Saturday, August 29, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၂)


(၇၉)
လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများအား ကျင်းပပေးမည်ဟူ၍ စစ်အုပ်စုက …. နှုတ်ဖျားမှ ဆိုနေဆဲ ...။ လက်တွေ့ဘဝတွင်မူ….။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် နဝတ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၅ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌`ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ’ ကို လိုက်နာကြရန် စတင်ပြီး ပြောဆိုခဲ့၏။

စလေပြီ….။
လွတ်လပ်စွာ ရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်များအား ထိမ်းချုပ်ရန်အတွက် စစ်အုပ်စုက ခြေပြင်နေလေပြီ။ စစ်အုပ်စုပြောသည့် ‘ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ’ ဟူသည်ကား …. ၁၉၆၂ ခုနှစ်တွင် …. ဗိုလ်နေဝင်း ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ …. လက်ရှိအခြေအနေ၌ သတင်းစာလွတ်လပ်ခွင့်ရှိရန် လိုသည်။ လွတ်လပ်စွာ ရေးသားပိုင်ခွင့်၊ ထုတ်ဝေနိုင်ခွင့်များ ရှိရမည်။ ဤအတွက်ပင် နဝတ အား NLD မှ သတင်းစာထုတ်ဝေပိုင်ခွင့်ကို တောင်း၏။ နဝတ ကမူ ခွင့်မပေး…..။ မတတ်နိုင်….။ NLD အနေနှင့် ပြော၊ ဆို၊ ရေးသား၊ ထုတ်ဝေသင့်သည်ကိုတော့ လွတ်လပ်စွာ ထုတ်ရမည်ပင်…..။

၁၉၈၉ ခုနှစ် နှစ်ကူးသင်္ကြန်အား NLD ရုံးချုပ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်း၌ မဏ္ဍပ်ထိုး၏။ သံချပ်ထိုးကြ၏။ သံချပ်အဖွဲ့များက …. မန္တလေး၊ စစ်ကိုင်းတိုင်းတို့မှလည်း လာကြ၏။ တက္ကသိုလ်ရိပ်သာလမ်း၌ သံချပ်ပြိုင်ပွဲအား ကျင်းပ၏။ သံချပ်ဟူသည်က …. ရိုးရာအစဉ်အဆက်၊ တိုင်းပြည်အတွင်း ဖြစ်ပျက်နေသည်တို့အား အပြုသဘောဖြင့် ပြုပြင်သင့်သည်တို့အား ပြုပြင်ကြရန် အနုပညာနှင့် လူထုအား လွတ်လပ်စွာ တင်ပြသည့် မြန်မာ့ရိုးရာအစဉ်အလာတရပ်….။ လွတ်လပ်စွာပင် …. သံချပ်များအား NLD ရုံးရှေ့မဏ္ဍပ်၌ ထိုးကြ၏။ လူထုက …… တက္ကသိုလ်ရိပ်သာလမ်း အပြည့်….။

သံချပ်အဖွဲ့တဖွဲ့က စင်ပေါ်သို့တက်လာပြီး …. သံချပ်အဖွဲ့ခေါင်းဆောင်က … ပရိသတ်ဘက်သို့လှည့်၍ လက်ညှိုးအား ကွေး၍ ….၊ ကွေး၍၊ ပြပြီး …. ပါးစပ်ကမူ ‘ဒါ .. သင့်မြို့တော်’ ဟူ၍ ပြော၏။ ပရိသတ်က …. သဘောပေါက်ပြီး လက်ခုပ်သံ တဖောင်းဖောင်း….။ လမ်းမထက်သွေးညှီနံ့ … မပျောက်သေးသည့် သင်္ကြန်သံချပ်များက အာဏာသိမ်း စစ်အုပ်စုအတွက်မူ …. မကြားဝံ့စရာများဖြစ်၍ နေလေသည်လား မပြောတတ်….။ သင်္ကြန်ပြီးသည်နှင့် သံချပ်အဖွဲ့များအား ဖမ်းတော့၏။ လွတ်လပ်မှုဟူသည်က …. ဘာလဲ။ ဘယ်လိုလဲ။ မေးစရာများနှင့်….။


(၈၀)
၁၉၈၉ ခုနှစ် ၊ ဧပြီလ ၂၄ ရက်…..။
မြန်မာပြည်မြောက်ပိုင်းခရီးအား ‘စ’ ၍ ထွက်သည်။ မန္တလေးအထိက … မော်တော်ယာဉ်များနှင့်….။ ဧပြီလ ၂၅ ရက်နေ့တွင် မန္တလေးမှ မြစ်ကြီးနားသို့ မီးရထားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်၍ထွက်ခွာကြသည်။

မန္တလေး …. မြစ်ကြီးနား ရထားခရီးကား….ရှည်၏။ လမ်းတွင် စစ်ကိုင်း၊ ရထောင်၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ ကန့်ဘလူ၊ ဝင်းသို၊ ကောလင်း၊ ကာဒူ၊ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းတို့အား တဘူတာပြီး တဘူတာ ဖြတ်ခဲ့ရ၏။ ဘူတာတခုသို့ရောက်တိုင်း လူထုက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြ၏။ နှုတ်ဆက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်မှလည်း ရသမျှ အချိန်လေးအတွင်း လူထုအား နှုတ်ဆက်စကားဆို၏။

ဧပြီလ ၂၆ ရက်နေ့တွင်မှ မြစ်ကြီးနားသို့ ရောက်၏။ မြစ်ကြီးနားသို့ ရထားဆိုက်သည့် အချိန်ကား …. မွန်းလွဲ၍ပင် နေပြီ။ မြစ်ကြီးနားအဖွဲ့ချုပ်ရုံးသို့ ခေတ္တဝင်ရောက်ပြီး အဖွဲ့ဝင်ထုနှင့် တွေ့၏။ မြစ်ကြီးနားလူထုနှင့် တွေ့၏။

“ကျမတို့ကို အခုလို လာရောက်ကြိုဆိုတဲ့ ပြည်သူလူထုကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ ကျမ မြစ်ကြီးနားကို ဒုတိယအကြိမ်ရောက်ခြင်း ဖြစ်ပါတယ်။ ပထမအကြိမ် မေမေနဲ့ ငယ်ငယ်တုန်းက ရောက်ဖူးပါတယ်။ ဒါပေမဲ့ မြစ်ကြီးနားမရောက်ခင် ကျမ ငယ်ငယ်ကတည်းက အိမ်က ထမင်းစားခန်းထဲမှာ ဖေဖေ ကချင်ဝတ်စုံနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို အမြဲပဲ မြင်နေရပါတယ်။ ဒါကြောင့်မို့လို့ ကချင်အမျိုးသားများဟာ ကျမတို့ရဲ့ ညီအရင်းအကိုများလို့ ငယ်ငယ်ကတည်းကပဲ စိတ်ထဲမှာ ထားခဲ့ပါတယ်”



(၈၁)
မြစ်ကြီးနားရှိ ‘အံတော်ရှင်’ ဘုရားက မြစ်ကြီးနားဘူတာအနီးတွင်ပင် ရှိ၏။ ဧပြီလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့ အံတော်ရှင် စေတီဆီသို့ သွားရောက်၍ ပူဇော်ကြ၏။ အံတော်ရှင် စေတီရင်ပြင်၌က …. မြစ်ကြီးနားလူထုသည် ပြည့်ပြည့်သိပ်သိပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အား စောင့်၍ ကြိုဆိုနေကြ၏။ ဒေါ်အောင်ဆန်းစုကြည်က …. အံတော်ရှင်စေတီအား ဝတ်ပြုပြီး …. လူထုအား နှုတ်ဆက်မိန့်ခွန်းပြော၏။ ဗိုလ်ချုပ်ကျော်ဘက …. ဗိုလ်ချုပ်မြင့်အောင်ကဲ့သို့ပင် နှောင့်ယှက်ချင်သော်လည်း အခြေအနေအရ မနှောင့်ယှက်ဝံ့ …..။ နဝတ ကလည်း ထိုသူတို့အား ပြင်းပြင်းထန်ထန် သတိပေးထားဟန်တူ၏။ သတိပေးထားသည်က ….. ‘ရွာလူမိုက်ဟန်’ နှင့် မလုပ်ရန်ဟူ၍ ဖြစ်လိမ့်မည်။

အံတော်ရှင်ရင်ပြင်၌ ဒေါ်အောင်ဆန်းစုကြည်က လူထုအား ပဏာမစကား ပြော၏။

“အခု ကချင်ပြည်နယ်ဘက်ကို လာတဲ့အခါမှာ စောစောက ဒေါ်ကြူကြူသန်း ပြောသွားတဲ့အတိုင်းပဲ ပြည်သူလူထုဟာ နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါဝင်ဖို့ ကြောက်နေတယ်ဆိုတာတော့ ကျမတို့ အများကြီး ကြားရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကချင်ပြည်နယ်တခုလုံးမှာ မဟုတ်ပါဘူး။ တချို့ဒေသတွေမှာ အင်မတန်မှ သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့၊ တက်တက်ကြွကြွနဲ့ လုပ်နေတာကို ကျမတို့ တွေ့ရပါတယ်။ အဲ့ဒီလို သတ္တိရှိရှိနဲ့ လုပ်တဲ့နေရာတွေမှာ လူထုဟာ အခွင့်အရေး ပိုပြီးတော့ ရပါတယ်။ ကျမတို့ စည်းရုံးရေးခရီးထွက်ရင် ဘယ်လိုတွေ့ရသလဲဆိုတော့ ပြည်သူလူထုဟာ သတ္တိရှိရှိနဲ့ လုပ်မယ်ဆိုလို့ရှိရင် လုပ်မယ့်အတိုင်းအတာထိ ကြောက်သလိုပဲ ပိုပြီးတော့ ဖိကြတယ်။ ကြောက်သလိုပဲ ပိုပြီးတော့ ဖိတဲ့အခါကျတော့ အခွင့်အရေးတွေဟာ ပိုပြီးတော့ နည်းပါးသွားကြတယ်။ ဒါကြောင့် ဒီမိုကရေစီလိုချင်တယ်ဆိုလို့ရှိရင် သတ္တိရှိဖို့လိုတယ်ဆိုတာ ဒါကို ပြောတာပဲ”

“အခု ပရိသတ်ထဲက မေးစရာရှိရင် မေးပါ။ စောစောက ဒေါ်ကြူကြူသန်း ပြောသလိုပဲ သတ္တိရှိရှိ မေးပါ။ မမေးရဲဘူး၊ မမေးဝံ့ဘူးဆိုတာတွေ မရှိကြပါနဲ့။ မေးတာဟာ ဒီမိုကရေစီအခွင့်အရေးလည်း ဖြစ်ပါတယ်။ တာဝန်လည်း ဖြစ်တယ်။ ဒီလိုမေးရဲမှ ပြည်သူလူထုက နောင်ကျလို့ရှိရင် တက်တဲ့အစိုးရတွေကို ထိန်းသွားနိုင်မှာပဲ။ လူကြီးပြောတိုင်း နားထောင်၊ ခေါင်းညိတ်မယ်ဆိုရင် မဆလစနစ်အတိုင်း ပြန်ဖြစ်မှာပဲ။ အဲ့ဒီတော့ မေးစရာရှိတာ မကျေနပ်တာ၊ စိတ်ထဲမှာ မရှင်းတာတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့နဲ့ မေးကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်”

ဒေါ်အောင်ဆန်းစုကြည်၏ နှုက်ဆက်မိန့်ခွန်းစကား ဆုံးသည်နှင့် လူထုထဲမှ တဦးက ထ၍ မေး၏ .. “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရည်ရွယ်ပါသလား”

“တရားမျှတပြီးတော့ ဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတွေ ကျမတို့ ဖန်တီးရအုံးမယ်။ ဒီအခြေအနေတွေက ဘာလဲဆိုတော့ ပြည်သူလူထုဟာ လွတ်လွတ်လပ်လပ်နဲ့ ပြောဆိုပိုင်ခွင့်ရှိရမယ်။ လွတ်လွတ်လပ်လပ်နဲ့ စည်းရုံးပိုင်ခွင့် ရှိရမယ်။ လွတ်လွတ်လပ်လပ်နဲ့ ရေးသားပိုင်ခွင့် ရှိရမယ်။ မှန်ကန်တဲ့ သတင်းဖြန့်ချိပိုင်ခွင့် ရှိရမယ်။ ဒီလိုအခွင့်အရေးတွေရှိမှသာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်မယ်ဆိုတာ ယုံကြည်နိုင်မှာပဲ။ အဲဒီအချိန်ကျမှပဲ ရွေးကောက်ပွဲတွေ ဝင်မလား၊ မဝင်မလားဆိုတာ ကျမတို့ ဆုံးဖြတ်ရမယ်။ နောက်တခုရှိတဲ့ အကြောင်းကတော့ ရွေးကောက်ပွဲစည်းမျဉ်းတွေပဲ။ ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေအရလည်း မှန်ကန်ရမယ်။ မူကြမ်းဆိုပြီး ထုတ်ထားတဲ့ စည်းမျဉ်းဥပဒေဟာ ယေဘုယျအားဖြင့်ဆိုရင်တော့ ကျမတို့ လက်ခံနိုင်တဲ့ စည်းမျဉ်းဥပဒေဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကိစ္စလေးတွေကတော့ ပြောင်းလဲဖို့ လိုတယ်ဆိုပြီးတော့ ကျမတို့ တင်ပြထားပါတယ်။ ဒီတော့အခြေအနေကလည်း မှန်ကန်ရမယ်။ စည်းမျဉ်းဥပဒေတွေကလည်း မှန်ကန်ရမယ်။ ဒီလို မှန်ကန်မှုရှိတယ်ဆိုရင်တော့ ကျမတို့အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကို ဝင်မှာဖြစ်ပါတယ်။”

အံတော်ရှင် ရင်ပြင်အတွင်း၌ မြစ်ကြီးနားလူထုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဆွေးနွေးပွဲက ပထမတွင် ရွံ့ရွံ့နှင့်စခဲ့ပြီး နောက်ပိုင်းတွင်မူ အားလုံးက ရဲရဲတင်းတင်းပင် ပြောဆိုဆွေးနွေး၍ လာကြသည်။ အမေအိုကြီးများကလည်း မေးကြ၏။

“နယ်စပ်ရောက်နေတဲ့ လူငယ်တွေအပေါ် ဘယ်လိုသဘောထားပါလဲ”
“ကျမတို့အဖွဲ့ချုပ်ရဲ့ သဘောထားကို ကြေညာထားပြီးသားပါ။ ကျမတို့ ပြောပါတယ်။ ကျောင်းသားလူငယ်တွေ နယ်စပ်ရောက်သွားတာဟာ ၁၉၈၈ ခုနှစ်အတွင်းက အရေးအခင်းတွေကို အင်မတန်မှ ယုတ်ယုတ်မာမာ၊ ရက်ရက်စက်စက် လုပ်လိုက်လို့ပဲ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျောင်းသားလူငယ်များ နယ်ခြားရောက်သွားရတာဟာ မဆလစနစ်ရဲ့၊ အာဏာရှင်စနစ်ရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျောင်းသားလူငယ်တွေကို ဘယ်တော့မှ မပစ်ပယ်ဘူးဆိုတာကို ကျမတို့ ပြောထားပြီးသားပါ။ ဒီကျောင်းသားလူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့ ရင်သွေးတွေ ဖြစ်ပါတယ်။ ကျမတို့နိုင်ငံရဲ့ ရင်သွေးတွေကို ကျမတို့အဖွဲ့ချုပ်က ဘယ်တော့မှ မပစ်ပယ်ပါဘူး။ ကျမတို့ဟာ တရားဝင်လမ်းကြောင်းကနေ လှုပ်ရှားနေပေမယ့်လည်း ဒီကျောင်းသားလူငယ်များဟာ မိမိတို့ခံယူချက်၊ ယုံကြည်ချက်အရ မိမိတို့နည်းနဲ့ မိမိတို့ဟန် လှုပ်ရှားနေတာ ကျမတို့နဲ့ ဒီမိုကရေစီရဲဘော်ချင်း အတူတူချင်းပဲ ဆိုပြီးတော့ ဘယ်တော့မှ မပစ်ပယ်ဘူးဆိုတာ ပြောထားပြီးသား ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေစကားများအပေါ်၌ လူထုသည် “ရှင်းလင်း” ကျေနပ်နှစ်သက်ကြသည့်ဟန်က အထင်းသား….။ အားလုံးက ပြုံးပြုံးရွှင်ရွှင်….။ ရှမ်းလူမျိုးတဦးက ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်းတခု ထုတ်၏။

“လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပါ့မလာဆိုပြီးမှ စိတ်ထဲမှာ သံသယအမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကယ်လို့ ကျနော်တို့ ဒီမိုကရေစီအရေး အောင်မြင်သွားတဲ့အခါကျရင် တောင်ပေါ်တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့လား၊ ဒါမှမဟုတ် အဖွဲ့အစည်းတခုအနေနဲ့ လုပ်မလား ဆိုတာကို သံသယဖြစ်နေတဲ့ ကျနော်တို့ ပြည်သူလူထုကို နည်းနည်း ရှင်းပြပေးစေလိုပါတယ်”

“တိုင်းရင်းသား လူမျိုးတွေနဲ့ ပတ်သက်လို့ ကျမတို့ ကြေညာချက် ‘၉’ ဆိုတာ ထုတ်ထားပါတယ်။ အဲ့ဒီထဲမှာ တော်တော်ပဲ ကျမတို့ အသေးစိတ် ပြောထားပါတယ်။ ဒီမိုကရေစီအစိုးရတခု တက်လာတဲ့အခါကျရင် ကျမတို့ ပင်လုံလို ညီလာခံကြီး ထပ်ပြီးတော့ ခေါ်ရမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဒီလို ပင်လုံကဲ့သို့သော ညီလာခံကြီး ထပ်ပြီးတော့ ခေါ်ပြီးတော့ ကျမတို့ ပြည်ထောင်စုသစ်ကို ဘယ်ပုံဘယ်နည်းနဲ့ ထူထောင်မယ်ဆိုတာ ကျမတို့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ ဆွေးနွေးပြီးတော့ ကျမတို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ မွေးရာပါ အခွင့်အရေးများနဲ့လည်း လျော်ညီရမယ်၊ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးနဲ့လည်း လျော်ညီရမယ်။ ဒီနှစ်ခုအပေါ်မှာ မူတည်ပြီးတော့ ပြည်နယ်များကို တတ်နိုင်သမျှ ကိုယ်ပိုင်ပြဋ္ဌာန်းမှုကို ဖော်ထုတ်ပေးမယ်ဆိုတာလည်း ကျမတို့ မူဝါဒထဲမှာ ဖော်ထားပြီးသား ဖြစ်ပါတယ်။ ဒီတော့ ကျမတို့ အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်ဟာ ပထမအရေးကြီးဆုံးက ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးပဲ။ ပြည်ထောင်စုတခုလုံး တည်တံ့ခိုင်မြဲဘို့ ဆိုတာဟာ တိုင်းရင်းသား လူမျိုးစုများရဲ့ စိတ်ကျေနပ်မှု ရှိရမယ်။ ဒီတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ စိတ်ကျေနပ်မှုကို ရှာပြီးတော့ ဒီပြည်ထောင်စုကို ထူထောင်မယ်။ ဒီလိုထူထောင်ဖို့အတွက် အခြေခံ စည်းမျဉ်းဥပဒေ အသစ်လည်း ရေးဆွဲရမယ်။ ဒါတွေလုပ်တဲ့အခါမှာလည်း တိုင်းရင်းသား လူမျိုးများနဲ့ တိုင်ပင်ပြီးတော့ လုပ်ရမယ်ဆိုတာ ကျမတို့ ယုံကြည်ပြီးသားပါ”

မြစ်ကြီးနားရှိ အံတော်ရှင် စေတီရင်ပြင် လူထုအစည်းအဝေးက နေညိုမှပင် ပြီးဆုံးခဲ့၏။

No comments: