ငွေက တစ်ရာ မပြည့်။

ညရောက်တော့ အဖျားတက်ပြီ။ ဤအချိန်မှစပြီး မျှစ်မရှာနိုင်တော့။ ဇနီး ကလည်း မီးဖွားရက် စေ့တော့မည်။ ဆေးဝါးမရှိ။ သားဖွားဆရာမ မရှိ၊ ဆေးဆရာ မရှိ။ အားကိုးစရာ အရှေ့တဲနှစ်လုံးကလည်း သူ့အခက်အခဲ နှင့်သူ။ နောက်ဆုံးတော့ ဖခင်ရှိရာ ခလောက်ခနီရွာ၌ မွေးဖွားရန် ဆုံးဖြတ် လိုက်သည်။ ကိုယ်ဝန်အရင့်အမာနှင့် ခလောက်ခနီရွာသို့ နေ့ဝက်ခန့် လျှောက်ရသည်။ မိခင်မရှိ။ မိထွေးနှင့် နေရသည်။ မိထွေးက ငြူစူ လာသည်။ သိမ်မကြာလိုက်။ တစ်ပတ်ပင်မခံ။ ပြန်ရပြန်ပြီ။

မျက်စိကိုမှိတ် အံကိုကြိတ်ရင်း အားတင်းကာ တဲသုံးလုံးရှိရာသို့ ပြန်လာခဲ့ သည်။ ဤမှာပင် မွေးဖွားရန် ဆုံးဖြတ်လိုက်သည်။ လာစဉ်က ပါလာသည့် အထုပ်ကလေးတစ်ထုပ်ကို ရွက်လာသည်။ ရွာလယ်မှ ဘလိတ်ဓားတစ် လက် ဝယ်လာသည်။ အားခဲလျောက်ရင်း တဲသုံးလုံးရှိရာသို့ ပြန်ရောက် လာသည်။

နောက်နှစ်ရက်သုံးရက် ည (၈) နာရီခန့်တွင် ကိုယ်လက်မအီမသာ ဖြစ် လာသည်။ ခင်ပွန်းက ကလေးငယ်များအား ကျန်တဲနှစ်လုံးမှ သူများကို အခေါ်လွှတ်လိုက်သည်။ မီးဖွားခြင်းကိစ္စဆိုသည်မှာ မိန်းကလေးများသာ ကျွမ်းကျင်ကြသည်။ ယောက်ျားများမှာ မီးဖို၊ ရေကြိုမျှသာ ကူညီပေးနိုင် သည်။ အခုတော့ မိန်းမသားများ မရှိကြ။ ကျနော်တို့ တည်းသည့်တဲမှာ တဲရှင်ယောက်ျားတစ်ယောက်သာ ရှိသည်။ သူ့အမျိုးသမီးမှာလည်း မီး ဖွားရန် ခလောက်ခနီရွာရှိ မိဘအိမ်ထံ ပြန်သွားပြီ။ ကျန်သည့်တဲ၌ အမျိုး သမီးတစ်ဦး ရှိသည်။ မီးဖွားသည့်ကိစ္စနှင့် ပတ်သက်ပြီး ဘာတစ်ခုမှ မလုပ်တတ်မကိုင်တတ်။
၎င်းအမျိုးသမီးက ချီတုံချတုံ ဖြစ်လျက် ကိုယ်ဝန်ဆောင်မိခင်ကလည်း အံကိုကြိတ်လျက်…….။
ကလေးငိုသံ ထွက်ပေါ်လာသည်။

မိခင်က ညာလက်တစ်ဖက်၌ ဘလိတ်ဓားကို ကိုင်သည်။ ကျန်လက်တစ် ဖက်က ကလေးအချင်း…….။ ကိုယ်တိုင်ဖြတ်သည်။ ပိုးမွှား သန့်စင်ထား သည့် ကတ်ကြေး မရှိ၊ ဘလိတ်ဓားမှ ကပ်ပါလာသည့် အန္တရာယ်ကိုလည်း မသိ။ သည့်နောက် ရေနွေးဖြင့် ခလေးကို ကိုယ်တိုင်ရေချိုးသည်။ သား သမီးအပေါ် ချစ်တတ်သည့် မိခင်၏ မေတ္တာ၊ သားသမီးအပေါ် ကြင်နာသ နားတတ်သည့် မိခင်၏ ကရုဏာ များကြောင့် သားသမီးအတွက် ခွန်အား တိုးလာသည်။ သတ္တိ ရှိလာသည်။

“ပုခက်လွှဲသောလက် အချင်းကိုဖြတ်ခဲ့ပြီ”
ခလေးကိုကား ဖွားမြင်ပြီးပြီ။ လတ်တလော ကလေးအတွက် မိခင်နို့ရှိသည်။ မိခင်အတွက်ကား ပါရာစီတမော တစ်လုံးတစ်လေမျှပင် မရှိ။

No comments: